အိမ်ဆိုတာဘာလဲလို့ မေးရလောက်အောင် အိမ်မမြဲခဲ့တာ......မိသားစုနဲ့ အမြဲဝေးကွာစေတာက ၁၆ နှစ်က စ ခဲ့သ လို ခုထိလည်းဝေးနေသေးတာ....မိသားစု နဲ့အတူ အမိမြေကိုခွဲခွာလို့ အလုပ်ရတဲ့ဒေသမှာတောင် အိမ်မှာမနေရ ပဲ ခရီးတွေပဲ သွားနေရတတ်တာ...ခြေထောက်မှာ ဗွေ ပါလားလို့မေးယူရလောက်အောင် အိမ်ဆိုတာကို မကပ်နိုင်ခဲ့ တာဟာ ကံတရားကြောင့်လို့ဆိုရမလောက် အိမ်မမြဲသူတစ်ယောက်ရဲ့ နိစ္စဓူဝတွေကလည်း တစ်မျိုးတစ်ဖုံ.......


၂၄ နာရီသာရှိတဲ့ နေ့တစ်နေ့ရဲ့ အချိန်နာရီတိုင်းမှာ နေရောင်ခြည်နုနုလေး ဖြာဆင်းကျလာတဲ့ နံနက်ခင်းဟာ တစ်နေ့တစ်ခါသာ ရှိတတ်ပေမယ့် မတူညီရဲ့ နိုင်ငံရဲ့ အချိန်မညီမျှမှုတွေကြောင့် နေထွက်တာ ၂ခါမြင်ဖူးသလို နေ့ရက်တွေလည်း ပျောက်ဆုံးဖူးပါရဲ့....

အချိန်တွေ ပျောက်ဆုံးဖူး သလို ၂၄ နာရီထက်ပိုတဲ့ နေ့ရက်တွေမှာလည်း အသက်ရှင်နေဖူးတယ် ။ လက်ရှိနိုင်ငံ ရဲ့ ပစ္စုပ္ပန် ညတွေမှာ အိပ်ဖို့ကြိုးစားခဲ့ရတော့ အခြေချတဲ့ ကန္တာရ ကိုပြန်ရောက်ချိန်တွေမှာ နေနဲ့ည မှားလို့ ညအိပ်ချိန်တွေဟာလည်း နိစ္စဓူဝထဲက လွဲချော်မှုလေးတွေ......

ကာလာမျိုးစုံ ဘာသာမျိုးစုံ ကြားမှာ လှုပ်ရှားနေရတဲ့ နေ့တဓူဝ လှုပ်ရှားမှုတိုင်းဟာ အမြဲတမ်း လှပ မနေသလို...

နိုင်ငံတကာရဲ့ တင်းကြပ်လွန်းတဲ့ ဥပဒေဘောင်တွေကြားမှာ ၀င်ခွင့်တန်းစီစောင့်ရတဲ့ လေဆိပ်တိုင်းမှာလည်း မလှပခဲ့ပါဘူး ။ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ အနီရောင် စာအုပ်လေးကို ဟိုတပြန် ဒီတပြန် ဟို လှန်ဒီလှန် လုပ်ပြီးတာတောင် နိုင်ငံကုတ်မသိလို့ ကိုယ့်ကျမှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုတွေဟာလည်း နိစ္စဓူဝထဲက အံချော်မှုလေးတွေ.............


နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးမိ ဆိုတဲ့သီချင်လေးလို မလုပ်သင့်ပဲလုပ်နေမိတဲ့ အမှားတွေအတွက်လည်း သိသိကြီးနဲ့ ချိုမြိန်စွာ ဆက်လက်စားသုံးနေမိသေးတယ် ။ ဖြတ်လို့မရတဲ့ နှောင်ကြိုးတွေအတွက် ဘယ်လိုရက် စက်မှုတွေကို မွေးမြူလို့ ဘယ်လိုများ အဆုံးသတ်ရပါ့မလဲ ဆိုတဲ့ ရှိုက်သံရောတဲ့ အတွေးလေးတွေကို ရင်နင့်စွာ ပဲ အဖြေရှာနေတယ် ဆိုတာများ သူသိရင် ဒဿလို မိန်းမ လို့များ ထင်နေမလား ဆိုတဲ့ မလိုလားအပ်တဲ့ အတွေးတွေ ကို ရင်မှာပိုက်ရင်း ကုန်ဆုံးနေတဲ့ ၀ိုးတ၀ါးနေ့ရက်တွေကလည်း ဒုနဲ့ဒေး.......


ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရတဲ့ လူလောကကြီးမှာ စိတ္တဝေဒနာရှင်တစ်ယောက်လို အချစ်စစ်ကိုရှာဖွေ နေမိသလို ...အစွဲအလမ်းကြီးတဲ့ ကိုယ်ရဲ့ညဉ်ကြောင့်ပဲ အိမ်ထောင်ကျကံမကောင်းဘူးဆိုတဲ့ ဗေဒင်ဆရာတိုင်း ရဲ့ဟောချက်တွေက ရင်ထဲမှာ သံမှိုရိုက်ခတ်ထားလေတော့ သူ့ကိုများ ယူလိုက်မိရင် ငါကံမကောင်းတော့ မှာလား ဆိုပြီး စွန့်လွှတ်မယ် ကြံမိပြန်တိုင်းလည်း အဲလိုစွန့်လွှတ်ပြီးနောက်တစ်ယောက်ကို ကိုရွေးမိတာကြောင့် ကံမကောင်းမှုကိုဖန်တီးမိတာလားဆိုတဲ့ စိတ္တစ အတွေးတွေနဲ့ နှုတ်မရတဲ့ အစွဲအလမ်းကြီးမှုတွေကြောင့် တစ်ယောက် ယောက်ကို ရွေးချယ်မယ် ကြံတိုင်းလည်း စိတ္တတွေက ၀င်ရောက်နှောက်ယှက်လို့ တွေဝေခဲ့ရတဲ့ နိစ္စ ဓူဝတွေနေ့ရက်တွေကလည်း မဆုံးနိုင်အောင်ရှိနေပြန်သေးတယ် ။


မရှိမကောင်း ရှိမကောင်း ၊ မပေါင်းလည်းခက်ပေါင်းလည်းခက် ဆိုတဲ့ စကားပုံထဲကနဲ့ ခပ်ဆင်ဆင်ပါပဲ.... တို့များကျတော့.......မရှိမဖြစ်တဲ့ အဲဒီငွေကြေးဆိုတာတွေက လူတွေကိုခိုင်းစေတတ်တော့ မရှိမကောင်း ရှိမကောင်းဆိုသလို ..........သိပ်ရှိလွန်းတဲ့သူတွေက လည်း ထိန်းချုပ်မှုမရှိတဲ့ မှားယွင်းစွာ သုံးဖြုန်းမှုတွေကြောင့် ဘ၀ပျက်ကြရတဲ့ ဖြစ်စဉ်တွေကလည်း မြင်ကြားနေရတဲ့ မရိုးနိုင်တဲ့ နိစ္စဓူဝဆိုရင်လည်း မမှားပြန်ပါဘူး

မရှိလို့ မလှူ ၊ မလှူလို့ မရှိ ဆိုတဲ့ စကားတော့ ကြားဖူးမိပါရဲ့ ။ ဒီလိုပါပဲ အဓိက က အဓိကပါပဲဆိုသလိုမျိုး ငွေမရှိတော့ မျက်မှာငယ်ကြတယ်..မိသားစုတွေနဲ့ ခွဲခွာကြလို့ တရပ်တကျေးမှာ ငွေရှာနေကြရတယ်။ မရှိလို့မလှူ ဆိုတာထက် မိသားစု အဆင်ပြေဖို့ ကိုယ်ပိုင် ခံစားမှုတွေ အသာ ထား လို့ ဒီငွေကိုပဲရအောင် ကြိုးစားရှာနေကြရတဲ့ ဘ၀တူ မိတ်ဆွေတွေကိုလည်း ကိုယ်ချင်းစာမိပါရဲ့...

အမိမြေနဲ့ဝေးရလို့ ရေမြေကိုလွမ်း နိုင်ငံကိုလည်းလွမ်းတယ် ။ မြန်မာဆိုတဲ့ အသံကြားတာနဲ့ပျော်ရွှင်ခဲ့ရသလို ဘန်ကောက်ဆိုတဲ့ ဖလိုက်ရတိုင်းလည်းပျော်ရွှင်ခဲ့ရဖူးတယ် ။ အမိမြေကိုကျော်ဖြတ်လို့ အမိနိုင်ငံနဲ့ကပ်လျှက် နိုင်ငံဖြစ်နေတာကြောင့် နေတတ်ရင်ပျော်စရာကြီးပါဆိုသလို နီးနီးလေးမှာ ကိုယ့်ချစ်တဲ့ အမိမြေရှိနေတယ်ဆိုတဲ့ အတွေးလေးကလည်း ဘန်ကောက်ရဲ့နားရက်တွေကို အဓိပ္ပယ်ရှိရှိ ဖြတ်သန်းစေခဲ့တဲ့ နိစ္စဓူဝထဲက ပျော်စရာ အပိုင်းအစလေးတွေပေါ့


၂၅ ထပ်မြောက်ကနေ ကြည့်ရတဲ့ ကနေဒါရဲ့ ညအလှက သိပ်ကိုလှပခဲ့တာပါ ။ မိုးထိမြင့်တဲ့ အပြိုင်အဆိုင် အဆောက်အဦးတွေကြားမှာ ထိန်ထိန်ငြီးနေတဲ့ မီးလုံးတွေကလည်း ကနေဒါရဲ့အလှကို ပိုမိုလို့ဝင့်ကြွားခဲ့တယ် ပေါ့ ။ ညရှုခင်းတွေကြားထဲက ရေလှိုင်းတွေရဲ့ ရိုက်ခတ်သံကို မကြားပါပဲ ခံစားနေရတယ် မကြည့်ပါပဲ မြင်နေရ သလို မနီးမဝေးလေးမှာ မှုံပျပျနဲ့လှနေလေရဲ့လေ ။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဖြတ်သန်းသွားတဲ့ အစိမ်းရောင် ရထားလေးတစ်စီးကြောင့် ညရဲ့အလှဟာ လှုပ်လှုပ်ရွရွနဲ့ အသက်ဝင်နေခဲ့သေးတယ် ။ ပြတင်းနဘေးမှာ ကျော မှီထိုင်လို့ ဟိုးအဝေးကို ငေးရင်းတွေးနေတဲ့ ကျွန်မရဲ့ အတွေးတွေက ဘယ်လိုမှ ယှဉ်မရတဲ့ ရန်ကုန်ညကို ပဲ လွမ်းဆွတ်နေပါတယ်ပြောရင် ယုံနိုင်ကြပါ့မလား ။ အဲဒီလို အတွေးထဲက နိစ္စဓူဝတွေက ရေတွက်လို့မကုန်ရှိခဲ့ ပြန်သေးတယ် ။


အိမ်ပြန်ရောက်လို့ နှုတ်ဆက်မယ်ကြံတိုင်း တွေ့ရတတ်တဲ့ မျက်နှာတွေက မြန်မာမလေးတွေ မဟုတ်သလို အနားယူတော့မယ်ဆိုပြီး နားထောင်လိုက်တဲ့ မြန်မာသီချင်းတွေဟာလည်း အင်္ဂလိပ်ကော်ပီ သံစဉ်တွေကြောင့် တိုင်းတပါးသားတွေရဲ့ မူရင်းသီချင်းတွေကို လိုက်ဆိုနေမှုတွေဟာလည်း အောင့်သက်သက်နဲ့ အနေရ ခက်နေတဲ့ ကတ်သီးကတ်သတ် နိစ္စဓူဝနေ့ရက်တွေကို စိတ်ပျက်စွာ ဖြတ်သန်းခဲ့ရတာလည်း အကြိမ်ကြိမ်.......


