အိမ်လာလည်ကြတဲ့ သူငယ်ချင်းတွေက ပြောတယ။် ကဗျာတွေချည်းပါလားတဲ့ ။ အဟီး ဟုတ်တော့ဟုတ်တယ် ။ သယ်ရင်းတွေ စာဖတ်ဖို့ အချိန်မရမှာစိုးလို့ပါ ။ ကဗျာဆိုတော့ ခံစားရတာ အိုကေမလားလို့လေ ။ အသဲက ခပ်ကွဲကွဲဆိုတော့ အလွမ်းမုန်တိုင်းထဲ ရောက်သွားတာ ။ အဲဒါပါ တစ်ခြားတော့ ဟုတ်ပါဝူး ။ အင်း စာရေးမယ် ။ အဲ စာရေးရမယ်ဆိုတော့ ကာ ...စဉ်းစားလိုက်မယ် ။ ဟုတ်ပြီ ပြောပြမယ်နော် ကိုယ်တွေ့ ကိုယ်တွေ့ ။ ငယ်ငယ်တုန်းက အဖြစ်အပျက်လေးပါ ။ သမီးပျို မိဘတွေက ကုန်သည်တွေပေါ့ ။ အင်း ကုန်သည်ဆိုတော့ ကုန်ကူးရတာပေါ့လေ ။ ဟိုကုန်ဒီကူးပေါ့ ။ အဲ သွားရတဲ့နေရာက ရခိုင်ရိုးမကို ဖြတ်ကျော်ပြီးမ ရောက်တဲ့ ရခိုင်ပြည်နယ်တ၀ိုက်ပေါ့ ။ အဲဒီတုန်းက ရခိုင်ရိုးမကိုကျော်တဲ့လမ်းတွေက မကောင်းဘူးရယ် ။ မြေသားကိုပဲ လမ်းဖောက်ထားတာကလား ။ လမ်းဆိုတာ ဆိုးမှဆိုးပဲ ။ သွားတဲ့ကားတွေကိုကြည့် ကုန်တင်ကားအကြီးကြီးတွေ သူတို့သွားပြီဆိုတာနဲ့ လမ်းတွေ ချိုင့်တော့တာပဲ ။ တစ်စီးမဟုတ် နှစ်စီးမဟုတ်လေ ။ ကြာလာတော့ ပြောစရာမလိုတော့ဘူး ။ သွားတာက ဖေဖေရယ် ကိုကိုရယ်ပါ ။ အလှည့်ကျပေါ့ ။ သမီးပျိုတော့ ကြောက်လို့ဘယ်လိုက်လိမ့်မလဲ ။အရင်တစ်ခါကတည်းက လန့်သွားတာ တောင်ပေါ်မှာကားပျက်တယ်လေ ။ အဲဖြစ်ချင်တော့ ရခိုင်ပြည်က ကုန်သည်တစ်ယောက် အိမ်ကို ကုန်လာချတယ် ဆိုပါတော့ ။ သူပြန်မယ့်နေ့ကျတော့ သူက သမီးပျိုကိုအိမ်လည်ခေါ်တယ် လိုက်ခဲ့ပါပေါ့ ။ သမီးပျိုက ခြောက်တန်းပဲ ရှိသေးတာ ငယ်သေးတယ်ပေါ့နော် ။ မလိုက်ဘူးအတင်းငြင်းပါတယ် ။နောက်ဆုံးတော့ ဖေဖေလဲ ပါမယ်ဆိုတော့ လိုက်သွားမိတယ် ။ လမ်းကြမ်းချက်ကတော့ ပြောပြောချင်ပါဘူး ။ တစ်ချို့ တောင်ကွေ့တွေမှာတွေ့တယ် ။ ၀ါးရုံ တောတွေလဲနေတာလေ ။ဝါးပင်တွေ အိပ်နေတာ ဟုတ်ဘူးနော် ။ ကားတွေ မှောက်ထားတာ ။ တောင်တွေက မြင့်မှမြင့်နဲ့ တောင်ပေါ်ကနေ တောင်အောက်ကို မြင်ရဘူး ။အဲဒါ မှောက်တဲ့ကားတော့ သွားတာပဲ ။ ကြည့်ရင်း နဲ့ အိပ်ငိုက်လာတာပေါ့ ကလေးဆိုတော့လေ ။ ဖေဖေကတော့ ပြောပါတယ် ။ ကားစီးရင် မငိုက်နဲ့ သမီးတဲ့ ။ ဘယ်ရမလဲ ။ ကားကလဲ စပယ်ရှယ်ကားလေ မောင်းရင်းမောင်းရင်းနဲ့ကိုပဲ ကားခေါင်းခန်းက အခိုးအငွေ့တွေတလူလူနဲ့ ။တောင်ယာထဲက ယာတဲကို အားကျလို့ထင်ပ ။ ကားဆရာက ရေလောင်းလိုက် မောင်းလိုက်နဲ့လေ ။ဟုတ်နေတာပဲ ။ ရေလောင်းလဲ ခဏပါပဲ ။အခြေအနေက ဆိုးလို့သာလာတယ်။ ကားဆရာကလဲ မရပ်ဘူးဗျ ဆက်မောင်းတာပဲ ။ အဲဒီမှာ စတယ်လေ။ တောင်အဆင်းမှာပေါ့ အရှိန်နဲ့ဆင်းလာတုန်း ဘရိတ်ပေါက်သွားတယ်ထင်တယ် ။ဘာမှလုပ်လို့ကို မရတော့ဘူးလေ ။ တောင်အမြင့်ကြီးပေါ်က အရှိန်နဲ့ ဆင်းလာတဲ့ကား ဘရိတ်ပေါက်တော့သေရုံပေါ့ ။ ကံကကောင်းချင်တော့ တောင်နံရံတွေမှာ သဲပုံ ကျောက်ပုံ တွေရှိတယ် ။ ကားတွေဘာတွေနစ်ရင် အသုံးပြုဖို့ပေါ့ ။ကားသမားက သဲပုံ ၀င်တိုက်ပြီးတော့ သူကိုယ်တိုင်ပဲ ကိုယ့်ကားကိုယ်မှောက်လိုက်ရတယ်ပေါ့ ။ အောက်ကျရင်မလွယ်ဘူးဆိုတာ သူကောင်းကောင်းသိတယ်။ ကိုယ့်ကားကိုယ်မှောက်တယ်ဆိုပေမယ့် ကားကအသေးစားမဟုတ်တော့ အတော်ခံရတယ်ဗျို့။ ကားနဲ့ကုန်ကအပြည့်မို့လား။ အမိုးပေါ်ကလူတွေတော့ သေပြီသာမှတ်ပေတော့ပဲ ။ ကားကညာဘက်ကိုမှောက်လိုက်ရတယ် အရှေ့မှာကချောက်ကြီးက ဟီးလို့လေ။ ဘေးကလဲ ချောက်ပါပဲ ။ အကွေ့မှာဆိုတော့ တော်တော်အီတယ်။ စမှောက်တော့ ၀ုန်းဒိုင်းကို ကြဲသွားတာပဲ။ကားပေါ်မှာက ကပ်စီးနှဲ ပေပါက ခြောက်ပေပါတောင် ။ ကျန်တဲ့ကုန်တွေလဲစုံလို့ပေါ့။ ဒါတောင်ရခိုင်ကို အသွားမိုလို့။အပြန်ဆို ပွဲခြင်းပြီး ပဲ။ အဲဒီမှာအော်သံနက်နက်ကြီးကြားလိုက်ရတယ် ။ အားးးး အမလေးးးး ကယ်ပါဦးးး ကယ်ကြပါဦးးး ညပ်နေပြီဗျို့။အားး အားး နဲ့နေတာပဲ။ စပယ်ယာလေ ခြေထောက်ကားအောက်ညပ်သွားတာ။ သူ့ဘယ်ကယ်နိုင်ပါ့မလဲ ။လူတိုင်းသူ့မပူနဲ့သူကိုး။နောက်ကြမှ သူ့ခြေထောက်ကို တူရွင်းနဲ့တူးထုတ်လိုက်ရတယ်။အော်သံတွေကတော့ ပွက်လောရိုက်နေတာပဲ။သိတယ်မလား ကားစီးလို့နဲနဲလေးယိမ်းရင်တောင်အော်တတ်ကြတာမလား။ တောက်ပေါ်မှာမှောက်တော့ တွက်သာကြည့်ပေ တော့။ အဲ ..