Showing posts with label တက်ခ်ပို့စ်. Show all posts
Showing posts with label တက်ခ်ပို့စ်. Show all posts

အိမ်ဆိုတာဘာလဲလို့ မေးရလောက်အောင် အိမ်မမြဲခဲ့တာ......မိသားစုနဲ့ အမြဲဝေးကွာစေတာက ၁၆ နှစ်က စ ခဲ့သ လို ခုထိလည်းဝေးနေသေးတာ....မိသားစု နဲ့အတူ အမိမြေကိုခွဲခွာလို့ အလုပ်ရတဲ့ဒေသမှာတောင် အိမ်မှာမနေရ ပဲ ခရီးတွေပဲ သွားနေရတတ်တာ...ခြေထောက်မှာ ဗွေ ပါလားလို့မေးယူရလောက်အောင် အိမ်ဆိုတာကို မကပ်နိုင်ခဲ့ တာဟာ ကံတရားကြောင့်လို့ဆိုရမလောက် အိမ်မမြဲသူတစ်ယောက်ရဲ့ နိစ္စဓူဝတွေကလည်း တစ်မျိုးတစ်ဖုံ.......


၂၄ နာရီသာရှိတဲ့ နေ့တစ်နေ့ရဲ့ အချိန်နာရီတိုင်းမှာ နေရောင်ခြည်နုနုလေး ဖြာဆင်းကျလာတဲ့ နံနက်ခင်းဟာ တစ်နေ့တစ်ခါသာ ရှိတတ်ပေမယ့် မတူညီရဲ့ နိုင်ငံရဲ့ အချိန်မညီမျှမှုတွေကြောင့် နေထွက်တာ ၂ခါမြင်ဖူးသလို နေ့ရက်တွေလည်း ပျောက်ဆုံးဖူးပါရဲ့....

အချိန်တွေ ပျောက်ဆုံးဖူး သလို ၂၄ နာရီထက်ပိုတဲ့ နေ့ရက်တွေမှာလည်း အသက်ရှင်နေဖူးတယ် ။ လက်ရှိနိုင်ငံ ရဲ့ ပစ္စုပ္ပန် ညတွေမှာ အိပ်ဖို့ကြိုးစားခဲ့ရတော့ အခြေချတဲ့ ကန္တာရ ကိုပြန်ရောက်ချိန်တွေမှာ နေနဲ့ည မှားလို့ ညအိပ်ချိန်တွေဟာလည်း နိစ္စဓူဝထဲက လွဲချော်မှုလေးတွေ......

ကာလာမျိုးစုံ ဘာသာမျိုးစုံ ကြားမှာ လှုပ်ရှားနေရတဲ့ နေ့တဓူဝ လှုပ်ရှားမှုတိုင်းဟာ အမြဲတမ်း လှပ မနေသလို...

နိုင်ငံတကာရဲ့ တင်းကြပ်လွန်းတဲ့ ဥပဒေဘောင်တွေကြားမှာ ၀င်ခွင့်တန်းစီစောင့်ရတဲ့ လေဆိပ်တိုင်းမှာလည်း မလှပခဲ့ပါဘူး ။ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ အနီရောင် စာအုပ်လေးကို ဟိုတပြန် ဒီတပြန် ဟို လှန်ဒီလှန် လုပ်ပြီးတာတောင် နိုင်ငံကုတ်မသိလို့ ကိုယ့်ကျမှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုတွေဟာလည်း နိစ္စဓူဝထဲက အံချော်မှုလေးတွေ.............


နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးမိ ဆိုတဲ့သီချင်လေးလို မလုပ်သင့်ပဲလုပ်နေမိတဲ့ အမှားတွေအတွက်လည်း သိသိကြီးနဲ့ ချိုမြိန်စွာ ဆက်လက်စားသုံးနေမိသေးတယ် ။ ဖြတ်လို့မရတဲ့ နှောင်ကြိုးတွေအတွက် ဘယ်လိုရက် စက်မှုတွေကို မွေးမြူလို့ ဘယ်လိုများ အဆုံးသတ်ရပါ့မလဲ ဆိုတဲ့ ရှိုက်သံရောတဲ့ အတွေးလေးတွေကို ရင်နင့်စွာ ပဲ အဖြေရှာနေတယ် ဆိုတာများ သူသိရင် ဒဿလို မိန်းမ လို့များ ထင်နေမလား ဆိုတဲ့ မလိုလားအပ်တဲ့ အတွေးတွေ ကို ရင်မှာပိုက်ရင်း ကုန်ဆုံးနေတဲ့ ၀ိုးတ၀ါးနေ့ရက်တွေကလည်း ဒုနဲ့ဒေး.......


ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရတဲ့ လူလောကကြီးမှာ စိတ္တဝေဒနာရှင်တစ်ယောက်လို အချစ်စစ်ကိုရှာဖွေ နေမိသလို ...အစွဲအလမ်းကြီးတဲ့ ကိုယ်ရဲ့ညဉ်ကြောင့်ပဲ အိမ်ထောင်ကျကံမကောင်းဘူးဆိုတဲ့ ဗေဒင်ဆရာတိုင်း ရဲ့ဟောချက်တွေက ရင်ထဲမှာ သံမှိုရိုက်ခတ်ထားလေတော့ သူ့ကိုများ ယူလိုက်မိရင် ငါကံမကောင်းတော့ မှာလား ဆိုပြီး စွန့်လွှတ်မယ် ကြံမိပြန်တိုင်းလည်း အဲလိုစွန့်လွှတ်ပြီးနောက်တစ်ယောက်ကို ကိုရွေးမိတာကြောင့် ကံမကောင်းမှုကိုဖန်တီးမိတာလားဆိုတဲ့ စိတ္တစ အတွေးတွေနဲ့ နှုတ်မရတဲ့ အစွဲအလမ်းကြီးမှုတွေကြောင့် တစ်ယောက် ယောက်ကို ရွေးချယ်မယ် ကြံတိုင်းလည်း စိတ္တတွေက ၀င်ရောက်နှောက်ယှက်လို့ တွေဝေခဲ့ရတဲ့ နိစ္စ ဓူဝတွေနေ့ရက်တွေကလည်း မဆုံးနိုင်အောင်ရှိနေပြန်သေးတယ် ။


မရှိမကောင်း ရှိမကောင်း ၊ မပေါင်းလည်းခက်ပေါင်းလည်းခက် ဆိုတဲ့ စကားပုံထဲကနဲ့ ခပ်ဆင်ဆင်ပါပဲ.... တို့များကျတော့.......မရှိမဖြစ်တဲ့ အဲဒီငွေကြေးဆိုတာတွေက လူတွေကိုခိုင်းစေတတ်တော့ မရှိမကောင်း ရှိမကောင်းဆိုသလို ..........သိပ်ရှိလွန်းတဲ့သူတွေက လည်း ထိန်းချုပ်မှုမရှိတဲ့ မှားယွင်းစွာ သုံးဖြုန်းမှုတွေကြောင့် ဘ၀ပျက်ကြရတဲ့ ဖြစ်စဉ်တွေကလည်း မြင်ကြားနေရတဲ့ မရိုးနိုင်တဲ့ နိစ္စဓူဝဆိုရင်လည်း မမှားပြန်ပါဘူး

မရှိလို့ မလှူ ၊ မလှူလို့ မရှိ ဆိုတဲ့ စကားတော့ ကြားဖူးမိပါရဲ့ ။ ဒီလိုပါပဲ အဓိက က အဓိကပါပဲဆိုသလိုမျိုး ငွေမရှိတော့ မျက်မှာငယ်ကြတယ်..မိသားစုတွေနဲ့ ခွဲခွာကြလို့ တရပ်တကျေးမှာ ငွေရှာနေကြရတယ်။ မရှိလို့မလှူ ဆိုတာထက် မိသားစု အဆင်ပြေဖို့ ကိုယ်ပိုင် ခံစားမှုတွေ အသာ ထား လို့ ဒီငွေကိုပဲရအောင် ကြိုးစားရှာနေကြရတဲ့ ဘ၀တူ မိတ်ဆွေတွေကိုလည်း ကိုယ်ချင်းစာမိပါရဲ့...

