လေယဉ်မယ်တစ်ယောက်ရဲ့ဘ၀ဆိုတာ......


သာယာသောနေ့တစ်နေ့ရဲ့ ကြည်လင်လှတဲ့ ကောင်းကင်ပြာပြာကြီးအောက်က ဖြူလွှလွှတိမ်စိုင်ထုတွေကြားထဲ အတောင်စုံဖြန့်ရင်း ပျံသန်း တဲ့ ငှက်တစ်ကောင်နဲ့လည်းတူတယ် ။ လေနှင်ရာ မပျံသန်းရပေမယ့် တိမ်ခြေရာတွေကိုလည်း ကျော်ဖြတ်ခဲ့ရဘူးတယ် ။ တိမ်တောင် တွေက လှချင်တိုင်းလှလို့ တိမ်လိပ်လေးတွေကလည်း ဟိုတစ်လိပ်ဒီတစ်လိပ် ။ တိမ်လွှာလေးတွေအစီအရီကြားထဲမှာ တိမ်မျှင်လေး တွေလည်း ကျိုးတိုးကျဲတဲ ပျံဝဲလို့ နတ်ဘုံအလား လှလိုက်ပါဘိ ။ တစ်ခါတလေများဆိုရင်လေ ဂွမ်းတွေလိုဖြူဖွေးလှတဲ့ တိမ်အဆုပ်လိုက် အပုံလိုက်ဟာ ကောင်းကင်တစ်ပြင်လုံးပျံ့ကျဲလို့ တိမ်သဘင်အစည်းအဝေလားမှတ်ထင်စေရတယ် ။ နေရောင်ခြည် တောက်ပတဲ့နေ့များဆိုရင်လေ နေမင်းရဲ့လှပတဲ့ အလင်းရောင်ဟာ တိမ်တွေကို ဖေါက်ထွင်းလို့ ကမ္ဘာမြေကို သက် ဆင်းတဲ့နေ့ က ပေါ့ ။ တိမ်တွေကို သူ့အလင်းရောင်နဲ့ကျော်ဖြတ်လိုက်တာလေ ငွေရောင်အနားကွပ်လေးတွေတောင် တလက်လက် တောက်ပလာလိုက်တာ တဖျပ်ဖျပ်နဲ့ပါပဲ ။

တိမ်တွေမှာ အရောင်ရှိသလား မရှိဘူးလားဆိုတာ ကိုယ့်ကိုကိုယ်တောင် ပြန်မေးမကြည့်မိလိုက်ဘူး ။ အဲဒီနေ့ကပေါ့ နေ့ဝင်ချိန် ဆည်းဆာလေးမှာလေ အမှတ်တမဲ့ ပြတင်းတံခါးကို မျှော်ငေးကြည့်လိုက်မိတာပါ ။ထင်မထားခဲ့ပါဘူး လုံးဝကို မမျှော်လင့်ခဲ့တာပါ ။ တိမ်တွေမှာ အရောင်တွေရှိတယ်လား ။ အင်း ထင်ရတာပဲလေ ။ နေလုံးကြီးက ပုဇွန်ဆီရောင်ပုဝါကြီးကိုခြုံလို့ ကွယ်ပျောက်ဖို့ ကြိုးစားနေပြီ ။ ဟိုးအဝေးတစ်နေရာ ဆန့်ကျင်ဘက်လားရာ မှာတော့ အပြာရင့်ရောင်ခပ်ရင့်ရင့်ကြီးက ပုဇွန်ဆီရောင်ခြုံထည်လေးကိုငေးမောလို့နေတယ် ။ နေလုံးကြီးဘေးကတိမ်လေးတွေတောင် လိမ္မော်ရောင်တောက်လို့ နေလုံးကြီးကိုအဖော်ပြုပေးနေ တာများလား ။ ကောင်းကင်ကြီးတောင် အရောင်ပြောင်းသွားပါလားကွယ် ။ ကြည်ပြာရောင်ကောင်းကင်ကြီးဟာ ခုတော့လည်း ခရမ်းသွေးရောင်တွေကြား လိမ္မော်ရင့်တွေက ယှက်နွယ်လို့ နက်ပြာရောင်တွေလည်းပါလိုက်သေး ။ အို..လှလိုက်တဲ့ပန်းချီကား တစ်ချပ်လိုပါပဲလား ။ ပန်းချီထဲမှာဆိုရင်လေ အိပ်တန်းပြန်တဲ့ငှက်လေးတွေ ပါမှာနော် ။ ပေလေးသောင်းကျော် ကောင်းကင်ပြင် မှာတော့ ငှက်ငယ်တွေ ဘယ်များရောက်နေရော့သလဲကွယ် ။ နေ၀င်ဆည်းဆာမို့ ငှက်လေးတွေ အိပ်တန်းတက်ကုန်ကြတာလား ။ အင်း..... ဒီလိုဆိုပြန်တော့လည်း လွမ်းဆွေးဆွေးကြီးခံစားရလို့ မပြီးနိုင်သေးတဲ့ ဂျူတီဆိုတာကြီးကိုဆက်လက်ထမ်းဆောင်ရင်း အလွမ်းတေးတစ်ပုဒ်ကို ကပြ နေရတဲ့သူတစ်ယောက်နဲ့များတူနေရော့သလား...။