နားရက်များလို့ ဘာလုပ်ရမှန်းမသိတဲ့ ကျွန်မကို လမ်းပြပေးတဲ့ နှင်းနဲ့မာယာ ဆိုတဲ့ ချစ်စရာ သူငယ်ချင်းမလေး ကြောင့် ဘလော့ခ် လောကထဲကို ပျော်ရွှင်စွာ ၀င်ရောက်မိခဲ့ပေမယ့် ပါရမီ မရှိတဲ့ စာအရေးအသားတွေကြောင့် ကိုယ့်ကိုယ်ကို အားမရလို့ စိတ်ပျက်ခဲ့ရသလို ...သူများတွေ ဘလော့ခ်လို သွားလည်တိုင်း ဖတ်လိုက်ရတဲ့ အရေး အသားကောင်းတဲ့ စာမူလေးတွေကြောင့်လည်း အားငယ်ခဲ့ဘူးပါတယ် ။ “ငါက စာပေဘက်မှာ ပါရမီ မပါလို့ပါ
လူတိုင်းစာရေးတတ်နေရင် အားလုံး ကမ္ဘာကျော် စာရေးဆရာတွေဖြစ်ကုန်တော့မှာပေါ့နော်“ လို့ကိုယ့်ကိုယ်ကို ကြံဖန်ပြီး အားပေးခဲ့ရတဲ့ နေ့ရက်တွေကလည်း နိစ္စဓူဝတွေထဲက ဟိုတစ ဒီတစ...............


ပျော်ရာမှာ မနေရ တော်ရာမှာနေရဆိုတဲ့ စကားဟာ ကျွန်မအတွက်များလားလို့ တွေးနေမိတတ်တဲ့ ယောင်ချာ ချာ နေ့ရက်တွေမှာလည်း မေမေနဲ့ဖေဖေ့ကိုလွမ်းနေရတဲ့ အလွမ်းနေ့ လ တွေကသိပ်ကိုရှည်လွန်းနေတော့ ဘယ်ဘ၀က ကံကြောင့်ပါလိမ့်လို့ ရိုးမယ်ဖွဲ့မိမတတ်ကို ရူးသွပ်စွာ အမေနဲ့ရွာကိုလွမ်းနေတာက နိစ္စဓူဝတွေထဲ က အဆိုးရွားဆုံး အပိုင်းအစတွေပေါ့ ။

နိစ္စဓူဝထဲမှာ ဆုတစ်ခုတောင်းပါ ဆိုရင်တော့ ကိုယ်ချစ်တဲ့မိသားစုနဲ့အတူ ဘ၀ ကိုပျော်ရွှင်စွာ ဖြတ်သန်းရပါလို ၏ လို့ ယောင်ယမ်းလို့ တမ်းတလိုက်ချင်ပါရဲ့.............

.........................................................................................................

နှင်းရေ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ ။ ခုမှ ကြွေးဆပ်ရလို့ ဆောရီးပါနော် ။ နိစ္စဓူဝထဲ က အပိုင်းအစ တစ်ချို့ကို အဆင်ပြေသလိုပဲ ရေးပေးလိုက်တယ်နော် ။ ပျော်ရွှင်ပါစေ သူငယ်ချင်းရေ.......

..........................................................................................................


၁၉၉၂ခုနှစ်မှာ မာလီဆိုတဲ့သူ့မ ကိုမွေးဖွားခဲ့ပါတယ် ။ သူဟာ Haiti သူ ချစ်စရာ ကောင်မလေးတစ်ယောက်ပါ ။ မာလီတို့ မိသားစုက ဆင်းရဲပါတယ် ။ ဒါပေမယ့် မာလီတို့မိသားစုလေးက စည်းစည်းရုံးရုံးနဲ့ ချစ်စရာ ဘ၀လေးတော့ပိုင်ဆိုင်ထားတယ်ပေါ့ ။ သူမမှာ အမတစ်ယောက်နဲ့ ညီမ တစ်ယောက်လည်း ရှိသေးတယ် ။ မာလီ ရဲ့နာမည်ကို အဓိပ္ပာယ်ဖွင့်ကြည့်မယ် ဆိုရင် “စိမ်းလန်းစိုစွတ်နေတဲ့ မြက်ခင်းပြင်လေး “လို့ မည်တွင်ပါတယ်တဲ့ ။ အေးချမ်းမယ့် မာလီလေးပေါ့နော်...။ သူမ ရဲ့ဘ၀လေး အေးချမ်းဖို့အတွက် ရည်ရွယ်တယ် လို့ထင်မိပါတယ် ။

မာလီလေးဟာ တခြားကလေးတွေလို ပုံမှန်အနေအထားအတိုင်းပဲ ကြီးပြင်းခဲ့ပါတယ် ။ သူ့ရဲ့ ကိုယ်အလေးချိန် အရပ်အမောင်း ကစလို့ အားလုံး ပုံမှန်ဆိုပါတော့ ။ ထူးခြားတာက မာလီလေးရဲ့ ၅နှစ် နဲ့ ၈နှစ်ကြား ကာလတွေ ပါပဲ ။ သူ့မရဲ့ မျက်နှာမှာ တစ်ခုခုကို ခံစားမိပါတယ်တဲ့ ။ အထူးသဖြင့် နှာခေါင်းရိုး တလျှောက်ပါတဲ့ ။ မာလီလေးဟာ သူမရဲ့နေ့စဉ်ဖြတ်သန်းရတဲ့နေ့ရက်တွေကို ပုံမှန်အတိုင်း ဆက်လက် လျှောက်လှမ်းခဲ့ပါတယ် ။ မာလီလေး ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ မျက်နှာပေါ်မှာ ယောင်သလိုလို ဖြစ်လာခဲ့ပါတယ် ။ အဲဒီ အသားစိုင်လိုလိုလေးဟာ တစ်နေ့တခြား ကြီးထွားလာခဲ့တယ် ဆိုပါတော့ ။
ပုံမှာ မြင်တွေ့တဲ့အတိုင်းပါပဲ ။ သူမရဲ့ ညာဘက် ပါးပြင်တစ်ခြမ်းမှာ အသားစိုင်လိုလို ယောင်ယမ်းနေပါတယ် ။ ဒီအဖုလေးဟာ တဖြည်းဖြည်းနဲ့ ဆ ထပ်တိုးလို့ ကြီးထွားလာခဲ့ပြန်ပါတယ် ။ မာလီရဲ့ အခုလို အခြေအနေဟာ သူမကို အရှက်ရစေခဲ့တာအသေအချာ ပေါ့ ။ သူမရဲ့ ဒီလိုအခြေအနေတွေက သူမကို လူတွေနဲ့ဝေးရာကို တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ ။ ဆယ်ကျော်သက် မာလီလေးဟာ လူ တွေကို ရှောင်တတ်လာတယ် ။ သူကလေးရှက်တတ်နေပြီလေ ။ ဒီလိုနဲ့ မာလီ ဟာ အိမ်မှာပဲ အနေများခဲ့ပါတယ် ။ ဆင်းရဲ့လှတဲ့ မာလီတို့မိသားစုလေးက မာလီကို ဘာလုပ်ပေးရမှန်း မသိအောင် ဖြစ်ခဲ့ပါတယ် တဲ့..။

မာလီ ၁၄ နှစ် ပြည့်ပြီးတဲ့ အချိန်မှာ ကြီးမားလှတဲ့ အသားပိုတွေဟာ မာလီရဲ့ မျက်နှာပြင် တစ်ခုလုံး ဖုံးအုပ်လု နီးပါး ဖြစ်လာပါတယ် ။ ဆိုးရွားလှတဲ့ အသားပို ရောဂါကို မာလီလေး ခံစားနေရပါပြီ ။ ၁၆ ပေါင်ရှိတဲ့ အသားပို တွေဟာ မျက်နှာတစ်ခုလုံး ဖုံးအုပ်တော့မှာပါ ။ ဒီအသားပိုတွေကြောင့် နှာခေါင်းလမ်းကြောင်းတလျှောက်နဲ့ ပါးစပ် တ၀ိုက်ကို အဓိက ထိခိုက်စေပါတယ် ။ တဖြည်းဖြည်းကြီးမာလာတဲ့ ဆဲလ် တွေကြောင့် နှာခေါင်း လမ်းကြောင်း ဟာ ကျဉ်းမြောင်းလာပါတယ် ။ အသက်ရှုဖို့ သိပ်ခက်ခဲနေတဲ့ မာလီလေးဟာ တစ်ခုခုစားဖို့ကို လည်း မနည်း ကြိုးစားခဲ့ရပါတယ် ။ လမ်းကြောင်းတွေဟာ သိပ်ကိုကျဉ်းမြောင်း နေပြီလေ ။


ကြောက်စရာကောင်းလှတဲ့ ဒီအသားပိုရောဂါဟာ အသားတွေပိုထွက်ကြီးမားလာခြင်း တစ်ခုတည်း မဟုတ်ပါဘူး တဲ့ ။ ခန္ဒာကိုယ်မှာ ရှိတဲ့ အရိုးတွေကို ထိခိုက်စေမယ့်အပြင် ခွဲစိတ်မှု မခံယူဘူးဆိုရင် ....မျက်စိနှစ်ကွင်း အလင်း မရတော့ ဖို့တောင် သေချာနေပါပြီတဲ့ ။ အခု ဆိုရင် မာလီလေးရဲ့ နှာခေါင်းရိုးကြီးထွားမှုဟာ ၁၆ ပေါင် ရှိတဲ့ အစိုင်အခဲ တစ်ခုအဖြစ် တည်ရှိနေပါပြီ ။
၁၄ နှစ်သမီး မာလီ ရဲ့ အခြေအနေပါ ။ မထင်မှတ်တဲ့ သတင်းတစ်ခုဟာ မာလီကိုကံကောင်းစေခဲ့ပါတယ် ။ Jackson Memorial Foundation ရဲ့ အထိမ်းအမှတ်ပွဲ တစ်ခုမှာ ကလေးမလေးတစ်ယောက်ရဲ့ မျက်နှာအသား ပိုတစ်ခုကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ကြောင်း ကြားသိပြီးတဲ့နောက် မှာတော့ မာလီဟာ အပြည်ပြည်ဆိုင်ရာကလေး များရန်ပုံငွေ အဖွဲ့ရဲ့ လူနာတစ်ယောက် အဖြစ် ကုသမှုခံယူခွင့်ရခဲ့ပါတယ် ။