အမိမြေနဲ့ဝေးရလို့ ရေမြေကိုလွမ်း နိုင်ငံကိုလည်းလွမ်းတယ် ။ မြန်မာဆိုတဲ့ အသံကြားတာနဲ့ပျော်ရွှင်ခဲ့ရသလို ဘန်ကောက်ဆိုတဲ့ ဖလိုက်ရတိုင်းလည်းပျော်ရွှင်ခဲ့ရဖူးတယ် ။ အမိမြေကိုကျော်ဖြတ်လို့ အမိနိုင်ငံနဲ့ကပ်လျှက် နိုင်ငံဖြစ်နေတာကြောင့် နေတတ်ရင်ပျော်စရာကြီးပါဆိုသလို နီးနီးလေးမှာ ကိုယ့်ချစ်တဲ့ အမိမြေရှိနေတယ်ဆိုတဲ့ အတွေးလေးကလည်း ဘန်ကောက်ရဲ့နားရက်တွေကို အဓိပ္ပယ်ရှိရှိ ဖြတ်သန်းစေခဲ့တဲ့ နိစ္စဓူဝထဲက ပျော်စရာ အပိုင်းအစလေးတွေပေါ့


၂၅ ထပ်မြောက်ကနေ ကြည့်ရတဲ့ ကနေဒါရဲ့ ညအလှက သိပ်ကိုလှပခဲ့တာပါ ။ မိုးထိမြင့်တဲ့ အပြိုင်အဆိုင် အဆောက်အဦးတွေကြားမှာ ထိန်ထိန်ငြီးနေတဲ့ မီးလုံးတွေကလည်း ကနေဒါရဲ့အလှကို ပိုမိုလို့ဝင့်ကြွားခဲ့တယ် ပေါ့ ။ ညရှုခင်းတွေကြားထဲက ရေလှိုင်းတွေရဲ့ ရိုက်ခတ်သံကို မကြားပါပဲ ခံစားနေရတယ် မကြည့်ပါပဲ မြင်နေရ သလို မနီးမဝေးလေးမှာ မှုံပျပျနဲ့လှနေလေရဲ့လေ ။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဖြတ်သန်းသွားတဲ့ အစိမ်းရောင် ရထားလေးတစ်စီးကြောင့် ညရဲ့အလှဟာ လှုပ်လှုပ်ရွရွနဲ့ အသက်ဝင်နေခဲ့သေးတယ် ။ ပြတင်းနဘေးမှာ ကျော မှီထိုင်လို့ ဟိုးအဝေးကို ငေးရင်းတွေးနေတဲ့ ကျွန်မရဲ့ အတွေးတွေက ဘယ်လိုမှ ယှဉ်မရတဲ့ ရန်ကုန်ညကို ပဲ လွမ်းဆွတ်နေပါတယ်ပြောရင် ယုံနိုင်ကြပါ့မလား ။ အဲဒီလို အတွေးထဲက နိစ္စဓူဝတွေက ရေတွက်လို့မကုန်ရှိခဲ့ ပြန်သေးတယ် ။


အိမ်ပြန်ရောက်လို့ နှုတ်ဆက်မယ်ကြံတိုင်း တွေ့ရတတ်တဲ့ မျက်နှာတွေက မြန်မာမလေးတွေ မဟုတ်သလို အနားယူတော့မယ်ဆိုပြီး နားထောင်လိုက်တဲ့ မြန်မာသီချင်းတွေဟာလည်း အင်္ဂလိပ်ကော်ပီ သံစဉ်တွေကြောင့် တိုင်းတပါးသားတွေရဲ့ မူရင်းသီချင်းတွေကို လိုက်ဆိုနေမှုတွေဟာလည်း အောင့်သက်သက်နဲ့ အနေရ ခက်နေတဲ့ ကတ်သီးကတ်သတ် နိစ္စဓူဝနေ့ရက်တွေကို စိတ်ပျက်စွာ ဖြတ်သန်းခဲ့ရတာလည်း အကြိမ်ကြိမ်.......