တာဝန်သယ်ဆောင်ရာလိုက်ပါနေရတဲ့ တို့များရဲ့ဘ၀ဟာ ဇတ်သမားတွေနဲ့လည်းတူသေးတယ် ။ ဒီအရွယ် ဒီအချိန်မျိုးမှာ မတူညီ တဲ့ ရေခြားမြေခြားတွေကိုသွားလို့ ဒီခြေထောက်တွေက မတူညီတဲ့မြေတွေမှာခြေချရလိမ့်မယ်လို့ ယောင်လို့တောင် အိပ်မက် မမက် ဘူးခဲ့ပါဘူး ။ လူမျိုးပေါင်းစုံကိုဆက်ဆံလို့ ခရီးသည်တွေစိတ်ချမ်းသာဖို့ ဇတ်ဆရာအလိုကျပေါ့ ။ မတူညီတဲ့ နေ့ရက်တွေ မှာ မတူညီတဲ့လူမျိုးတွေကြား ဘာတွေမှ မတူညီခဲ့ပါဘူး ။ ဇတ်သမားတွေဟာ ဇတ်သတ္တာခေါ်ဆောင်ရာလိုက်ပါရသလို တို့လည်း ပဲ ထိုနည်းလည်းကောင်းပေါ့ ။ အိပ်မက်ထဲမှာ လမ်းလျှောက်နေသူလို အရာရာဟာ ၀ိုးတ၀ါးနဲ့ နိုင်ငံခြားတွေမှာ ဟိုငေးဒီငေး ။

ပတ်ဝန်းကျင်မျိုးစုံမှာ ကြီးပြင်းလာကြတဲ့ ကမ္ဘာအရပ်ရပ်က ပြည်သူတွေဟာ အကျင့်စရိုက်မျိုးစုံနဲ့မဟုတ်လား ။ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ လူ့လောကကြီးထဲမှာ ဖြစ်ပြီးရင် ပျက်တတ်တာ ဓမ္မတာပေမယ့် ရှုပ်ပြီးသွားရင်တော့ အလိုလိုရှင်းမသွားတတ်ဘူး မဟုတ်လား။ ခရီးစဉ် မစခင် လေယဉ်လေးက သန့်ရှင်းနေပေမယ့် ခရီးစဉ်အဆုံးမှာတော့ မုန်တိုင်းစဲ စအမှိုက်ပုံတစ်ခုလိုရှုပ်ထွေး နေတတ်တာလည်း ဖြစ်စဉ်တစ်ခု ။ ဒါတွေက သန့်ရှင်းရေးအဖွဲ့ရဲ့တာဝန်လို့ဆိုသော်ငြား ၁၄ နာရီကြာပျံသန်းချိန်မှာ လေယဉ် သန့်ရှင်းဖို့က တို့များရဲ့တာဝန် ။ အပေါ့သွားပြီးရင် ရေမဆွဲချတာတွေ ၊ ရေအိမ်တစ်ခုလုံး စိုရွှဲနေတာတွေ ၊ အပေါ့ရောအလေး ပါသွားပြီး တစ်ရှူးတွေပါ ထည့်ခဲ့ပြီး ရေမသုံးခဲ့တာတွေ ။ ဒါတွေကိုလည်းလုပ်ရပါသေးတယ်။ ဒါဆို လေယဉ်မယ်ဆိုတာက အချိန်ပိုင်းသန့်ရှင်းရေးသမားလည်းမည်ပါတယ် ။