သို့ပေမယ့် လူတကာတွေအော်ကြတယ် အမျိုးကိုစုံနေကြပေမဲ့ သမီးပျိုတစ်ယောက်အော်တယ် မှတ်လို့လား။တိတ်ဆိတ်နေတာပဲ။ ဘာလို့မအော်လဲဆိုတော့ အော်လို့မ မရတာ။သမီးပျို အပေါ်မှာက ပွင့်လောက်နီးနီး အမျိုးသမီးတစ်ယောက်က ဖိထားသလို ပိနေလို့ပေါ့။ စက်ဖုံးနားမှာစီးရတော့ ကားအသုံးအဆောင် တန်ဆာပလာဗုံးကြီးက ပွင့်ပြီးအထဲက ၀က်အူတွေ မူလီတွေနဲ့ ဘာတွေမှန်းလဲသိပါဘူး တစ်ခုခြင်း ခေါင်းပေါ်ကိုကျတော့တာပဲ။တရုတ်ဘုန်းကြီး ရှိခိုးနေသလားမှတ်ရတယ်။ တတုန်တုန်နဲ့နေတာပဲ။ အောက်ကနေလှုပ်လို့ကလဲ မရတော့ငြိမ်နေရတာပေါ့။ အဲဒီအမကြီးလဲ တော်တော်နဲ့ မထနိုင်ဘူးထင်ပါတယ်။ သူများတွေအတင်းလူးလဲထကြ အဖော်တွေရှာကြပေါ့။ သူနဲ့သမီးပျိုကတော့ လှုပ်တောင်မလှုပ်ဘူး။ ဘယ်ဟုတ်မလဲသူက နံရိုးကျိုးသွားတာကိုးးး။ဒါကြောင့်မထနိုင်တာ။ အော်လိုက်တာလဲ ပြောပါနဲ့တော့။ ဒါနဲ့ သူများတွေထွက်သွားကြတဲ့ အပေါက်ကနေပဲ လိုက်ထွက်လိုက်တယ်။ ခေါင်းခန်းက မှန်ကိုခွဲထွက်ကြရတာ လွယ်မှတ်လို့။ အပြင်ရောက်တော့ဖေဖေ့ကိုတွေတယ် သူလဲတော်တော်ကိုထိတယ် သွေးတွေကြီးပဲ ခြေထောက်မှာ။ သမီးဘာဖြစ်သွားသေးလဲတဲ့။ ဘာမှဖြစ်ဘူးလို့ပြောအပြီး ငုံ့ကြည့်လိုက်တော့ ဒူးတွေကဖောင်းကားလို့။တစ်ခုခုနဲ့ကြိတ်မိတာလား ဟိုအမဖိတာလားတော့ပြောတတ်ဘူး။ ဟိုဦးလေးရောလို့မေးတော့ တောင်အောက်ကြသွားတယ်ထင်တယ်တဲ့။သူက ကားအမိုးပေါ်ကစီးတာကိုး။ ဒဏ်ရာတွေကို ရှိတဲ့ဆေးတွေနဲ့ပေါ့ဝေမျှထည့်ကျတယ်။ တစ်ချို့တွေက ဦးစိုင်းတို့ဘာတို့ပါတတ်တာကိုး။ အသေအပျောက်တော့မရှိပါဘူး။ အဲ မကြာပါဘူးဟိုဦးလေးပေါ့ တောင်အောက်က ကုတ်ဖဲ့တက်လာတယ်။ သေပြီမှတ်တာ မသေဘူးဟ။ အတော်ကံကောင်းတဲ့လူ။ တက်လာတဲ့ ပုံကလဲ တကြော်ကြော်အော်လို့စုဝေရေ စုဝေ နေတာပဲ။ ဘာလို့အော်နေတာတုန်းဆိုတော့ သူခေါ်လာတော့ သမီးပျိုသေရင် သူမကောင်းဘူးတဲ့လေ။ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ ဖိနပ်လဲရှိတော့ဘူး။ ဖေဖေ့ကို ကြည့်တော့မျက်မှန်လဲရှိဘူး။အဟီး ကပ်စီးနဲတွေကလဲ တကိုယ်လုံးရွှဲလို့။ကားဆရာကို ကြည့်လိုက်တော့လဲ ကိုယ်တခြမ်းက ကပ်စီးနဲ နောက်တခြမ်းက ဖုန်တွေနဲ့ တော်တော်ရီဖို့ကောင်းတယ်။ သူများကိုရယ်ပြီး ကိုယ်လဲထူးပါဘူး။ အဲဒါတွေ အသာထားလို့ မျက်မှန်နဲ့ ဖိနပ်ရှာပုံတော်ဖွင့်တယ်ပေါ့။ ဖိနပ်က တွေ့ပါဘူး။ အဲ မျက်မှန် ..