နားရက်များလို့ ဘာလုပ်ရမှန်းမသိတဲ့ ကျွန်မကို လမ်းပြပေးတဲ့ နှင်းနဲ့မာယာ ဆိုတဲ့ ချစ်စရာ သူငယ်ချင်းမလေး ကြောင့် ဘလော့ခ် လောကထဲကို ပျော်ရွှင်စွာ ၀င်ရောက်မိခဲ့ပေမယ့် ပါရမီ မရှိတဲ့ စာအရေးအသားတွေကြောင့် ကိုယ့်ကိုယ်ကို အားမရလို့ စိတ်ပျက်ခဲ့ရသလို ...သူများတွေ ဘလော့ခ်လို သွားလည်တိုင်း ဖတ်လိုက်ရတဲ့ အရေး အသားကောင်းတဲ့ စာမူလေးတွေကြောင့်လည်း အားငယ်ခဲ့ဘူးပါတယ် ။ “ငါက စာပေဘက်မှာ ပါရမီ မပါလို့ပါ
လူတိုင်းစာရေးတတ်နေရင် အားလုံး ကမ္ဘာကျော် စာရေးဆရာတွေဖြစ်ကုန်တော့မှာပေါ့နော်“ လို့ကိုယ့်ကိုယ်ကို ကြံဖန်ပြီး အားပေးခဲ့ရတဲ့ နေ့ရက်တွေကလည်း နိစ္စဓူဝတွေထဲက ဟိုတစ ဒီတစ...............


ပျော်ရာမှာ မနေရ တော်ရာမှာနေရဆိုတဲ့ စကားဟာ ကျွန်မအတွက်များလားလို့ တွေးနေမိတတ်တဲ့ ယောင်ချာ ချာ နေ့ရက်တွေမှာလည်း မေမေနဲ့ဖေဖေ့ကိုလွမ်းနေရတဲ့ အလွမ်းနေ့ လ တွေကသိပ်ကိုရှည်လွန်းနေတော့ ဘယ်ဘ၀က ကံကြောင့်ပါလိမ့်လို့ ရိုးမယ်ဖွဲ့မိမတတ်ကို ရူးသွပ်စွာ အမေနဲ့ရွာကိုလွမ်းနေတာက နိစ္စဓူဝတွေထဲ က အဆိုးရွားဆုံး အပိုင်းအစတွေပေါ့ ။

နိစ္စဓူဝထဲမှာ ဆုတစ်ခုတောင်းပါ ဆိုရင်တော့ ကိုယ်ချစ်တဲ့မိသားစုနဲ့အတူ ဘ၀ ကိုပျော်ရွှင်စွာ ဖြတ်သန်းရပါလို ၏ လို့ ယောင်ယမ်းလို့ တမ်းတလိုက်ချင်ပါရဲ့.............

.........................................................................................................

နှင်းရေ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ ။ ခုမှ ကြွေးဆပ်ရလို့ ဆောရီးပါနော် ။ နိစ္စဓူဝထဲ က အပိုင်းအစ တစ်ချို့ကို အဆင်ပြေသလိုပဲ ရေးပေးလိုက်တယ်နော် ။ ပျော်ရွှင်ပါစေ သူငယ်ချင်းရေ.......

..........................................................................................................

“ ဟယ်...သမီးလေးကချစ်စရာလေးနော်.. ဆရာမဆီကို လာပါဦး သမီးရယ် “ ပြောပြောဆိုဆို မေမေ့လက်ထဲက အတင်းဆွဲခေါ်သွားပြီးတော့ “ဟင်...သမီးလေးက ငိုမဲ့မဲ့လေးပါလား...ဘာလို့လဲ သမီးရဲ့ ...ဆရာမကို စကားပြောပါဦး သမီးရယ် ချိုချဉ်စားမလား... ဒီမှာ တော်ဖီလုံးတွေလည်း ရှိတယ် သမီး ကြိုက်တာသာ ယူစား....နော်...သမီး “ ။


“ဟင့်အင်း....မစားချင်ဘူး...ဘာမှ မစားချင်ဘူး “


“ သြော်..သမီးက ဒါမျိုးတွေ မကြိုက်ဘူး ထင်တယ်...မုန့်ဟင်းခါးစားမလားသမီး “


“ဟင့်အင်း...မုန့်ဟင်းခါးလဲ စားချင်ဘူး“


“ဒါဆို သူငယ်ချင်းတွေနဲ့ ဆော့ရအောင်လေ ..နော် ။ ပျော်ဖို့ကောင်းတယ်သမီးရဲ့..လာနော် သမီး “