ခရီးသည်တွေ ဘေးကင်းဖို့ လုံခြုံဖို့ဆိုတာ ခရီးစဉ်မစခင် စစ်ဆေးရေးဝင်ရပါတယ် ။ အောက်ဆီဂျင်ပိုက်တွေမှပါရဲ့လား... အရေးပေါ် အသက်ကယ်အကျီမှ လုံလောက်ရဲ့လား ။ဘယ်သူတွေများ ဗုံးတွေထောင်ထားမလဲ ။ အသက်ကိုအန္တရယ်ဖြစ်စေမယ့် ချွန်ထက် တဲ့အရာတွေများရှိနေမလား ။ ခရီးသည်တွေအတွက် အစားအစာမှလုံလောက်မှုရှိရဲ့လား ။ ကလေးတွေအတွက်ရော ကစားစရာတွေနဲ့ မုန့်တွေရော ရှိရဲ့လား ဆိုတာတွေကိုလုပ်ရတော့ မိခင်တစ်ယောက်နဲ့ရောတူမနေဘူးလား ။ မိခင်တစ်ယောက်ရဲ့ သားသမီးတွေအပေါ်စိုးရိမ်စိတ်တွေနဲ့လေ ။

လေကြောင်းလိုင်းမှာ နံပါတ်တစ်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့နေရာမှာ ဖော်ရွေမှု လှိုက်လှဲပြူငှာမှု တွေပေးနိုင်ဖို့ ပြုံးထားရတဲ့အပြုံးတွေဟာ ၁၄နာရီနောက်ပိုင်း ဟော်တယ်ရောက်ချိန်မှာတော့ မေးရိုးတွေတောင်နာလို့ ။ ဒါလည်း ဇတ်ဆရာ အလိုကျပါပဲလေ ။ ကစားကစားကွင်းကြား ဂျိုကာလုပ်ရင်း ကလေးတွေပျော်ဖို့ ပြုံးပြ ရယ်ပြ ကပြရတာတွေဟာလည်း သူ့အလုပ် သူ့တာဝန် ။ ဒါဆို တို့ လည်းဂျိုကာပေါ့နော် ။

တစ်ခါတစ်ခါမှာ အဖြေရှာမရတဲ့ ပုဒ်စာတစ်ပုဒ်ကိုတွက်နေရသလိုလိုလည်း ခံစားခဲ့ဖူးပါရဲ့ ။ သင်္ချာတွက်တိုင်း သုံးတတ်တဲ့သီအိုရီ တွေ လည်းအားလုံးကုန်ပြီ။ ဒါတောင်အဖြေဟာ မှားနေသေးတယ်ဆိုရင် ..သင်္ချာပါရမီရှင်တစ်ယောက်လို သီအိုရီ အသစ်ထုတ်ဖို့ အီကွေးရှင်းချဖို့ မဖြစ်နိုင်ခဲ့တော့ ခရီးသည်ဂျစ်ကန်ကန်တွေကို ဘယ်လိုအီကွေးရှင်းနဲ့များညှိရပါ့မလဲ ။ ခက်ခက်ခဲခဲ အဖြေရှာတွေ့ သွားသူရဲ့ ပြုံးနည်းမျိုးသူတို့မျက်နှာပေါ်မှာ မြင်ရဖို့က ဖြတ်ထိုးဥာဏ်သုံးပြီး ဖြစ်နိုင်သမျှ အီကွေးရှင်းအားလုံးနဲ့ညှိရသလို ယောင် ချာချာ သင်္ချာဆရာလိုပါပဲ ။


အလုပ်ဖော်လူမျိုးစုံကြားထဲမှာ လှုပ်ရှားနေရတဲ့ဘ၀ဟာ တစ်ခါတလေတော့ အပျိုကြီးတစ်ယောက်ရဲ့ဘ၀မျိုး ပျင်းခြောက်ခြောက်နိုင် တယ်။ အမိဘာသာစကားမဟုတ်တဲ့ တူညီတဲ့ ဘာသာစကားတစ်ခုတည်းနဲ့ဆက်ဆံနေရတဲ့ဘ၀ဟာလည်း မရယ်ရတဲ့ ဟာသတစ် ပုဒ်လို ကြောင်တောင်တောင်နိုင်သေးတယ် ။ လူမျိုးတွေခြား..ဘာသာတွေများခဲ့တော့ ဆက်ဆံကြရတဲ့ အသိုင်းမ၀ိုင်းဟာ ကပ်လို့ ဘယ်လိုမှမရနိုင်တော့တဲ့ နှစ်ချို့ကော်တစ်ဗူးလို စေးကပ်ခြင်းတွေလည်း ပျောက်ဆုံးခဲ့ဖူးတယ် ။ ဆေးစက်ကျရာ အရုပ်မဖြစ်နိုင်တဲ့ ဒီလိုဘ၀ထဲမှာ ကိုယ်ဟာ ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့လည်း ကြိုးစားရအုံးမယ် ။ အနုပညာတွေနဲ့ဖွဲ့စည်းထားတဲ့ ဒီအနုပညာ ကျောင်းတော်ကြီးမှာ အောင်မြင်ခြင်း အနုပညာကို ရှာတွေ့နိုင်ဖို့ကြိုးစားနေဆဲ ကိုယ်ဟာ ရှာဖွေသူတစ်ယောက် လည်းဖြစ်နေပါတယ် ။