မာလီရဲ့ ရောဂါက polyostotic fibrous dysplasia ပါတဲ့ ။ တိကျစွာ ဘာသာမပြန်နိုင်ပေမယ့် အမျှင်တွေပါဝင် တဲ့ အသားစိုင်တွေပုံမှန်မဟုတ်ပဲ ကြီးထွားလာမှု ရောဂါ တစ်မျိုးပါ ။ အဲဒီရောဂါဟာ ခန္ဒာကိုယ်က အရိုးတွေနဲ့ တစ်ရှူးတွေ ဆဲလ်တွေကို ထိခိုက်စေတဲ့ ရောဂါမျိုးပါ ။ အရိုးတွေနဲ့တစ်ရျူးတွေရဲ့ ကြီးထွားဖွဲ့ဖြိုးလာမှုကြောင့် ရုပ်ပျက်ခြင်း အဖြစ်သို့ရောက်ရှိသွားတာပါ ။

မာလီ ရဲ့အခြေအနေဟာ ခွဲစိတ်မှု အမြန်ဆုံးခံယူသင့်နေပြီ ဖြစ်တဲ့အတွက် ၂၀၀၅ ခုနှစ် ဒီဇင်ဘာလ လယ်ပိုင်းမှာ ပထမဆုံးခွဲစိတ်မှုကို စတင်ခဲ့တယ်လို့သိရပါတယ် ။ ၁၇ နာရီကြာ ခွဲစိတ်မှုဟာ ဒေါ်လာ $၄၀၀,၀၀၀ ကုန်ကျခဲ့ပါ တယ် ။ International Kids Foundation( I.K.F ) လို့ခေါ်တဲ့ အပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့ရဲ့ အကျိုးကျေးဇူးကြောင့်ဆိုရင် မမှားပါဘူး ။ ဒီအဖွဲ့အစည်းဟာ Florida နိုင်ငံရဲ့ Miami Jackson Memorial Medical Center ဖြစ်တဲ့ မီယာမီ တက္ကသိုလ် က Holtz လို့ခေါ်တဲ့ ကလေးဆေးရုံမှာ ခွဲစိတ်ခဲ့တာပါ ။

မာလီရဲ့၁၇ နာရီကြာ ခွဲစိတ်မှုက ကြောက်ခမန်းလိလိ ခွဲစိတ်မှု တစ်ရပ်ပါ ။ တော်ရုံဆရာဝန်တွေ မလုပ်နိုင်တဲ့ သိပ်ကိုကြာမြင့် ပြီး စွန့်စားထက်မြက်တဲ့ဆရာဝန်မျိုးမှ အောင်မြင်နိုင်မယ်လို့မြင်မိပါတယ် ။ မာလီရဲ့ ခွဲစိတ်မှုတလျှောက် မှာဆရာဝန် အတော်များများရှိနေကြပါတယ် ။ မာလီရဲ့ မိဘတွေနဲ့အတူ အဒေါ်ဖြစ်သူ ၂ ယောက်က မနားတမ်း ဆုတောင်းပေးနေကြပါတယ် ။ ဒါ့အပြင် Haiti နိုင်ငံက Haitian တွေ အားလုံးမာလီ့ အတွက် ဆုတောင်းပေးနေ ကြပါတယ် ။

မာလီရဲ့ခွဲစိတ်မှုအောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ် ။ မြောက်များလှတဲ့ အသားပိုတွေနဲ့အတူ မာလီစွန့်လွှတ်လိုက်ရ တာက မေးရိုးနဲ့အတူ အားလုံးသော သွားတွေပါ ။ နှာခေါင်းရိုးလည်း ပါဝင်ခဲ့ပါသေးတယ်တဲ့ ။ တိုက်တယ်နီယမ် တွေနဲ့ မာလီရဲ့မေးရိုးကို အစားထိုးကုသ ခဲ့တာပါ ။ စိတ်မကောင်းစရာတစ်ခုက မာလီဟာ ပါးစပ်ပိတ်လို့မရပါ ဘူး ။ ဖြတ်တောက်ခဲ့ရတာတွေ များလွန်းလို့ မာလီရဲ့ မျက်လုံးတွေ နှုတ်ခမ်းတွေကို ပြန်လည်တည့်မတ်ဖို့ မနဲ ကြိုးစားဆွဲယူခဲ့ရပါတယ်တဲ့ ။ နှာရိုးမရှိတော့တဲ့ နှာခေါင်းကိုလည်း ပြန်လည် တည်ဆောက်ခဲ့ကြရပါတယ် ။ အခုလက်ရှိအခြေအနေမှာ မာလီဟာ အသားပိုတွေ မရှိတော့ပေမယ့် အကျဉ်းတန်လွန်းပြီး ရှည်လျှားလှတဲ့ ချုပ် ရိုးရှည်နဲ့အတူ ပိတ်လို့မရတဲ့ ပါးစပ်တစ်ခုကို ပိုင်ဆိုင်နေတဲ့ မာလီ အဖြစ်ရောက်ရှိသွားပါပြီ ။

အဓိကခွဲစိတ်မှု အောင်မြင်ပြီးတဲ့နောက်မှာတော့ မာလီ့ရဲ့ အသားပိုတွေဟာ ထပ်ပြီးကြီးထွားလာစရာ အကြောင်း မရှိတော့ပါဘူးလို့ ဆိုခဲ့ပါတယ် ။ ထို့အတူပဲ ဆရာဝန်များရဲ့ အကြံပြုချက်အရ မာလီ့ရဲ့ မျက်နှာအနေအထား ကစလို့ ပုံမှန်နေသားတကျနီးပါးပြန်ဖြစ်ဖို့ အခြား ခွဲစိတ်မှု ၅ ခု ထပ်မံ ပြုလုပ်ခဲ့ကြပါတယ် ။ ၂၀၀၆ ခုနှစ် ဒီဇင် ဘာမှာတော့ မာလီဟာ ဆရာဝန်များရဲ့ ခွင့်ပြုချက်အရ Haiti မြို့ကသူမရဲ့နေရပ်ဖြစ်တဲ့ Port-au-Prince ကို ပြန်ခွင့်ရခဲ့ပါတယ် ။

ဒီနှစ် ၂၀၀၉ ခုနှစ် ဂျွန်လမှာတော့ I.K.F အဖွဲ့က သတ္တမမြောက် ခွဲစိတ်မှုအဖြစ် မာလီဟာ အမေရိကန်ကို ထပ်မံ ရောက်ရှိခဲ့ပါတယ် ။ ဒီတစ်ခါခွဲစိတ်မှုမှာတော့ သူမရဲ့မျက်နှာပြင်ပေါ်က မလိုလားအပ်တဲ့ အမာရွတ်တွေနဲ့အတူ မျက်နှာပြင်အတွက် လိုအပ်တဲ့ ခွဲစိတ်မှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ် ။ I.K.F အဖွဲ့ကလည်း မာလီ ရဲ့ခွဲစိတ်မှုအတွက် ရန်ပုံငွေအင်အားကိုထပ်မံ ဖြည့်ဆည်းပေးသွားမယ်လို့လည်း သိရပါတယ် ။ Haitian တွေရဲ့ non-profit အဖွဲ့တစ်ခုဖြစ်တဲ့ Good Samaritan ကလည်း မာလီအတွက် သွားလာရေး စရိတ်တွေ လှူဒါန်းခဲ့ကြ် သလို ဆရာဝန်တွေနဲ့ ပါရဂူတွေက သူတို့ရဲ့ပညာနဲ့အချိန်ယူလှူဒါန်းပေးခဲ့ကြပါတယ် ။

ဒါကတော့နောက်ဆုံးကြားခဲ့ရတဲ့ မာလီရဲ့ ခံစားမှု တစ်ချို့တ၀က်ပါ.....................................

ကျွှန်မရဲ့ ဒီရောဂါအခြေအနေကြောင့် ကျွှန်မ အဖေ မျက်ရည်ကျတာ တွေ့ရတော့ ကျွှန်မကို တော်တော်နာကျင် စေခဲ့ပါတယ် ။ ကျွှန်မမိသားစု ကလည်း ၀မ်းနည်းရသလို ကျွှန်မကိုယ်တိုင်လည်း သိပ်ကို နာကျင်ခံစားခဲ့ရပါ တယ် ။ ကျွန်မ နာကျင်ပေမယ့် ခွဲစိတ်မှုတွေကို မကြောက်ပါဘူး ။ အခုကျွန်မသွားရမယ့် ခရီးဟာ မဆုံးသေးပါဘူး ကျွန်မ ဒီလိုဘ၀မျိုးနဲ့ မနေချင်ပါဘူး ။ ကျွန်မအိမ်ထောင်ပြုချင်တယ် ကလေး နှစ်ယောက်ရဲ့မိခင်အဖြစ် ဆက် လက်ရှင်သန်သွားချင်တယ် ။ တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောင်္ကျားလေးပေါ့ အခုတော့ ကျွန်မကို ကြိုက်မယ့်သူတစ်ယောက်မှမရှိသေးပါဘူးတဲ့ ။

မာလီရဲ့ ဖွင့်ဟ၀န်ခံချက်လေးပါ ။ သူမဟာ ခံစားနေရတဲ့ ဝေဒနာ ကြောင့် အားငယ်နေပါတယ် ။ ပုံမှန်အတိုင်း ပြန်မဖြစ်သေးတဲ့ သူ့မျက်နှာအခြေအနေကြောင့် အပြင်ကို သိပ်ထွက်ခဲပါတယ် ။ တစ်ခါတလေတော့ မာလီဟာ မှန်ရှေ့မှာ အလှပြင်နေတတ်ပါတယ် ။

မာလီက ပြောပါတယ် ။ လူတွေက ကျွန်မကိုမြင်ရင် ကြောက်ကြပါတယ် ။ တစ်ခါက ကျွန်မကိုမြင်ပြီး ကြောက်လို့ ထွက်ပြေးသွားတဲ့ လူတစ်ယောက် ကိုမှတ်မိနေပါ တယ် ။ ဒါပေမယ့် ကျွန်မ ဒေါက်တာကို ယုံပါတယ်တဲ့ ။

အခုလတ်တလော အခြေအနေကတော့ မာလီဟာ သူ့အကြောင်းတွေကို ပြောပြတိုင်း ငိုပါတယ် ။ မာလီရဲ့ ဆရာဝန်ဟာ မာလီနဲ့အတူ ပန်းခြံတွေကို တစ်ခါတလေ သွားတတ်ပါတယ် ။ မာလီဟာ စကားတော့ မပြောနိုင် သေးပါဘူး ။ သွားတွေ မရှိသေးတာကြောင့်ထင်ပါတယ် ။ စကားပြောရင် တရှဲရှဲနဲ့ မပီသပါဘူး ။ မနဲနားထောင် ရင်တော့ ၀ိုးတ၀ါးလောက်တော့ ကြားရပါတယ် ။ လတ်တလော မာလီရဲ့ အခြေအနေပါ ။

အခုဆိုရင် မာလီဟာ သိပ်ကို ရင်ခုန်နေပါတယ် ။ သူမရဲ့ ခွဲစိတ်မှုက အောက်တိုဘာဆို စပါပြီ ။ အဲဒီခွဲစိတ်မှု ပြီးသွားရင်တော့ မာလီဟာ အစားအစာတွေကို ကောင်းကောင်းမျိုချ နိုင်မှာဖြစ်ပြီး စကားလည်း ပြန်ပြောနိုင် တော့ မှာပါတဲ့ ။ မာလီဟာ သူမရဲ့ မျက်နှာအသစ်ကို မြင်ချင်နေပါပြီတဲ့ လေ ။ုံ


မာလီရဲ့နောက်ဆုံးခွဲစိတ်မှု အောင်မြင်ပါစေလို့ ဆုတောင်းပေးနေပါတယ် ။ အောင်မြင်စွာ ပြီးဆုံးသွားပြီဆိုရင် တော့ သူမ မျှော်လင့်ထားတဲ့ အနာဂတ်အိပ်မက်လေးကို အကောင်အထည်ဖော်နိုင်တော့မှာ ဖြစ်တဲ့အတွက် ကျွန်မလည်း မာလီနဲ့ ထပ်တူထပ်မျှ ခံစားရင်ခုန်ရင်း နောက်ဆုံးရလဒ်ကို စောင့်မျှော်နေပါ့မယ် ။ မာလီရဲ့ နာမည်လေးလို စိမ်းလန်းစိုစွတ်နေတဲ့ မာလီလေး ဖြစ်ပါစေ ညီမရေ.............