“ဟင့်အင်း...ဟင့်အင်း....ဆော့လဲမဆော့ချင်ပါဘူး ။ ဒီမှာ မနေချင်ပါဘူး“ လို့ပြောပြီးတာနဲ့ မေမေ့ဘက်လှည်ပြီး “မေမေ အိမ်ပြန်မယ် နော် ..မေမေ....နော်“


ဒေါ်ခင်တုတ် တစ်ယောက် သမီးဖြစ်သူရဲ့တောင်းဆိုမှုကိုလည်း လိုက်လျှောပေးချင် ..... လိုက်လျှော လို့ကလည်း မဖြစ်.... ပထမဆုံးသမီးလေးကို မူကြို စ အပ်တဲ့နေ့ဆိုတော့.. ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့အချိန်မှာ နောက်နားဆီက မူကြိုဆရာမကြီးရဲ့ “ မပူပါနဲ့ ဒေါ်တုတ်ရယ်..နောက်တော့လည်း သူဟာနဲ့သူ နေသားကျသွားမှာပါ ။ ခုမှ အစပိုင်းဆိုတော့လည်း သမီးလေးကဘယ်ပျော်ပါ့မလဲ ဒေါ်တုတ်ရဲ့ ဟုတ်ဘူးလား ။ ထားသာထားခဲ့ပါ ။ ဘာမှ စိတ်ပူစရာမရှိပါဘူး “ ဆိုတဲ့အသံကြားလိုက်တော့
“ ဟင့်အင်း..ဟင့်အင်း ....အိမ်ပြန်မယ် ... အိမ်ပြန်မယ် ...အိမ်ကိုပဲပြန်ချင်တယ် “ လို့ တအားအော်နေတာကြောင့် ဆရာမကြီးက


“ ဘာမှလည်းမစားချင်ဘူး ဟုတ်လား“


“ဟုတ် “


“ဆော့လည်း မဆော့ချင်ဘူး ဟုတ်လား “


“ဟုတ်“


အဲဒီတော့ “ ဗြန်း...ဗြန်း...ဗြန်း “ ဆိုပြီး ကြိမ်လုံးနဲ့ ခုံကိုရိုက်လိုက်တာ ဖုန်မှုံ့တွေတောင် ထခုန်မတတ်ပါဘဲ ။ မောင်မောင်ခေါ်တော့ “ဗျာ “ မထူးချင်ဘူး အောင်ကျော်ခေါ်မှ “ဗျာ“ ထူးချင် ဆိုသလို .....ချော့တုန်းက မပျော့တော့ ခြောက်လိုက်မှကြောက် ရပြီလေ ။ မုန့်ကြွေးတုန်းက စားလိုက်ရ အတော်သားနော်........

..........................................................................................................



သမီးပျို မူကြိုစအပ် တဲ့နေ့လေးပါ ။ ကလေးဘ၀ရဲ့ပထမဆုံးကျောင်းစတက်တဲ့နေ့ဆိုတော့ခုထိ အမှတ်ရ နေ ဆဲပါပဲ ။ အဲဒီနေ့က မူကြိုဆရာမကြီးရဲ့ အမျိုးမျိုးချော့မော့ပြီး မုန့်တွေကျွေးခဲ့တာတွေ ချော့လို့မရတဲ့အဆုံး ကြိမ်လုံးနဲ့ ကြမ်းပြတော့မှ ကြောက်ပြီး မလှုပ်တော့တာတွေ ခုထိအမှတ်ရနေတုန်းပါပဲ ။မေမေလည်း သမီးပျို ကိုထားခဲ့ပြီး ပြန်သွားလေရဲ့ ။