.....................................................................................


တစ်ချို့ခရီးစဉ်တွေမှာ ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေပဲ ပါလာတတ်သလို တစ်ခါတလေတော့လည်း ဒါ့ထက် မက တာတွေ လည်းပါလာတတ်ပါတယ် ။ ဒါတွေဟာ လေကြောင်းလိုင်းရဲ့ ထုံးစံပါ ။ လေကြောင်းလိုင်းရဲ့ အဓိကတာဝန်က သယ်ယူ ပို့ဆောင်ရေးပဲမဟုတ်လား ။ တစ်နေရာက တစ်နေရာကိုရောက်ဖို့ဆိုတာ သယ်ယူပို့ဆောင်ရေးတွေလိုအပ်တယ် ။ ပို့ချင်တဲ့ ကုန်တွေတိုင်းကိုပို့လို့မရပေမယ့် ဘောင်ထဲကလက်ခံနိုင်တယ်ဆိုရင် ပို့လို့ရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ ။ အဲဒီအထဲမှာ(ROB) အာအိုဘီ တွေလည်းပါတယ် ။

တစ်ခါတလေ အာအိုဘီတွေက ခရီးသည်တွေကြားမှာ လည်းဟန်ဆောင်တတ်ကြသေးတယ် ။ လေယဉ် မယ်တွေရဲ့ နားနေခန်းတွေမှာတောင် သူတို့အနားယူလိုက်သေးတယ် ။ “ဒီနေရာက ခရီးသည်တွေနားနေလို့မရပါဘူး“လို့ပြောတော့ သူက ပြောပြန်တယ် “ ပင်ပန်းလို့ပါ“ တဲ့လေ ။ ဒါဟာ တကယ်လား ဟာသတစ်ပုဒ်လားဆိုတာ သေချာမသိရပေမယ့် ဖြစ်နိုင်ခြေရှိတယ်လို့တော့ ယူဆရတာပဲလေ ။ ROB ဆိုတာက remain On Board ပါတဲ့ ။ ခရီးစဉ်အဆုံးမှာ ခရီးဆောင်အိတ်တွေနဲ့အတူ လေဆိပ်ထဲကို ပို့စရာမလိုပဲ လေယဉ်ရဲ့ကာဂို ထဲမှာ သီးသန့်ချန် ထားရမယ့် စာရင်းပေါ့ ။ အပွင့်လင်းဆုံးပြောရရင်တော့ လူသေအလောင်းတွေပါ ။

ကြားဖူးတာကတော့ သေသွားတဲ့လူတွေဟာ တော်ရုံအချိန်အတွင်းမှာ သူတို့ကိုယ်သူတို့သေတယ်ဆိုတာ မသိကြဘူးဆိုပဲ ။ မှန်လား မှားလား ဆိုတာကတော့ သေချာမသိနိုင်ပေမယ့် ယုံတယ် မယုံဘူးဆိုတာလည်း ကိုယ်နဲ့ပဲဆိုင်ပါတယ် ။ လေကြောင်း လိုင်းမှာ ဒီလို အဖြစ်တွေ (သို့)ကောလဟာလ တွေရှိဖူးတယ်ဆိုတာပါပဲ ။

ဒါ့ကြောင့် ခရီးများသွားရင်လေ အားလုံးဟာ ခရီးသည် အစစ်တွေမဟုတ်နိုင်ဘူးဆိုတာ စဥ်းစားကြည့်ပေါ့နော် ။ .....၀ိဥာည်ခရီးသည်တွေနဲ့ တွေ့မှာစိုးတာပါ ။

ဒါဆို လေယဉ်မယ်တွေရဲ့ဘ၀က ၀ိဥာည်ခရီးသည်တွေနဲ့ ကစားနေရတဲ့ သရဲခြောက်တဲ့ အိမ်ကြီးထဲက ၀န်ထမ်းတွေပေါ့နော်....