သူ့ကိုတော့တွေ့ပ။ ကောက်ယူကြည့်လိုက်တော့ ငနဲက မှန်ရှိတဲ့ဘက်က ကိုင်းမရှိ ကိုင်းရှိတဲ့ဘက်ကမှန်မရှိဖြစ်နေပါပေါ့လား။ လောလောဆည်ဖေဖေကြည့်လို့ရအောင် မှန်ရှာသွားမယ်ပေါ့ နဲနဲပါးပါးပြင်ဆင်ပြီး လတ်တလော တပ်လို့ရလဲနဲလားပေါ့။ ရှာလို့တော့တွေ့ပါတယ် ပေါက်သွားတဲ့ ကပ်စီးနဲ ပုံးမှာကပ်လို့။ သီချင်းတောင်ဆိုနေလိုက်သေး သူက ..ကိုယ်ကြေကွဲနေပြီ..တဲ့။ လွှတ်ပစ်လိုက်တယ်အားလုံး အေးရော။ နောက်တော့ ကားကြုံစောင့်ရတာပေါ့ ခရီးက ရောက်မ မရောက်သေးတာ။ ကားသမားပျောက်လို့ လိုက်ရှာတော့ သူကအကြံနဲ့ကိုးးး။ ကားနံပါတ်ကို ဖုန်ကိုရေဖျော်ပြီး ဖုံးနေတာ။ သူကဖုံးလိုက် ရခိုင်ကြီးနှစ်ယောက်က သွားဖျက်လိုက်နဲ့ဟုတ်နေတာပဲ။ ဖုန်းကြီးတွေရော ကလေးတွေရော အစုံပဲ ကားပေါ်ပါလာတာကလဲ။ ကားကြုံစောင့်ရင်း အော်တဲ့သူကအော် ညည်းတဲ့သူကညည်းနဲ့လေ။ လာပါပြီ ကားတစ်စီး ဟွန်းသံပေးလို့တောင်ပေါ်တက်မယ်အလုပ် တို့အုပ်ကိုတွေ့တော့တာပဲ။ တွေ့ရာကားကို ဖမ်းဆွဲရ တာပေါ့။ လူကောင်းတွေအောက်ကိုဆင်းနောက်ကားစောင့်ရင်းခရီးဆက်ပေါ့။ ဒီကားတော့ နီးရာဆေးရုံဂိုးပေါ့။ ကားပေါ် စုပြုံတက်ကြပြီး ရခိုင်ပြည်နယ် ဂွမြို့ကအနီးဆုံးဆေးရုံကို ဂိုးကြတာပေါ့။ ကားသမားကစိုးရိမ်လို့ မြန်မြန်မောင်းရင် ဖြေးဖြေးမောင်းပါ နာလွန်းလို့ပါ။ နှေးနှေးမောင်းတော့ နောက်လူတစ်စုက မြန်မြန်မောင်းမှ မြန်မြန်ရောက်မှာပေါ့။ အဲဒါနဲ့ မြန်မြန်မောင်းနဲ့ ဖြေးဖြေးမောင်း နှစ်ဖွဲ့ကွဲပြီးရန်ဖြစ်ကြတော့တာပဲ။ ဘုန်းကြီးက တရားဝင်ဟောလိုက်မ နဲနဲငြိမ်သွားကြတာ။ ဆေးရုံရောက်ကြတော့ ကုသမှုခံယူကြတယ်ပေါ့လေ။ သမီးပျိုအဖေ သူရဲကောင်းက အရက်ပျံ ထည့်ရမှာတောင်ကြောက်လို့ဆေးရုံကနေ တိတ်တိတ်လေး ခိုးပြန်လာခဲ့တာ။ ဟီး...။ သားအဖနှစ်ယောက်ခရီးက မပေါက်သေးဝူးလေ။ တည်းနေကြအိမ်ကို မှမရောက်သေးတာ။ သွားရမှာက ဂွမြို့ကပဲ အလယ်ချိုင်ဆိုတဲ့ရွာကိုသွားရမှာလေ။ ညကတော်တော်လေး ညည့်နက်နေပြီ။ အားလုံးနီးပါး အိပ်နေချိန်ပေါ့နော်။ သမီးပျိုတို့ကတော့ ရောက်အောင်ချီတက်ရဦးမယ်။ ဖေဖေအသိအိမ်က အလယ်ချိုင်ရွာက ပင်လယ်ကမ်းခြေနားမှာတဲ့။ ကမ်းခြေရောက်ဖို့က အုန်းတောကိုဖြတ်ရဦးမယ်။ လကတော့သာပါ့ ။ အုန်းတောကိုဖြတ်ရတဲ့ တောလမ်းဘေးက