သမီးပျိုလေ... ငယ်ငယ်လေးကတည်းက အခြားကလေးတွေရတဲ့ အခွင့်အရေးတွေ မရခဲ့တာပါ ။ ဥပမာ...ထမင်းစားကျောင်းဆင်းချိန်မှာ မိခင်က ထမင်းချိုင့်လိုက်ပို့ပြီး ဂရုတစိုက် ထမင်းခွံ့ကျွေးတာမျိုး ၊ ကျောင်းဆင်း ချိန်မှာ လိုက်ကြိုတာမျိုးတွေပေါ့ ။ သမီးပျိုနေခဲ့တာက အုတ်ကျင်းမှာပါ ။ ဖေဖေက ပန်းထိမ်လုပ်တယ် မေမေက ထမင်းဆိုင်ဖွင့်တယ်လေ ။ အလုပ်သမားရပ်ကွက်မှာ ဆိုတော့ အရမ်းရောင်းကောင်းတာပဲ။ ထမင်းဆိုင်ဆိုတာ မျိုးကလည်း သိတဲ့အတိုင်းပဲ မရောင်းခင်လည်း ပြင်ဆင်ရ ရောင်းနေပြန်တော့လည်း လက်မလည်ရ ရောင်းပြီး ပြန်တော့လည်း သိမ်းရဆည်းရနဲ့ အားကိုမအားဘူးလေ ။ အဲဒီအခြေအနေမျိုးမှာ မေမေ့ဆီက ဒီအခွင့်အရေး တွေရဖို့ဘယ်လိုဖြစ်နိုင်တော့မလဲ မဟုတ်ဘူးလား ။



ကျောင်းသွားတော့လည်း မူကြိုဖော်တွေနဲ့ ကျောင်းပြန်တော့လည်း ထိုနည်းလည်းကောင်းဆိုသလိုပေါ့ ။ ခြေရင်းအိမ်မှာ မူကြိုတက်ဖော် ငုဝါမောင် ၊အာကာမောင် နဲ့ဥကာမောင် တို့နေတယ်လေ ။ကျောင်းသွား ကျောင်းပြန် သူတို့နဲ့ပေါ့။ သူတို့မှာ ကျော်ကျော်နဲ့မင်းမင်း ဆိုတဲ့အကို နှစ်ယောက်ရှိတယ် ။ သမီးပျိုမှာက အကိုတစ်ယောက်ပေါ့ ။ မိဘတွေ အလုပ်ရှုပ်နေချိန်ဆို အိမ်ဘေးက ခုံလေးပေါ်မှာ အတူတူထိုင်နေကျ ၊ မဟုတ် ရင် အိမ်နားက မီးသတ်ရုံမှာ ကစားနေကျပါ ။ မှတ်မိသေးတယ် အဲဒီနေ့က................



“ဟဲ့.....ဟဲ့...လုပ်ကျပါဦး....ကယ်ကြပါဦး....မင်းမင်းရေ...ကျော်ကျော်ရေ ...လာကြပါဦးဟဲ့“ ဆိုတဲ့အသံနဲ့ အတူ လူသံတွေ ကြားလိုက်ပြီးနောက် ဘာမှ မကြားတော့ဘူးလေ ။ ဘာဖြစ်တာလဲ သိချင်ကြမှာပေါ့နော် ။ သူ ငယ်ချင်းနဲ့သစ်သားခုံလေးပေါ်မှာ အတူတူထိုင်ရင်း နှစ်ယောက်ပြိုင်တူ ခြေထောက်ကို ရှေ့နောက်လွှဲတာ အရှိန်လွန်ပြီး နှစ်ယောက်လုံး နောက်ပြန်လန်ပြီး ခုံနောက်က မြောင်းနက်ထဲ အုန်းကနဲကျသွားတာ ဘာမှကို လုပ်ချိန် မရလိုက်ဘူး ။ လေးနှစ်အရွယ် ကလေးနှစ်ယောက် မြောင်းထဲပက်လက်ကြီး ကျသွားတော့ အသက်ရှု တိုင်း ရွှံ့တွေဝင်ကုန်တာပေါ့ ။ ရန်ကုန်က မြောင်းတွေကသိတဲ့အတိုင်းပဲ အနံ့ကမကောင်း အရောင်တွေက မည်းညစ်ညစ်နဲ့ဆိုတော့ အတော်မစားသာဘူးဗျို့ ။ ကိုကျော်နဲ့ကိုမင်း တို့က ခါးတောင်းကိုမြောင်အောင် ကြိုက်ပြီး မြောင်းထဲဆင်းဆယ်တာလေ ပါလာတယ်တဲ့ မည်းမည်းလေး နှစ်ယောက် ....ဟီး ...စဉ်းစားသာကြည့်ပေတော့................