....................................

12 comments:

နှင်းနဲ့မာယာ said...

တငယ်ချင်းရေ
ငါတော့ ကြောက်တယ်...
နင်ရော ကျောမချမ်းဘူးလား...
ဝိဥာဉ်တွေနဲ့ ခရီးမသွားရဲသေးဘူးဟ...

နှင်း

မေဇင် said...

ကြောက်စရာ....း)...

အိုက်ခီလောက် said...

အော် လေယာဉ်မယ် ဘဝ လည်း မသေးပါဘားနော်
ထွေးငယ် နင့်အစားငါ့တောင်ရင်တုန်ဖြစ်မိပါသေး၇ဲ့ 
ဘဝ တစ်ဆစ်ချိုးမှာ မကြုံချင်တာလည်းကြုံရ
မဖြစ်ချင်တာတွေလည်းဖြစ်ရ
ပျှော်ရာမနေ တော်ရာနေဆိုတဲ့ စကားလိုပဲ
ဒို့ များရောက်တဲ့အရပ်မှာပျှော်သလိုနေကျရတာပေါ့

kaungkinpyar said...

လေယဉ်မယ် ဘ၀လေး အဆင်ပြေ ချောမွေ့ပါစေ ကောင်းကင်ရဲ့ သမီးပျိုလေးရေး)

မြစ်ကျိုးအင်း said...

ဒီလိုဆိုတော့လည်း မလွယ်ပါလား လေယာဉ်မယ်ဆိုတာ
သပ်သပ်ရပ်ရပ် ၀တ်ထားပြီး ပြုံးပျော်ရွှင်နေတဲ့ သူတွေ လို့ အကြမ်းမှတ်ယူထားမိတာလေ။

Angel Shaper said...

မီးပြိုကြီးးးးးး
ယူပြောမှပဲ လေယာဉ်မယ် လုပ်ဖို့ မပြောနဲ့  လေယာဉ်စီးဖို့ တောင်ကြောက်လာပြီအေ။
ငါ အဆိုတော်ဖြစ်ရင်တော့ ကိုယ်ပိုင်လေယာဉ်နဲ့ ပဲ ခရီးထွက်မှာပါပဲနော့်။ ဟိဟိ
ဝိဥာဉ်တွေနဲ့ ပျော်ပါးစွာ ခရီးဆက်နိုင်ပါစေ။
အဲ ဟုတ်ပါဘူး။။ ဘာတွေ တောင်းဆုပြုမိနေမှန်းမသိဘူး။
အဆင်ပြေပျော်ရွှင်ပါစေဟာ။ ရှင်းရှင်းလေး ဟိဟိ

မငုံ said...

ဘွားပျိုပြောမှပဲ လေယာဉ်မယ်တွေဘ၀ကို သေချာသိတော့တယ်။ ဒီလိုပဲပေါ့။ ဒါပေမဲ့ ပျော်တယ်မလား။ ကိုယ်ဝါသနာပါတာလုပ်နေရတော့။ ဟိဟိ ၀ိဥာဉ်နဲ့တော့ ခရီးသွားချင်ဘူး။

Anonymous said...