တံတားလေးက သရဲခြောက်ဆိုပဲ။ လမ်းကလဲဒီ တစ်လမ်းပဲရှိတော့ ကြောက်ကြောက်နဲ့လျှောက်ရတော့တာပေါ့။ အုန်းတောကိုကြည့်တော့ ဟိုနေရာမဲမဲ ဒီနေရာမဲမဲနဲ့ မထိတ်သာ မလန့်သာရှိလိုက်တာ ပြောပါနဲ့။ ဟိုးရှေ့မှာမြင်နေရပြီ။ မီးတွေကလည်း ထိန်လို့လင်းလို့။ကြောက်တော့ဘူး။ အနားလဲရောက်ရော ဘယ်ဟုတ်မလဲ အလောင်းစင်ကြီးကိုးးးး။ ပင်လယ်ထဲ ငါးဖမ်းထွက်တာတဲ့ စက်ညပ်ပြီးသေတာတဲ့လေ။ သူက ပုဆိုးကိုလယ်မှာသိုင်းလို့စက်လှေမောင်းတဲ့နေရာကတဲ့ ကမ်းခြေကိုမျက်နှာ မူထားတဲ့ အနေအထားမှာ စက်လှေကိုရုတ်တရက်လှိုင်းအရိုက် လည်ပင်းကပုဆိုးက စက်ရဲ့မော်တာကြိုးထဲကို ညပ်မိပြီးမော်တာကြိုးက လည်နေတော့ လူပါ ပါသွားရင်းသေတာဆိုပဲ အရှင်လတ်လတ်သေ သွားရ တာတဲ့ လေ။ ခြေကုန်သုတ်ပြီး အိမ်ဆီအရောက်ပဲ ပြေးရတော့တယ်ဗျို့ ။ကားမှောက်လို့ပါဆိုမှ အသုဘနဲ့တိုးတော့ နေစရာကိုနေရာမရှိတော့ဘူး ။ရေမြန်မြန်ချိုးပြီး ကိုယ်ကကပ်စီးနဲတွေခွာလို့ပြီးတာနဲ့ အိပ်ယာပေါ်ကို တန်းဒိုးတော့တာပဲ ။ မနက်အိပ်ယာထလို့ ဟိုလူ့ကိုသတ်တဲ့စက်ကို သွားကြည့်တော့ စက်မှာ နားရွက်စလေးတွေ အသားစလေးတွေတွေ့တာနဲ့ လန့်ဖြတ်ပြီး သမီးပျိုကိုအလည်ခေါ်တဲ့ ရွာကိုပဲနောက်တစ်နေ့မနက်ပြောင်းတည်းလိုက်ရတယ်ဗျို့။ အဲဒီအခေါက်က ရခိုင်ပြည်နယ် ကမ်းသာယာကမ်း ခြေရဲ့ဟိုဘက်ရွာကင်းပုံဆိုတဲ့ရွာရဲ့ဟိုဘက်ရွာမှာ(နာမည်မေ့သွားတယ်ဗျို့) တစ်လကျော်နေလိုက်ရတယ် ။ ဖေဖေလမ်းလျှောက်နိုင်တဲ့အထိဆိုပါတော့ ။ ဆက်သွယ်ရေးတွေက အရင်ကမကောင်းတော့ဖုန်းဆက်လို့ကလဲ မရတော့ အိမ်ကိုအကြောင်းမကြားနိုင်ခဲ့ဘူးလေ။ မေမေပြောပြချက်အရကတော့ သမီးပျိုတို့ကားမှောက်တဲ့ည က သားအဖနှစ်ယောက်လုံးပြန်လာသံ ကြားလို့မေမေတံခါးထဖွင့်ပေးသေးတယ်တဲ့။ နောက်တော့ ဘာမှမတွေ့လို့ပြန်အိပ်လိုက်ရတာတဲ့။ သမီးပျိုတို့လဲ တကယ်ပြန်လာရော ဖေဖေကဂျိုင်းထောက်နဲ့လေ။ ဘာဖြစ်တာလဲဘာလဲညာလဲပေါ့။ ကိုကိုက မနက်ဖြန်ဆို ရဟန်းခံရှိတယ်တဲ့။ မှီရုံလေးပဲ ။ဖေဖေ့ခဗျာ ဘုန်းကြီးကို တောင်ရှိမခိုးနိုင်ဘူး ။ဒူးကပျောက်သေးဘူးကိုးအေ့။ အဲလိုအဲလို သမီးပျိုတို့ဖြစ်လိုက်ရင်........အဖြစ်မှန်ဗျို့...