..............................................................................
ကနဒါမှာ ကြည့်ခဲ့ရတဲ့ မာလီရဲ့ ဘ၀ အခြေအနေ နဲ့ သူမရဲ့ ရောဂါအကြောင်းပါ ။ တစ်စုံတရာ မှားယွင်းမှု ရှိခဲ့ရင် သမီးပျိုရဲ့ ချွတ်ယွင်းချက်ကြောင့်သာဖြစ်ပါကြောင်း..........................
............................................................................

အချစ်တဲ့လား
မင်းရဲ့သစ္စာတရား
ငါ ဟားတိုက်လို့ ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ...
လည်ချောင်းဝမှာ လျှံတက်လာတယ်...။

မြတ်နိုးခဲ့ရတဲ့
မင်းနာမည်ကို
ငါ ဟ,ဟ တောင် မရွတ်ရဲတော့ဘူး
မင်းကိုချစ်စိတ်နဲ့
တဆတ်ဆတ်တုန်နေတဲ့နှလုံးသား
ပါးစပ်ကနေအပြင်ကိုခုန်ထွက်သွားပြီး
ကွဲသွားမှာကြောက်လို့....။

ငါ့ထွက်သက်ဝင်သက်တိုင်းမှာ
မင်းနာမည်...
အိပ်မက်တိုင်းမှာ
မင်းအကြောင်း...
မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့
စတေးခဲ့ရတဲ့ နေ့တွေ...

အဲဒီအချိန်တွေမှာ
မင်းသူနဲ့...
ချစ်စကားပြောနေတယ်။

မင်းရဲ့သစ္စာတရား..
ငါ ဟားတိုက်လို့ရယ်လိုက်ချင်ပေမယ့်
ငိုသံတွေပဲ..
လည်ချောင်းဝမှာ လျှံတက်လာတယ်...။

......................................................................
ဒါကတော့ နောက်တစ်ပုဒ်ပါ။
.....................................................................

အချစ် ၀ဋ်ကြွေး
*......*......*......*......*

လောကကြီးရဲ့ မတရားပုံများ
ငါ့နှလုံးသားကို ငါပြန်စားပြီး အသက်ရှင်နေရတယ်။

ပရိုမီးသီးယပ်စ်က
လူသားတွေအတွက် မီးကိုခိုးယူပေးလို့တဲ့...
နေ့စဉ်နေ့တိုင်း အသည်းကိုဖောက်ထုတ်စားသောက်ခံရ...
အဲဒီဝေဒနာပြင်းပြင်းကိုအသစ်သစ်ထပ်ခံရဖို့ ...
သူ့အသည်းဟာ ညမှာ အသစ်တဖန်ပြန်ဖြစ်
မဆုံးနိုင်တဲ့ နာကျင်မှုဝဋ်ကြွေးပေးဆပ်နေရရှာတယ်။

ငါကကော....

ပရိုမီးသီးယပ်စ်ရေ
ခင်ဗျားထက် ကျွန်တော်ကဆိုးပါတယ်။

သူ့ကိုချစ်နေလို့တဲ့..
ရှင်သန်နေရင်း
တနေ့ခင်းလုံး
ကိုယ့်နှလုံးသားကို
ကိုယ်ပြန်စားလို့
ကိုယ့်နှလုံးသွေးကို
ကိုယ်ပြန်သောက်ရ...
ညဘက်ရောက်တော့
မဟန်နိုင်တော့တဲ့ ခန္ဓာကို
ဝေဒနာအိပ်မက်တွေထဲကို ပစ်ချ...
ခံစားစရာ နှလုံးသား ကုန်ဆုံးသွားပြီလားလို့ ...

ဒါပေမယ့်
နောက်တစ်နေ့မနက်မိုးလင်းတိုင်း
ဝေဒနာအသစ်သစ်တွေခံစားဖို့
နှလုံးသားက
အသစ်ရောက်လာပြန်ပေါ့၊
ဒီလိုနဲ့ ...
အဲဒီနှလုံးသားကိုစားသောက်
သွေးတောက်တောက်ကျရပြန်ပေါ့၊

မဆုံးနိုင်တော့တဲ့ဝဋ်ကြွေးလား
ဒီဘ၀မှာတင် ပြေပါစေတော့...။

***............***..........***.........***...........*****.......

(သမီးပျိုရဲ့ အကို ရေးထားတာပါ ။ သူ့ဘလော့ဂ်မှ ခိုးယူဖော်ပြခြင်းဖြစ်ပါတယ် ။ ခုတလော သူစာရေး ပျင်းနေပါတယ် ။ ဆန္ဒရှိပါက အမြင်ကတ် ပုဒ်မဖြင့် တက်ခ် နိုင်ပါတယ် ။ ဟိဟိ ။ ချွန်လိုက်ပြီ ..ဟားဟား)
သြော်.....ကိုကို့ဘလော့ဂ်လိပ်စာပါ http://pannzagar.blogspot.com/

သမီးပျို ရှစ်နှစ်လောက်ကပေါ့ ။ရွာကိုမီးလောင်ပါလေရော ။ တောင်...တောင်...တောင်...တောင်...တောင်..... နဲ့ ရုတ်တရက်ကြားလိုက်ရတဲ့ မီးလန့်သံကြောင်းခေါက်သံပါ ။ မကြားသဖူး အကြားထူးတော့ တစ်ရွာလုံး အုတ်အုတ်ကြွက်ကြွက်ပေါ့ ။ ရွာလယ်ခေါင်မှာ ချောင်းရှိတယ်ဗျို့ ။ နန်ကသူချောင်းပါ ။ သမီးပျိုတို့တော့ ရွာကို တောင်ဘက်ကမ်းနဲ့ မြောက် ဘက်ကမ်းဆိုပြီးခေါ်ကြလေရဲ့ ။ အဲ စလောင်တာကတော့ တောင်ဘက်ကမ်းက ။

မီးခိုးလေးတလူလူနဲ့ပေါ့ ။ ဘေးအိမ်တွေ ၀ိုင်းသတ်ပေးကြတယ်ထင်ပါ့ ။ မီးခိုးလေးက ပျောက်သွားလိုက် ပေါ်လာလိုက်နဲ့။ သမီးပျိုတို့ကဒီမီးခိုးလေး ပဲကြည့်နေရတာ မို့လား။ မီးခိုးတွေမြင်ပြီဆို သိမ်းကြဟေ့ ..သိမ်းကြ သိမ်းကြတော့ ။ မီးခိုးတွေ မတွေ့ရတော့ပြန်ဘူး ဆို မသိမ်းကြနဲ့တော့ဟေ့ ..............မသိမ်းကြနဲ့တော့ပေါ့ ။ အိမ်ကိုအချက်ပေးရတာ လမ်းပေါ်ကနေမီးခိုးကြည့်ပြီးလေ။

အိမ်ပေါ်က လူတွေက ပစ္စည်းတွေ သိမ်းမယ်လုပ်လိုက် ပြန်ချလိုက် ပြန်သိမ်းလိုက် နဲ့ အလုပ်ကို ရှုပ် နေတော့ တာ ပဲ ။ ပြန်တွေးရင် ခုတောင်ရယ်ချင်တယ်။ အဲ သိပ်မကြာပါဘူး မီးခိုးတွေက မဲမဲ ....မဲမဲနဲ့ အလိပ်လိုက်ကို တက်လာတာပါ ကလား။ အံ့အားသင့်ပြီးကြည့်နေရင်းက သတိပြန်ဝင် လာပြီး ဒီတစ်ခါသေချာပြီဟေ့ ပစ္စည်းတွေ သိမ်းကြတော့လို့အော်သံကြားလိုက်ပြီးတဲ့ တခဏ အားခဲပြီး အိမ်ဘက်ကို သုတ်ချေတင်လာကြပြီး လွှားကနဲပဲ အိမ်ပေါ်ကိုခုန်တက်လိုက်ကြတာလေ ။ ဟို သီချင်းထဲကလို တသိမ့်သိမ့်တုန်ကို ဖြစ်သွားတာပဲ ။

သမီးပျိုကတော့ ကြောက်လို့အိမ်ထောင့်မှာ ကုတ်ကုတ်လေးရယ်။ အဲ သိမ်းကြဟေ့ ဆိုတော့မှ ခက်ပြီ။ ဘယ်ကစသိမ်းကြမတုန်း။ ဘယ်ပစ္စည်းမှလဲ အဆုံးရှုံးခံချင်ကြတာမဟုတ်ဘူးမလား ။ ဟိုဟာလေးလဲအရေးကြီး ဒီဟာလေးလဲအရေးကြီးနဲ့ ဆိုတော့ကာ ခက်ပြီအေ ။ သမီးပျို မိဘတွေက ကုန်သည်တွေဆိုတော့ကာ ဂိုထောင်ထဲမှာကုန်ကအပြည့် လှောင်ထားတာလေ ။ အဲဒီကုန်တွေကိုပဲ ထမ်းထုတ်ရ ကောင်းနိုး အိမ်ပေါ်ကဟာတွေကိုပဲ သယ်ရကောင်းနိုးနဲ့ ဘယ်ဟာက စရမှန်းကိုမသိကြဘူး။ နောက်တော့ အယ် ထူးပါဘူးဟယ် ....နီးရာကအရင်စတယ်ဟယ်ဆိုပြီး စဆွဲတော့မှ သိမ်းဖြစ်တော့တယ်ပေါ့ ။