အယ် .. ကြည့်ဖူးတယ်ဗျ အဲလိုရုပ်ရှင်မျိုး အဟေးဟေး.. လေယာဉ်တင်ပြီး ပြန်ဆင်းလာတော့ အသက်ရှင်လျက် ယောက်မှ မကျန်ဘူး။ တယောက်ပြီးတယောက် ဂုတ်ချိုးစားတာလေ။ အဲဒီသူရဲကလဲ ဘယ်လောက်တော်လဲဆို လေယာဉ်ပြန်ဆင်းတော့ သွေးစတောင် မကျန်ဘူး နဂိုအတိုင်းပဲ ထူးခြားနေတာက ခရီးသည်တွေ မပါတာပဲ။ သူအရင်ဆုံး စစားတာက လေယာဉ်မယ်တွေကို စစားတာသိလား စားတာမှ ခေါင်းကနေကို စစားတာ..။ နာမည်တော့ မသိတော့ဘူး..။
နောက်ပြီး စနိတ်အွန်သည်ပလိန်းဆိုလား တကားရှိသေးတယ်၊ ဆမ်မြူရယ် အဂျက်ဆင် ပါတဲ့ကားလေ သိတယ် မဟုတ်လား..။ မြွေ တွေအထောကြီးနဲ့ ခရီးသွားတာလေ... အဟေဟေ ဘာပြောပြောပါ မြွေတွေက မြင်ရလို့ပြဿနာ မဟုတ်ပေမဲ့ မမြင်ရတဲ့ သူရဲတွေက ပိုကြောက်ဖို့ကောင်းတယ်။ ကျနော် ကြားဖူးတာပေါ့နော်။ ခရီးသည်တွေ အိမ်သာထဲ ဝင်နေရင် မီးမှိတ်သွားတာတို့ အထဲမှာ လော့ကျတာတို့ သရီးသည် စားမဲ့ အစားတွေ လျော့သွားတာတို့၊ လေယာဉ် တခုခု ဖြစ်တယ်ထင်ပြီး နီးရာ လေယာဉ်ကွင်းဆင်းပြီင်္း စစ်ဆေးတော့ ဘာမှမဖြစ်တာတို့၊ အများကြီးပဲ သိလား...။ တခါတလေ လေထဲ ပျံနေတုန်း ညသန်းခေါင်းလောက်မှာ ခရီသည်ခေါ်တာထင်ပြိး ထသွားကြည့်တော့ ခရီးသည် အကုန် အိပ်နေတာတို့၊ ကိုယ်အိပ်နေတုန်း တယောက်ယောက်က လာပုတ်နိုးသလိုလိုနဲ့ ကိုယ့်စိတ်ထဲ ထင်တာက ခရီးသည်ထင်နေတာတို့ အို.. အစုံပဲ သိလား။ ကြောက်စရာကြီး... သတိထားနော်... အထူးသဖြင့် ညဘက်ပျံတဲ့ အချိန်တွေ ပိုဆိုးသတဲ့ နေ့ဘက်တော့ မရှိသလောက်ပဲတဲ့ ...သိလား...

လင်းကြယ်ဖြူ said...

တွေ့တော့လည်း ရယ်ပြီး သွားဖြီးပြလိုက်ပေါ့ဟာ..
နင်ကလည်း..ဘာကြောက်စရာလဲ..
အတွေးကတော့မိုက်တယ်..လန်းတယ်..
လေယာဉ်မယ်တွေက မိခင်တွေနဲ့တူတယ်ဆိုတော့
နောက်တစ်ခါခရီးထွက်ရင် သူတို့ဆီကနေမုန့်ဖိုးတောင်းကြည့်ဦးမှ...ဟဲ
ပျော်ပါစေ...

kiki said...

ROB ဆိုလို့  ဘာသူခိုးသူဝှက် လု ခံရတာလဲ မှတ်ပါတယ် ..
အ မ ငီးးးး ...
အညိုးညိုး ဘာ လား နော် ..

လေယာဉ်မယ်( A/H ) ဆိုတာ လှတ ပတ လေးဝတ်စားပြီး ဇိမ်ကျမယ် မှတ်နေတာ .. ဦးနှောက်စားစရာ ခရီးသည် ရဲ့  အရစ်ခံ ရ တာလည်း မလွယ် ပါလား ။
အန္တရာယ်လည်း အတော် များသားဘဲ ...
(အဟက် ...လခ တော့ ကောင်းမှာပေါ့ )..
သံဗုဒ္ဓေ များများ သာ ရွတ်ပါ ...
ခလုတ် မထိ ဆူးမငြိ ပါစေ နဲ့ လို့  ဆုတောင်းပေးပါတယ် သမီးလေး ရေ .. အဲ .. သမီးပျို ရေ ...

ခင်မင်စွာဖြင့်
ကြီးဒေါ် ကိ ( လူ အထင်ကြီးအောင်) :))

ထင်လင်းအောင် said...

ဒီပိုစ့်လေးကို ဖတ်မိမှပဲ..လေယဉ်မယ်တစ်ယောက်ရဲ့ ခံစားချက်တွေနဲနဲနားလည်လာမိတယ်...အရင်ကမသိဘူးဗျ....

မိုးခါး said...

နာတော့ ကြောက်တယ်
နေရဲဘူး
စကားပြောဖို့ဆို ပိုဝေးသေးး(

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။