6 comments:

အိုက်ခီလောက် said...

အင်းတော်သေးတယ် လူဘာမှမဖြစ်သွားလို့ နော်
မဟုတ်ရင် ခုဆို နောက်တစ်ဘဝ ကူးနေပြီ ထင်တယ်
ဒါတောင်စပ်စပ် စုစု ကမြင်းနေသေးတယ်
ညအချိန်မတော် အလောင်းကိုမြင်တော့ဘယ်လိုနေလည်း
ဟီးး နာ့လည်းကြောက်တယ်ဟ နာ့လည်းကိုယ့်တွေ့ ပဲ
အားပေးနေတယ် သူငယ်ချင်းရေ

ပေတလူဆိုးပေ အကောင်းစား
အိုက်ခီလောက်

vanko said...

အဟား.. အတော်ရေးတက်တာပဲ။ ဒုက္ခရောက်တဲ့ အဖြစ်အပျက်ကို ရယ်စရာဖြစ်အောင် မျက်စိထဲမြင်လာအောင် ရေးတက်တယ်ဗျာ။ တစ်ချိန်တုံးက ဒုက္ခက အခုများတော့လဲ ပြန်ပြောရင်း ရယ်စရာဖြစ်လို့ပေါ့။ အရေးအသားလေးကို သဘောကျတယ်။
ပျော်ရွှင်ချမ်းမြေ့ပါစေ

yehtutnaung said...

မွန်မွန်တို့  ရေးပြီဆိုတော့လဲ ခပ်သွက်သွက်နဲ့  ရှင်းရှင်းကို ရေးသွားတာပါပဲလား။ ဖတ်ရင်းနဲ့  ရင်တမမပဲဗျာ။ တော်တော်လန့် စရာ ကောင်းတာပဲ။ ငိုလည်း ငိုဘူးနော်။ အတော် သတ္တိကောင်းတဲ့ပုံပဲ။ အားပေးနေပါတယ်ဗျာ။

သစ်နက်ဆူး said...

သမီးပျို...
စိတ်နဲ့ လက် တစ်ထပ်တည်းကျအောင်ရေးနိုင်တာကို ချီးကျူးပါတယ်..။
ကျနော် အဲဒီလောက်မရေးတတ်ဘူးဗျ..။
ရခိုင်အကြောင်းဖတ်ရတာ မောတယ်...ရောက်ဘူးတယ်..အညာသားက တောင်ကုန်းမှ မမြင်ဘူးတာ...
ရိုးမကိုဖြတ်တော့ တိမ်တွေက ကိုယ့်ဘေးမှာ ကိုယ့်အောက်မှာ...အရမ်းတော့ စိတ်ချမ်းသာသွားတယ်...
ကိုယ့်ကိုကိုယ် နတ်သားလိုလို ဘာလိုလိုနဲ့ ..။
ကားမှောက်တဲ့ အကြောင်းဖတ်ရင်း အတ္တစွဲက ၀င်လာသေးတယ်...
ကပ်စေးနဲ ပုံးကြီးတွေ မှောက်တာ နှမြောတာ...ကိုယ်ငယ်ငယ်က ကပ်စေးနဲ တအားကြိုက်တာ..။

ကောင်းကင်ပြာ said...

မသေကောင်းမပျောက်ကောင်း ညီမလေးရယ်၊ ကံကောင်းလို့၊

Anonymous said...

အဲဒီတုန်းက သေမင်းကမျက်စေ့နောက်လို့ မခေါ်တာမှတ်ပါ ဒီတခါဆိုရင်တော့ သေချာတယ်...... ဟိ

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။