တစ်ရွာလုံးမတော့ အော် သံတွေနဲ့ဆူညံနေလေရဲ့။ရုတ်တရက်ဆိုတော့ မိခင်တွေက သားပျောက်ရှာပေါ့။ “ဟဲ့ ကလေးတွေ ဘယ်ရောက်ကုန် ကြတုန်း“ ။ “အော် ... ဟဲ့.“.....ဘယ်သူရေ ဘယ်ဝါရေ ...ဘာညာပေါ့ ။ တစ်ချို့အိမ်တွေကတော့ “နင့်အဖေကို သွားရှာစမ်း အရေးဟယ် အကြောင်းဟယ်ဆို သုံးလို့မရဘူး“စသဖြငိ့ ပေါ့ ။ ဇော.....ဇော.... သိတယ်မဟုတ်လား။

မီးက တောင်ဘက်ကမ်းမှာတော့ အတော်လေး အရှိန်ကောင်းနေပြီ။အနီးအနားအိမ်တွေတော့ အားလုံးပါ သွားတယ် ထင်တာပဲ ။ပြင်ဆင်ချိန်ရမယ့်ပုံမပေါ်ဘူး။ သမီးပျိုတို့ မြောက်ဘက်ခြမ်းးကနဲနဲခံသာတယ်ဆိုရမယ်။ နဲနဲလဲ ဝေးသေးတယ် ပြီးတော့ အလယ်မှာချောင်းလဲခြားသေးတယ် မို့လား ။သို့ပေမဲ့ မသိမ်းပဲလဲ မနေရဲကြဘူး ။ အစိုး မရဘူးမလား ။

အ..ဲ .......အဲဒီမှာ သမီးပျိုကငယ်တော့ လုံခြုံရေးတာဝန်ကျတယ် ။လူကြီးတွေ အိမ်ကသိမ်းထုတ်ထား တဲ့အပုံကို သမီးပျိုကစောင့်ပေါ့ ။စောင့်ဆိုလို့သာ စောင့်တာပါ ။ လူကိုရိုက်ပြီးပစ္စည်းယူပြေးလဲ ဘာတတ်နိုင်တာမှတ်လို့။ အဲ ဂလောက်အားကိုးရတာပါ ။အိမ်နောက်ဘက်တွေက ကွင်းပြင်ဘက်ဆိုတော့ တစ် ရွာလုံးခြံတွေဖျက်ပြီး အိမ်နောက်ဖက်မှာပဲ ပုံကြတာများတယ်။ လူတွေ လိုက်ကြည့်မိတော့ ဟိုပြေးဒီပြေး ဟိုအော် ဒီအော်ပေါ့လေ။ ဇရက်သိုက် ကြွက်ကိုက်နေသလို ညံနေတာပဲ ။

အဲ လာပြီ လာပြီ ။သူတို့လာကြပြီ ။ဘယ်သူတွေ လဲသိလား ။ အမျိုးတွေပေါ့ ။ကူသယ်ပေးရအောင် လာကြတာ ။ စစ်ကူပေါ့ ။ အယ် နှစ်ယောက်ထဲရယ် ။အဲ... သူတို့ ကလဲ ခေါင်းရင်းအိမ်ကို သာခုန်တက်ကြတာပဲ။မေ့မေ့ညီမ အပျိုကြီး ဒေါ်ကပ်စီးနေတာလေ ။ သူ့အငယ်ညီမ နဲ့အတူပေါ့။ စစ်ကူက သူတို့အတွက်လေ။ သူတို့လဲ ဗီဒိုကို အလုံးလိုက်မတယ် ။ နှစ်ယောက်ထဲနဲ့ကိုမ တာ ။ အ သာလေးဘဲ။ လေးရမှန်းလဲ သိပါဘူး။အပျိုကြီးအိမ်ကလဲ ပြီးပြီ ။ အိမ်ကလဲ ဖေဖေနဲ့ကိုကို ထုတ်တာပြီးပြီ ။မေမေ လဲကူထုတ်ပေးပါဒယ် ။ အဟိ ။ဘာလဲသိလား ။ ခြောက်ဗို့ ဘထ္ထရီအိုးလေး တစ်အိုးလေ ။

သမီးပျိုတို့ ရွာကို အစိုးရက မီးမပေးသေးဘူးလေ ။ ကိုယ်ထူကိုယ်ထ ဖွဲမီးစက်တော့ရှိတယ်။မလာတာများသလို လာရင်လဲ မလင်းပါဘူး ။ပိုးစုန်းကြူးရဲ့ အဖိုးပေါ့  ။ အဲတော့ ကိုယ့်စက်ကိုယ်နှိုးစနစ်။ တစ်ခါတစ်လေ ဘထ္ထရီအိုးသုံးရတယ်။အဲဒီအိုးပေါ့ အမေ မ.လာတာ ဟား ဟား။ တစ်ချို့လူတွေကတော့ ပစ္စည်းတွေကို နီးရာရေတွင်းထဲ ပစ် ချကြတယ် ။ဥာဏ်ကြီးရှင်တွေပေါ့ ။ နီးရာရေတွင်း ပစ်ပလိုက်တာပဲ သူ့ဟာကိုယ့်ဟာ နားမလည်ဘူး ။ တစ်ချို့များကြတော့ သမီးပျိုတို့ အိမ်ရှေ့က အထက်တန်းကျောင်းထဲက ကွင်းပြင်ကြီးထဲ သယ်ကြဆိုပဲ ။ ကွင်းကျယ်တဲ့ နေရာတွေပေါ့လေ။ ဝေးဝေးလဲဘယ်သယ်နိုင်ကြမလဲ တစ်အိမ်လုံးက ပစ္စည်းတွေဆိုတော့လဲ ။

သမီးပျိုရဲ့ မွေးသမိခင်က နောက်ထပ် ဘာတွေသယ်လာပြန်လဲဆိုတော့ လုံချည်အဟောင်းတွေထည့်တဲ့ခြင်းရယ် ကျောက်ပျဉ်ရယ် မ ပြီး သူလဲကျောင်းထဲ ၀င်ပြေးတယ်တဲ့ ။ ပြီးတော့ ကျောက်ပျဉ်လေးဘေးချ ငိုခြင်းချ နေဆိုပဲ ။ သူများတွေလို ရွှေထုတ်တို့ ငွေထုတ်တို့ မ.ပြီးမပြေးဘူး ။မီးမလောင်တဲ့ ကျောက်ပျဉ်မှ မ ပြေးတယ်။ နောက်မှ ပြန်ပြောပြလို့ သိရတာပါ ။ ဟိဟိ ။

အားလုံးပြီးပြီဆိုတော့ ဖေဖေကပြောတယ် သမီး ရဲ့အဒေါ်တွေရှိတဲ့ရွာကိုပြေးတော့တဲ့ ။ စက်ဘီးပါယူသွားဆိုပြီး နင်းပြေးတာပေါ့ ။ ပြေးတဲ့လမ်းက လှည်းလမ်းကြောင်းပါ ရှေ့မှာက လှည်းတစ်စီးခံနေတော့ တော် တော်နဲ့ နင်းလို့ကို မရဘူးဖြစ်နေခဲ့သေးတယ် ။ နွားလှည်းဆိုတော့ တုံ့နှေးတုံ့နှေးပေါ့ ။ အဲ...လွတ်ပြီဆိုတာနဲ့ နင်းတော့တာပဲ ။ ဖေဖေပြောလို့သာ ဖေဖေ့ရဲ့ညီမအိမ်ကိုပြေးရတာ ။ ရောက်ပြန်တော့လည်း ဘာလုပ်နေတယ် မှတ်လဲ ။ သူတို့လည်း လိုက်ကာအကြီးကြီးထဲကို ရှိသမျှ ပစ္စည်းတွေ စုပုံထည့်နေတာ ကိုယ့် တောင် ဂရုမစိုက်အားပါဘူး ။ ဒါနဲ့ မဖြစ်ခြေဘူး လို့တွေးပြီး မေမေ့ အမတွေရှိတဲ့ရွာဘက် ပြေးမယ်ကြံတော့ တွေ့ပြန်တယ် ရွာမြောက်ပိုင်းက ဆံပင်ကောက်ကောက်နဲ့ အပျိုကြီး အသိန်း ။

အသိန်းဆိုတာက ကပ်စီးနဲတဲ့ အပျိုကြီးပေါ့ ။ မေမေ့ညီမနဲ့သိပ်မထူးဘူး ။ အသိန်းက သိပ်ရယ်ရတာပဲ ။ ဆံပင် ဖြူတာတွေ့လို့ နှုတ်ပေးမယ် ဆိုရင် “ အမလေး မလုပ်ပါနဲ့ အမလေး မလုပ်ပါနဲ့ “ နေတာပဲ ။ ဘာဖြစ်လို့လည်း အန်တီသိန်းရယ် လို့မေးကြည့်တော့ တစ်ချောင်းနှုတ်ရင် နှစ်ချောင်းပေါက်မှာ စိုးလို့ပါတဲ့ ။ ပြီးတော့ ကွမ်းယာ လည်း သိပ်ကြိုက်တာ ။ အခုလည်းကြည့်လေ သူများတွေ မီးလောင်လို့ အပူလုံးကြွ လို့ လူလုံးမလှ မျောက်မီးခဲ ကိုင်မိသလို ဖြစ်နေချိန်မှာ အန်တီသိန်းတစ်ယောက် ကတော့ ကွမ်းအစ် လေးနဲ့ အေးအေးဆေးဆေးကို ကွမ်း ယာနေစားတာ သာကြည့်ပေတော့ ။ သူ့အိမ်ကပြေးလာတုန်းက သူသယ်လာတာ ကွမ်းအစ်တစ်လုံးထဲပဲ ဖြစ်ရ မယ် ။ မသကာ ရွေထုတ်ပေါ့ ။ အန်င်္တသိန်းရေ ပြေးရအောင်လေ လို့ပြောတော့ သူကလေ“ နေပါဦးဟဲ့ နင်ကလဲ ငါဒီမှာ ကွမ်းစားနေတုန်း“ တဲ့ ။

သူ့လဲခေါ်မရတာနဲ့ ကိုယ့်တစ်ယောက်ထည်း ပြေးတာကောင်းပါတယ်လေ ဆိုပြီး ပြေးမယ်ကြံလိုက်တော့ ရှေ့ မှာလယ်ကွက်တွေပဲ ရှိတော့တယ် ။ဖေဖေ့ညီမတွေအိမ်က အစွန်ဆုံးအိမ်ကိုး ။ လမ်းမဘက် ပြန်လှည့်မယ် လုပ်တော့ ခုလောက်ဆို မီးတွေ နီးလာပြီ ထင်တယ်လို့တွေးမိပြီး စက်ဘီးကို လယ်ထဲမှာ ပစ်ထားခဲ့ပြီး အနီးဆုံး လှည်းလမ်းကြောင်းက သုတ်ချေတင် ပြေးတော့တာပဲဗျို့ ။ ဒါတောင် ပြေးရင်းနဲ့ လမ်းမှာ သွပ်ပျံ တွေဝဲလာလို့ ရှောင်လင်လုပ်ပြီး ပြေးခဲ့ရတာ တော်ရုံ ပြေးနည်းနဲ့ဆို ဘယ်လွတ်လိမ့်မလဲ ။