သမီးပျိုငယ်ငယ်က ဆံပင်လေးက နီကြောင်ကြောင်နဲ့လိမ်လိမ်လေးတဲ့ ။ မျက်လုံးလေးက ၀ိုင်းပြီး ပါးလေးက ဖောင်းဖောင်းလေးဆိုပဲ နှုတ်ခမ်းလေးက စုစုလေးနဲ့အရပ်လေးကပုပုလေးဆိုတော့ ချစ်ခင်သူပေါဆိုပဲ ။ အဲဒါကြောင့်ထင်တယ် ။ ဖေဖေ့အမျိုး ဦးဖိုးသာအောင်ဆိုတာလေ အရပ်ရှည်ရှည် အသားမဲမဲ မျက်လုံးပြူးပြူးနဲ့ အိမ်လာရင် မိစု ...မိစု ဆိုပြီး လိုက်လိုက်ဖမ်းတာ ကြောက်လို့ ပြေးရ ၊ပုန်းရ နဲ့ မလွတ်လို့မိပြီဟေ့ဆိုလို့က တော့ သူ့နှုတ်ခမ်းမွှေးတွေနဲ့ တရှုးရှုးနဲ့နမ်းတာ နာကနာ ကြောက်ကကြောက်နဲ့ သူလာရင်ငိုရတာ အမောပဲ။



သမီးပျိုရဲ့ ကိုကိုက အဲဒီတုန်းက လေးတန်းပေါ့ ။ ကျောင်းကပြန်လာရင် သမိုင်းကိုသွားရတယ် ။ မေမေ လိုအပ် မယ့် အမဲသား ၊ ၀က်သား၊ အသား နဲ့ငါး သွားဝယ်ပေးရတဲ့ တာဝန်က ကိုကို့တာဝန်လေ ။ ညနေပိုင်းဆို ကိုကို ကသမိုင်းဈေးသွားနေကျ တစ်နေ့တော့......................................................................



“ဒိုင်း.....ဒိုင်း..........ဒိုင်း.............ဒိုင်း...................ဒိုင်း.....................ဖောက်.....ဖောက်.....ဖောက်......ဖောက်......ဖောက်.....“ သေနတ်သံတွေ ဆူညံနေတာပဲ ။ လူတွေလည်း ရုတ်ရုတ်သဲသဲ ပြေးသူပြေး အော်သူ အော် လမ်းမပေါ်မှာ ကလေး လူကြီး သက်ကြီး သက်ငယ် ...အို.....စုံနေတာပါပဲ ။ အဲဒီအသံတွေလည်းကြား ရော သမီးပျို တစ်ယောက် လွယ်အိတ်ကောက်လို့ အိမ်ဆီပြေးတာ တန်းနေတာပဲ ဆရာမတောင် တားချိန်မရ လိုက်ဘူး ။ အိမ်လည်းရောက်ရော မေမေတို့ကိုတွေ့တာပဲ ။ ကိုကိုပြန်မလာလို့စိတ်ပူနေကြတာလေ ။ သမီးပျိုကတော့ လောက်လေးတစ်လက်ကိုင်ပြီး ကုတင်ခေါင်းရင်းမှာကုတ်ကုတ်လေးထိုင်နေတာ လှုပ်တောင် မလှုပ်ပေါင်။ ကြောက်တာကိုး ။ အပြင်ထွက်ရဲဘူး ရယ် သူတို့က ချိန်ပြီးပစ်တာ မှတ်လို့ ရမ်းပြီး တွေ့ရာလူကို ပစ်တာ ။ ပြေးတဲ့လူ သေပဲ ။ မေမေ တို့ စိတ်ပူပြီးလိုက်သွားမယ် လုပ်တော့ ကိုကိုတစ်ယောက် လက်ဆွဲခြင်းဝိုင်းဝိုင်းလေးကို ခေါင်းဆောင်းပြီး ပြေးလာတာ တန်းနေတာပဲ။ လမ်းမှာ ပြောင်းဖူးသည်တစ်ယောက်ရယ် ကလေး တစ်ယောက်ရယ် သွေးအိုင်ထဲမှာ မြင်ခဲ့ရတယ်တဲ့ ။