မေမေအမတွေအိမ် ရောက်ဖို့က နှစ်ရွာလောက် ကျော်ရသေးတယ် ။ ကြားထဲမှာက ကွမ်းခြံကုန်းရွာ နဲ့ ငြိမ်းချမ်းကုန်း ရွာ ဆိုပြီး နှစ်ရွာ ရှိတယ် ။ အဲဒီရွာတွေ ကျော်ပြီးမှာ ဘယ်ပြားကုန်းဆိုတဲ့ရွာကိုရောက်တာလေ ။ ငြိမ်းချမ်းကုန်း ရွာကိုဖြတ်တော့ ရွာသားတွေက သမီးပျိုကို ၀ိုင်းကြည့်နေကြလေရဲ့ ။ သူတို့ရွာက မီးလောင်တာနဲ့ဝေးတာကိုး အေးဆေးပေါ့ ။ မအေးဆေးနိုင်တဲ့ သမီးပျိုကတော့ ဒေါ်ကြီးတို့အိမ် ရောက်အောင် ပြေးရတာပေါ့ ။ ငယ်ကလည်းငယ်သေးတော့ မရှက်ပါဘူး ။ ပြေးတာ တန်းနေတာပဲ ။

ဘယ်ပြားကုန်းဆိုတဲ့ ရွာလည်းရောက်ရော အမ၀မ်းကွဲတွေနဲ့ တခြားရွာသားတွေက ရွာထိပ်က ကိုက္ကိုပင်ကြီး အောက်မှာ အေးအေး ဆေးဆေး မုန့်လေးစားပြီး သမီးပျိုတို့ ရွာ မီးလောင်တာကို ထိုင်ကြည့်နေကြတာ ရုပ်ရှင်ကြည့်နေသလိုပဲ ။ သမီး ပျိုလည်း တစ်ခါ ကြည့်လိုက်တာ လှလိုက်တဲ့ မီးတောက်ကြီး ကောင်းကင်မှာ ဟီးထလို့ မိုး နေတော့တာပဲ ။ ဟုတ် ခနဲ ဟုတ် ခနဲ တစ်နေရာက တစ်နေရာကို ကူးသွားတာ မြန်လိုက်တာ ။ သမီးပျိုကတော့ တွက်ပြီးသား ငါ့ အိမ်ကတော့ ပါသွားပြီလို့ပေါ့။

မောမောနဲ့ မမရေ လို့ခေါ်လိုက်တော့ အမ၀မ်းကွဲက လှည့်ကြည့်တယ် ။ အံ့သြသွားတယ်ထင်တာပဲ “ဟယ် လာလာ “ ဆိုပြီး အိမ်ခေါ်သွားတယ် ။ ရေတွေတိုက် ထန်းသီးတွေလည်း ခွဲကျွေးသေးတယ် ။ ဘာမှ မကြောက်ဖို့လည်း ပြောသေးတယ် ။ မနက်ဖြန် အိမ်ကိုပြန်လိုက်ပို့ပေးမယ်တဲ့ ခုတော့ နားလိုက်ဦး ဆိုလို့ ရေချိုး ထမင်းစားပြီး နားလိုက်တယ် ။ ကလေးဆိုတော့ သိပ်လည်း စိတ်မပူတတ်ခဲ့ဘူးလေ ။

နောက်တစ်နေ့ရောက်တော့ သူတို့လည်း ပြန်လိုက်ပို့ပါတယ် ။ အိမ်ကတော့ ဘာမှ မဖြစ်လိုက်ဘူးဆိုတာ ကူသယ်ပေးဖို့ အန်တီ့အိမ်ကိုသွားတဲ့ အကိုတွေ ပြန်လာလို့ သိရပြီးပါပြီ ။ စိတ်တော့ အေးသွားတာပေါ့ ။ ဒါပေ မယ့် ကိုယ့်ရွာကို ကြည့်လိုက်တော့ မိုးကောင်းကင်က မဲညစ်ညစ်နဲ့ သစ်ပင်တွေက အရိုးအပြိုင်းပြိုင်း ။ တစ်ချို့ တိုက်အိမ်တွေဆို အုတ်ငုတ်လေးတွေပေါ်လို့ အုန်းပင်တွေက အမဲရောင် သစ်ငုတ်တိုတွေဖြစ် ။ လမ်းမပေါ်တွေ မှာလည်း အမှိုက်တွေ ပရဗွ နဲ့ မြို့ပျက်ကြီးနဲ့ တူလိုက်တာ ။

သမီးပျို စက်ဘီးလေးကတော့ သူများတွေပြန်လာပေးလို့ ပြန်ရတယ် ပြောတယ် ။ အဲဒီတုန်းက အဆူခံထိသေးတယ် စက်ဘီးနဲ့မပြေးပဲ ခြေကျင်ပြေးတော့ ပိုမြန်မယ် ထင်လို့လားတဲ့ ။ ဟဲဟဲ ။ ကိုယ့်အကြောင်း နဲ့ ကိုယ်ကိုး...နောက်ပြန်လှည့်ရမှာ ကြောက်တာနဲ့ လွှတ်ပစ်ခဲ့တာ ။ သတ္တိက မခေ ပါဘူး ဟုတ်တယ်နော် ။

မီးလောင်တုန်းက နီးစပ်ရာ မြို့နယ်တွေကို ဖုန်းခေါ် အကူအညီ တောင်းခဲ့ပေမယ့် လမ်းမှာ ကားပျက်တာရယ် မပျက်တဲ့ကားက ရေပါမလာတာရယ် လမ်းမှားရတာရယ် နဲ့တင် ဘယ်မြို့နယ်ကလည်းမသိတော့ဘူး တစ်စီးပဲ ရောက်လာတယ်တဲ့ နောက်ပိုင်းကျမှ ရောက်လာကျတာ တဲ့ ။ ပထမ ဆုံးရောက်တဲ့ မီးသတ်အဖွဲ့ ဆုရသွားတယ် ဆိုလား ကြားလိုက်မိတယ် ။

ရွာက အရန်မီးသတ်တပ်ဖွဲ့ ဘာလုပ်နေကြလည်းလို့မေးကြည့်တော့ မနိုင်မှန်းသိလို့ သူတို့အိမ်တွေ ပြန်ပြီး ပစ္စည်းတွေ သိမ်းကြတယ် ဆိုပဲ ။ အော်.....မှတ်သားလောက်ပါတယ် ။ အင်း......တွေးကြည့်တော့လည်း သူတို့ လည်း သူတို့အိမ်ကို ဘယ်လောင်စေချင်မလဲနော် ။ အပြစ် မဆိုသာပါဘူး ။ ဖြစ်သမျှ အကြောင်း အကောင်း ချည်း လို့သာ ဖြေတွေးရုံ ပေါ့ နော့ ။

ရွာကိုဘယ်သူမီးတို့လည်းဆိုတာတော့ စဉ်းစားကြည့်နော် ။ စပြီးလောင်တဲ့ အိမ်က ဘဲဥကြော်ရင်း စပြီးလောင် တာတဲ့ ။ အင်း....နောက်တစ်ခုကတော့ ရုက္ခစိုးက မကျေနပ်လို့ တို့တာဆိုပဲ ။ မီးမလောင်ခင် ဟိုတလောတုန်း ကပေါ့ ။ ညောင်ပင်ကို ဖုန်းကြိုးလား မီးကြိုးလားနဲ့ မသိဘူး မလွတ်လို့ ခုတ်ကျတယ်တဲ့ ။ အဲဒါကို ဦးကုလား ဆိုသူက မခုတ်ဖို့ တားမြစ်ခဲ့သေးတယ် ဆိုပဲ ။ သူကနားမထောင်ပဲ ခုတ်တယ်တဲ့ ။ အဲဒါက ပြောစကား ကောလ ဟာလပေါ့နော် ။ ဒါပေမယ့် မီးလောင်ပြီးတဲ့အချိန် တစ်ရွာလုံးကိုကြည့်လိုက်တော့ ရွာလယ်မှာ ဦးကုလားအိမ် တစ်အိမ် တည်း အကောင်းပကတိ ကျန်ရှိနေတာကို အံ့သြစွာတွေ့ကြရပါတယ် ။ ခုထိရှိနေတုန်းပါပဲ ။ ရေနံချီး ၀နေတဲ့ ဦးကုလားရဲ့အိမ်ပါ ။ ထူးဆန်းမနေဘူးလား ။

မီးဘာကြောင့် လောင်တယ် ထင်ပါသလဲ ။ မစဉ်းစားတတ်အောင် ပါပဲ ။ ဟိုလူတော့ ထောင်ကျသွားတယ် ပေါ့လေ။ တရားခံက တကယ် ဘဲဥကြော်ရင်း ဆီပူတွေကနေ ရေတွေဘာတွေ ကျလို့ လောင်တာလား ၊ မကျေ နပ်လို့ လောင်အောင် တမင် လုပ်လိုက်တာလား ဆိုတာတော့ ဘယ်သူများ သေချာသိနိုင်ပါ့မလဲလေ....။

......................................

မှတ်ချက်။ ။ ငယ်ငယ်က တကယ့်ဖြစ်ရပ်မှန်ပါ ။ သမီးပျိုတို့ ဖြစ်လိုက်ရင် အဲလိုပါ ။ အရာရာနဲ့ အကြောင်းကြောင်း ကြီးပဲ ။ ကျန်သေးတယ် ရေကြီးတာတွေ လေတိုက်ခံရတာတွေ များမှများပဲ သိချင်ရင် တော့ ဖောက်သည်ချရချည်သေးရဲ့ ။ ခုတော့ စတော့ပ်တော့မယ် မနက်ဖြန် ဘန်ကောက်သွားရမှာ ဘန်ကောက်မ ရောက်ပဲ အကျန်ကောက်နေရအုံးမယ် ။ လစ်ပြီဗျို့ .........

မြန်မာနိုင်ငံရဲ့ တိုးတက်မှု အခြေအနေကို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ စိတ်ဝင်စားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Before and After

ဒါကတော့ ရန်ကုန်မြစ် ပေါ့
ဒါလည်း Before and After ပဲ ။ သိပ်ကွာခြားလွန်းနေတော့ မမှတ်မိဘူး ထင်ပါ့ ။ပြောင်းလည်းမှုတွေ ပေါ့နော်။

အချိန်တွေ ရွေ့လျှားလာတာနဲ့အမျှ စတိုင်တွေလည်း ပြောင်းလည်းကုန်ကြတယ် ။
ပြောင်းလဲလာပြီ ...အင်း...ပြောင်းလဲလာပြီ..ဘယ်လိုပြောရမလဲ...ပြောင်းလဲလာပြီပေါ့နော်
ကြည့်တတ်ရင် မြင်ပါတယ် ။ ပြောင်းလဲလာပြီ တွေ့လား ။


မြန်မာနိုင်ငံ မပြန်ဖြစ်သေးတဲ့ သူငယ်ချင်းတွေ မရောက်တာကြာလို့ မမှတ်မိမှာ စိုးလို့ပါ ။

လေယဉ်မယ်တစ်ယောက်ရဲ့ဘ၀ဆိုတာ......