သမီးပျိုကိုမွေးခဲ့တာက ၁၉၈၄ လေ ။ နောက်လေးနှစ်ရောက်လို့မူကြိုတက်တော့ ၁၉၈၈ ။ သူများတွေလို“၀ါဆို ၀ါခေါင် ရေတွေကြီးလို့သပြေသီးမှည့် ကောက်စို့လေ “ ဆိုတာမျိုးတွေ ဆိုနေဖို့အချိန်မရပါဘူး ။ ဆူဆူညံညံ သေနတ်သံတွေ ကြားထဲမှာ ဟိုပြေးဒီပြေးနဲ့ ကြီးပြင်းလာခဲ့တာ ။ဟိုကျောင်းသားက သပိတ်မှောက် ဒီကျောင်း သားက ဆူဆူပူပူနဲ့ဆိုတော့ တစ်မြို့လုံး ဆူပွတ်နေတော့တာပဲ ။ သပိတ်ကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေက စက်ရုံတွေကို ဖျက်ဆီးပြီး လိုချင်တာတွေယူကြ ၊ အပေါ်ကလူက သွပ်ကိုတက်ခွာချချိန်မှာ လက်ချော်ပြီး အောက်ကိုပြုတ်အကျ အောက်ကတစ်ယောက်ပေါ်ပြုတ်ကျလို့ ဒဏ်ရာတွေရကြနဲ့ ရုပ်ရှင်ထဲမှာ ရွာထဲကို ဂျပန်တွေဝင်သလိုပေါ့ ။

ဒီလိုနဲ့ သမီးပျိုတို့ ရန်ကုန်မှာ ဆက်မနေရဲတော့ဘူးပေါ့ ။ ဆက်နေရင်တော့ သေရင်သေ မသေရင် သေနတ် မှန်ပြီး ကားမှာသေချာတယ် ။ အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး ဘူတာကိုတစ်မိသားစုလုံး ပြေးတော့တာပဲ ။ ရ ထားကလည်း ခါချဉ်အုံ တုတ်နဲ့ထိုးလိုက်သလိုပဲ ကြပ်ညပ်နေတာလေ အသက်ရှုလို့တောင်မ၀ပါဘူး ။ တဖြည်း ဖြည်းနဲ့ မိုးလင်းလာတော့ တစခန်းထတော့တာပါပဲ။ သေနတ်တွေ တကိုင်ကိုင်နဲ့ ရထားတွေကို အပြင်က ထု ကြတော့တာပဲ ။ ရန်ကုန်နဲ့ သာရဝေါ ပြေးတဲ့ရထားတွေက လုံးဝကိုမကောင်းတာ သံကြေးတွေ အထပ်ထပ်နဲ့ ဆိုတော့ သူတို့ထုလိုက်တိုင်း သံကြေးမှုန့်တွေက ဖွာကနဲပဲ ။ အဲဒါကို ကိုယ်မှ မသိတာ။ ဘယ်လူတွေပါလိမ့်လို့ ချောင်းကြည့်လိုက်တာ ပြတင်းပေါက်ကို သေနတ်နဲ့လှမ်းအထုနဲ့တိုးတော့ မျက်လုံးထဲဝင်တာပေါ့နော့် ။

ဒီလိုနဲ့ ရထားတတန် လှေတတန် နဲ့ အဖိုးအဖွားတွေ ရှိတဲ့ရွာကိုရောက်တာပေါ့ ။ အဲဒီမှာ နေရင်းထိုင်ရင်းနဲ့ ရန်ကုန်ကိုပြန်မလာဖြစ်တော့တာပါ ။ အဲဒီမှာပဲ ကျောင်းနေဖြစ်တယ် ။ ကိုးတန်းအထိပဲဆိုပါတော့ ။

( နှင်းရေ မနက်ဖြန် လန်ဒန်ကိုသွားရမှာမို့ အမြန်ရေးလိုက်ရတာဟ ။ ကလေးဘ၀ကို သေချာတောင်ပြန်မတွေး ဖြစ်ဘူး ကျန်တာတော့ ကျန်သေးတယ်ဟ ။ နောက်တစ်ခါ တက်ခ်မှ အေးဆေးရေးပေးမယ်နော် ။ မကျေနပ် ရင် နောက်တစ်ခါတက်ခ် ဟာ နော် ။ ချစ်ဖို့ကောင်းပါတယ် နော်....နော်...)
မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။