သာယာသောနေ့တစ်နေ့ရဲ့ ကြည်လင်လှတဲ့ ကောင်းကင်ပြာပြာကြီးအောက်က ဖြူလွှလွှတိမ်စိုင်ထုတွေကြားထဲ အတောင်စုံဖြန့်ရင်း ပျံသန်း တဲ့ ငှက်တစ်ကောင်နဲ့လည်းတူတယ် ။ လေနှင်ရာ မပျံသန်းရပေမယ့် တိမ်ခြေရာတွေကိုလည်း ကျော်ဖြတ်ခဲ့ရဘူးတယ် ။ တိမ်တောင် တွေက လှချင်တိုင်းလှလို့ တိမ်လိပ်လေးတွေကလည်း ဟိုတစ်လိပ်ဒီတစ်လိပ် ။ တိမ်လွှာလေးတွေအစီအရီကြားထဲမှာ တိမ်မျှင်လေး တွေလည်း ကျိုးတိုးကျဲတဲ ပျံဝဲလို့ နတ်ဘုံအလား လှလိုက်ပါဘိ ။ တစ်ခါတလေများဆိုရင်လေ ဂွမ်းတွေလိုဖြူဖွေးလှတဲ့ တိမ်အဆုပ်လိုက် အပုံလိုက်ဟာ ကောင်းကင်တစ်ပြင်လုံးပျံ့ကျဲလို့ တိမ်သဘင်အစည်းအဝေလားမှတ်ထင်စေရတယ် ။ နေရောင်ခြည် တောက်ပတဲ့နေ့များဆိုရင်လေ နေမင်းရဲ့လှပတဲ့ အလင်းရောင်ဟာ တိမ်တွေကို ဖေါက်ထွင်းလို့ ကမ္ဘာမြေကို သက် ဆင်းတဲ့နေ့ က ပေါ့ ။ တိမ်တွေကို သူ့အလင်းရောင်နဲ့ကျော်ဖြတ်လိုက်တာလေ ငွေရောင်အနားကွပ်လေးတွေတောင် တလက်လက် တောက်ပလာလိုက်တာ တဖျပ်ဖျပ်နဲ့ပါပဲ ။

တိမ်တွေမှာ အရောင်ရှိသလား မရှိဘူးလားဆိုတာ ကိုယ့်ကိုကိုယ်တောင် ပြန်မေးမကြည့်မိလိုက်ဘူး ။ အဲဒီနေ့ကပေါ့ နေ့ဝင်ချိန် ဆည်းဆာလေးမှာလေ အမှတ်တမဲ့ ပြတင်းတံခါးကို မျှော်ငေးကြည့်လိုက်မိတာပါ ။ထင်မထားခဲ့ပါဘူး လုံးဝကို မမျှော်လင့်ခဲ့တာပါ ။ တိမ်တွေမှာ အရောင်တွေရှိတယ်လား ။ အင်း ထင်ရတာပဲလေ ။ နေလုံးကြီးက ပုဇွန်ဆီရောင်ပုဝါကြီးကိုခြုံလို့ ကွယ်ပျောက်ဖို့ ကြိုးစားနေပြီ ။ ဟိုးအဝေးတစ်နေရာ ဆန့်ကျင်ဘက်လားရာ မှာတော့ အပြာရင့်ရောင်ခပ်ရင့်ရင့်ကြီးက ပုဇွန်ဆီရောင်ခြုံထည်လေးကိုငေးမောလို့နေတယ် ။ နေလုံးကြီးဘေးကတိမ်လေးတွေတောင် လိမ္မော်ရောင်တောက်လို့ နေလုံးကြီးကိုအဖော်ပြုပေးနေ တာများလား ။ ကောင်းကင်ကြီးတောင် အရောင်ပြောင်းသွားပါလားကွယ် ။ ကြည်ပြာရောင်ကောင်းကင်ကြီးဟာ ခုတော့လည်း ခရမ်းသွေးရောင်တွေကြား လိမ္မော်ရင့်တွေက ယှက်နွယ်လို့ နက်ပြာရောင်တွေလည်းပါလိုက်သေး ။ အို..လှလိုက်တဲ့ပန်းချီကား တစ်ချပ်လိုပါပဲလား ။ ပန်းချီထဲမှာဆိုရင်လေ အိပ်တန်းပြန်တဲ့ငှက်လေးတွေ ပါမှာနော် ။ ပေလေးသောင်းကျော် ကောင်းကင်ပြင် မှာတော့ ငှက်ငယ်တွေ ဘယ်များရောက်နေရော့သလဲကွယ် ။ နေ၀င်ဆည်းဆာမို့ ငှက်လေးတွေ အိပ်တန်းတက်ကုန်ကြတာလား ။ အင်း..... ဒီလိုဆိုပြန်တော့လည်း လွမ်းဆွေးဆွေးကြီးခံစားရလို့ မပြီးနိုင်သေးတဲ့ ဂျူတီဆိုတာကြီးကိုဆက်လက်ထမ်းဆောင်ရင်း အလွမ်းတေးတစ်ပုဒ်ကို ကပြ နေရတဲ့သူတစ်ယောက်နဲ့များတူနေရော့သလား...။


တာဝန်သယ်ဆောင်ရာလိုက်ပါနေရတဲ့ တို့များရဲ့ဘ၀ဟာ ဇတ်သမားတွေနဲ့လည်းတူသေးတယ် ။ ဒီအရွယ် ဒီအချိန်မျိုးမှာ မတူညီ တဲ့ ရေခြားမြေခြားတွေကိုသွားလို့ ဒီခြေထောက်တွေက မတူညီတဲ့မြေတွေမှာခြေချရလိမ့်မယ်လို့ ယောင်လို့တောင် အိပ်မက် မမက် ဘူးခဲ့ပါဘူး ။ လူမျိုးပေါင်းစုံကိုဆက်ဆံလို့ ခရီးသည်တွေစိတ်ချမ်းသာဖို့ ဇတ်ဆရာအလိုကျပေါ့ ။ မတူညီတဲ့ နေ့ရက်တွေ မှာ မတူညီတဲ့လူမျိုးတွေကြား ဘာတွေမှ မတူညီခဲ့ပါဘူး ။ ဇတ်သမားတွေဟာ ဇတ်သတ္တာခေါ်ဆောင်ရာလိုက်ပါရသလို တို့လည်း ပဲ ထိုနည်းလည်းကောင်းပေါ့ ။ အိပ်မက်ထဲမှာ လမ်းလျှောက်နေသူလို အရာရာဟာ ၀ိုးတ၀ါးနဲ့ နိုင်ငံခြားတွေမှာ ဟိုငေးဒီငေး ။

ပတ်ဝန်းကျင်မျိုးစုံမှာ ကြီးပြင်းလာကြတဲ့ ကမ္ဘာအရပ်ရပ်က ပြည်သူတွေဟာ အကျင့်စရိုက်မျိုးစုံနဲ့မဟုတ်လား ။ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ လူ့လောကကြီးထဲမှာ ဖြစ်ပြီးရင် ပျက်တတ်တာ ဓမ္မတာပေမယ့် ရှုပ်ပြီးသွားရင်တော့ အလိုလိုရှင်းမသွားတတ်ဘူး မဟုတ်လား။ ခရီးစဉ် မစခင် လေယဉ်လေးက သန့်ရှင်းနေပေမယ့် ခရီးစဉ်အဆုံးမှာတော့ မုန်တိုင်းစဲ စအမှိုက်ပုံတစ်ခုလိုရှုပ်ထွေး နေတတ်တာလည်း ဖြစ်စဉ်တစ်ခု ။ ဒါတွေက သန့်ရှင်းရေးအဖွဲ့ရဲ့တာဝန်လို့ဆိုသော်ငြား ၁၄ နာရီကြာပျံသန်းချိန်မှာ လေယဉ် သန့်ရှင်းဖို့က တို့များရဲ့တာဝန် ။ အပေါ့သွားပြီးရင် ရေမဆွဲချတာတွေ ၊ ရေအိမ်တစ်ခုလုံး စိုရွှဲနေတာတွေ ၊ အပေါ့ရောအလေး ပါသွားပြီး တစ်ရှူးတွေပါ ထည့်ခဲ့ပြီး ရေမသုံးခဲ့တာတွေ ။ ဒါတွေကိုလည်းလုပ်ရပါသေးတယ်။ ဒါဆို လေယဉ်မယ်ဆိုတာက အချိန်ပိုင်းသန့်ရှင်းရေးသမားလည်းမည်ပါတယ် ။

ခရီးသည်တွေ ဘေးကင်းဖို့ လုံခြုံဖို့ဆိုတာ ခရီးစဉ်မစခင် စစ်ဆေးရေးဝင်ရပါတယ် ။ အောက်ဆီဂျင်ပိုက်တွေမှပါရဲ့လား... အရေးပေါ် အသက်ကယ်အကျီမှ လုံလောက်ရဲ့လား ။ဘယ်သူတွေများ ဗုံးတွေထောင်ထားမလဲ ။ အသက်ကိုအန္တရယ်ဖြစ်စေမယ့် ချွန်ထက် တဲ့အရာတွေများရှိနေမလား ။ ခရီးသည်တွေအတွက် အစားအစာမှလုံလောက်မှုရှိရဲ့လား ။ ကလေးတွေအတွက်ရော ကစားစရာတွေနဲ့ မုန့်တွေရော ရှိရဲ့လား ဆိုတာတွေကိုလုပ်ရတော့ မိခင်တစ်ယောက်နဲ့ရောတူမနေဘူးလား ။ မိခင်တစ်ယောက်ရဲ့ သားသမီးတွေအပေါ်စိုးရိမ်စိတ်တွေနဲ့လေ ။

လေကြောင်းလိုင်းမှာ နံပါတ်တစ်ဖြစ်ဖို့ ကြိုးပမ်းနေတဲ့နေရာမှာ ဖော်ရွေမှု လှိုက်လှဲပြူငှာမှု တွေပေးနိုင်ဖို့ ပြုံးထားရတဲ့အပြုံးတွေဟာ ၁၄နာရီနောက်ပိုင်း ဟော်တယ်ရောက်ချိန်မှာတော့ မေးရိုးတွေတောင်နာလို့ ။ ဒါလည်း ဇတ်ဆရာ အလိုကျပါပဲလေ ။ ကစားကစားကွင်းကြား ဂျိုကာလုပ်ရင်း ကလေးတွေပျော်ဖို့ ပြုံးပြ ရယ်ပြ ကပြရတာတွေဟာလည်း သူ့အလုပ် သူ့တာဝန် ။ ဒါဆို တို့ လည်းဂျိုကာပေါ့နော် ။

တစ်ခါတစ်ခါမှာ အဖြေရှာမရတဲ့ ပုဒ်စာတစ်ပုဒ်ကိုတွက်နေရသလိုလိုလည်း ခံစားခဲ့ဖူးပါရဲ့ ။ သင်္ချာတွက်တိုင်း သုံးတတ်တဲ့သီအိုရီ တွေ လည်းအားလုံးကုန်ပြီ။ ဒါတောင်အဖြေဟာ မှားနေသေးတယ်ဆိုရင် ..သင်္ချာပါရမီရှင်တစ်ယောက်လို သီအိုရီ အသစ်ထုတ်ဖို့ အီကွေးရှင်းချဖို့ မဖြစ်နိုင်ခဲ့တော့ ခရီးသည်ဂျစ်ကန်ကန်တွေကို ဘယ်လိုအီကွေးရှင်းနဲ့များညှိရပါ့မလဲ ။ ခက်ခက်ခဲခဲ အဖြေရှာတွေ့ သွားသူရဲ့ ပြုံးနည်းမျိုးသူတို့မျက်နှာပေါ်မှာ မြင်ရဖို့က ဖြတ်ထိုးဥာဏ်သုံးပြီး ဖြစ်နိုင်သမျှ အီကွေးရှင်းအားလုံးနဲ့ညှိရသလို ယောင် ချာချာ သင်္ချာဆရာလိုပါပဲ ။


အလုပ်ဖော်လူမျိုးစုံကြားထဲမှာ လှုပ်ရှားနေရတဲ့ဘ၀ဟာ တစ်ခါတလေတော့ အပျိုကြီးတစ်ယောက်ရဲ့ဘ၀မျိုး ပျင်းခြောက်ခြောက်နိုင် တယ်။ အမိဘာသာစကားမဟုတ်တဲ့ တူညီတဲ့ ဘာသာစကားတစ်ခုတည်းနဲ့ဆက်ဆံနေရတဲ့ဘ၀ဟာလည်း မရယ်ရတဲ့ ဟာသတစ် ပုဒ်လို ကြောင်တောင်တောင်နိုင်သေးတယ် ။ လူမျိုးတွေခြား..ဘာသာတွေများခဲ့တော့ ဆက်ဆံကြရတဲ့ အသိုင်းမ၀ိုင်းဟာ ကပ်လို့ ဘယ်လိုမှမရနိုင်တော့တဲ့ နှစ်ချို့ကော်တစ်ဗူးလို စေးကပ်ခြင်းတွေလည်း ပျောက်ဆုံးခဲ့ဖူးတယ် ။ ဆေးစက်ကျရာ အရုပ်မဖြစ်နိုင်တဲ့ ဒီလိုဘ၀ထဲမှာ ကိုယ်ဟာ ပန်းချီဆရာတစ်ယောက်ဖြစ်ဖို့လည်း ကြိုးစားရအုံးမယ် ။ အနုပညာတွေနဲ့ဖွဲ့စည်းထားတဲ့ ဒီအနုပညာ ကျောင်းတော်ကြီးမှာ အောင်မြင်ခြင်း အနုပညာကို ရှာတွေ့နိုင်ဖို့ကြိုးစားနေဆဲ ကိုယ်ဟာ ရှာဖွေသူတစ်ယောက် လည်းဖြစ်နေပါတယ် ။

.....................................................................................


တစ်ချို့ခရီးစဉ်တွေမှာ ခရီးသည်တွေနဲ့ ခရီးဆောင်အိတ်တွေပဲ ပါလာတတ်သလို တစ်ခါတလေတော့လည်း ဒါ့ထက် မက တာတွေ လည်းပါလာတတ်ပါတယ် ။ ဒါတွေဟာ လေကြောင်းလိုင်းရဲ့ ထုံးစံပါ ။ လေကြောင်းလိုင်းရဲ့ အဓိကတာဝန်က သယ်ယူ ပို့ဆောင်ရေးပဲမဟုတ်လား ။ တစ်နေရာက တစ်နေရာကိုရောက်ဖို့ဆိုတာ သယ်ယူပို့ဆောင်ရေးတွေလိုအပ်တယ် ။ ပို့ချင်တဲ့ ကုန်တွေတိုင်းကိုပို့လို့မရပေမယ့် ဘောင်ထဲကလက်ခံနိုင်တယ်ဆိုရင် ပို့လို့ရတယ်ဆိုတာ လူတိုင်းသိပြီးသားပါ ။ အဲဒီအထဲမှာ(ROB) အာအိုဘီ တွေလည်းပါတယ် ။

တစ်ခါတလေ အာအိုဘီတွေက ခရီးသည်တွေကြားမှာ လည်းဟန်ဆောင်တတ်ကြသေးတယ် ။ လေယဉ် မယ်တွေရဲ့ နားနေခန်းတွေမှာတောင် သူတို့အနားယူလိုက်သေးတယ် ။ “ဒီနေရာက ခရီးသည်တွေနားနေလို့မရပါဘူး“လို့ပြောတော့ သူက ပြောပြန်တယ် “ ပင်ပန်းလို့ပါ“ တဲ့လေ ။ ဒါဟာ တကယ်လား ဟာသတစ်ပုဒ်လားဆိုတာ သေချာမသိရပေမယ့် ဖြစ်နိုင်ခြေရှိတယ်လို့တော့ ယူဆရတာပဲလေ ။ ROB ဆိုတာက remain On Board ပါတဲ့ ။ ခရီးစဉ်အဆုံးမှာ ခရီးဆောင်အိတ်တွေနဲ့အတူ လေဆိပ်ထဲကို ပို့စရာမလိုပဲ လေယဉ်ရဲ့ကာဂို ထဲမှာ သီးသန့်ချန် ထားရမယ့် စာရင်းပေါ့ ။ အပွင့်လင်းဆုံးပြောရရင်တော့ လူသေအလောင်းတွေပါ ။

ကြားဖူးတာကတော့ သေသွားတဲ့လူတွေဟာ တော်ရုံအချိန်အတွင်းမှာ သူတို့ကိုယ်သူတို့သေတယ်ဆိုတာ မသိကြဘူးဆိုပဲ ။ မှန်လား မှားလား ဆိုတာကတော့ သေချာမသိနိုင်ပေမယ့် ယုံတယ် မယုံဘူးဆိုတာလည်း ကိုယ်နဲ့ပဲဆိုင်ပါတယ် ။ လေကြောင်း လိုင်းမှာ ဒီလို အဖြစ်တွေ (သို့)ကောလဟာလ တွေရှိဖူးတယ်ဆိုတာပါပဲ ။

ဒါ့ကြောင့် ခရီးများသွားရင်လေ အားလုံးဟာ ခရီးသည် အစစ်တွေမဟုတ်နိုင်ဘူးဆိုတာ စဥ်းစားကြည့်ပေါ့နော် ။ .....၀ိဥာည်ခရီးသည်တွေနဲ့ တွေ့မှာစိုးတာပါ ။

ဒါဆို လေယဉ်မယ်တွေရဲ့ဘ၀က ၀ိဥာည်ခရီးသည်တွေနဲ့ ကစားနေရတဲ့ သရဲခြောက်တဲ့ အိမ်ကြီးထဲက ၀န်ထမ်းတွေပေါ့နော်....

....................................

အမ ကောင်းကင်ပြာက ဆားချက်တယ်။ သူဆားချက်တာကို သမီးပျိုက ငံပြာရည် ထပ်ကျိုမယ် ။ အမ ကောင်းကင်ပြာရဲ့ nobody က ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးသီချင်းပေါ့ ။ လူတိုင်း ပါးစပ်ဖျားမှာ nobody ။ ဖိလစ်ပိုင် မ လေးတွေကလည်း နိုးဘာဒီ ။ အခု တင်ဆက်မယ့် နိုးဘာဒီ ကတော့ တမူထူးခြားတဲ့ နိုးဘာဒီ ပေါ့နော် ။

“ထောင်“ ဆိုတဲ့နေရာက ပြစ်မှုကျူးလွန်ထားသူတွေ ဒုစရိုက်မှုမျိုးစုံကြောင့် အကျဉ်းကျခံဖို့ စုဝေးရောက်ရှိနေတဲ့ နေရာ မဟုတ်လား ။ အဲဒီလို စရိုက်မျိုးစုံ အဆင့်အတန်းမျိုးစုံ ဗီဇမျိုးစုံ ရှိတဲ့ လူမျိုးစုံရောက်ရှိရာ “ထောင်“ ဆိုတဲ့အကျဉ်းစခန်းထဲက ထောင်သားတွေကို တစ်စုတစ်စည်း တည်းဖြစ်ဖို့ (သို့) ညီညွတ်ကျဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ဘူး လို့ တော့ ထင်မိတယ် ။ ဒုစရိုက်ကျူးလွန် ရဲတဲ့သူတွေဆိုတော့ မိုက်ကောင်းမိုက်မယ် ရိုင်းကောင်းရိုင်းမယ် ပေတေတေ ဂျစ်ကန်ကန် လည်း ရှိကောင်းရှိမယ် နော်။ အဲဒီလိုကြမ်းတမ်းလှတဲ့ ဘ၀ထဲက လူသားတွေက ဒီလိုမျိုးနုညံ့တဲ့အလုပ်မျိုးလုပ်နိုင်တာကိုတော့ တကယ်ချီးကျူးမိတယ် ။ စစ ချင်း ယုံကိုမယုံနိုင်အောင်ပဲ သဘောလည်းကျမိတယ်လေ ။

သူတို့အားလုံး ယောင်္ကျားတွေပါ ။ အားလုံးနော် ။ သူတို့အားလုံးကဖိလစ်ပိုင် ထောင်ကထောင်သားတွေပါ ။ တစ်အုပ်စုလုံး တညီ တညွတ်တည်းကဖို့ ဘယ်လောက်ကြာကြာ အက တိုက်ထားရမလဲတော့ မခန့်မှန်းတတ်ပါဘူး ။ ဒါပေမယ့် သူတို့တွေ ကိုရီးယား သီချင်းကိုတောင် အလွတ်ရနေကြပြီဆိုတော့ အချိန်အတော်ကြာလိမ့်မယ်တော့ ထင်မိတယ် ။

ကဲ.....ကဲ...ထောင်သားများရဲ့ နိုးဘာဒီ ကိုအားပေးရအောင်နော် ။ ဖိလစ်ပိုင်မလေး ပြောပြချက်အရတော့ သူတို့က အမြဲ နံပါတ် “တစ်“ တဲ့ ။



(နိုးဘာဒီနဲ့ ပြုံးပျော်နိုင်ကြပါစေနော် )

ကျွန်မတို့ အသက်ရှင်နေထိုင်နေကြတဲ့ လူ့လောကကြီးထဲမှာ အခြေအနေ အမျိုးမျိုး ၊ ဘ၀အမျိုးမျိုး ၊ ပတ်ဝန်းကျင်အမျိုးမျိုးတွေကြားထဲမှာ ပြုံးပြုံးလေးလျှောက်လှမ်းနိုင်သူတွေရှိသလို အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေကြသူတွေလည်းရှိတယ် ။ ပျော်ရွှင်မှုကို ငွေနဲ့ဝယ်လို့ ဇိမ်ကျနေသူတွေရှိသလို ၊ အဲဒီငွေကြောင့် အရှက်တရားကို ခ၀ါချလို့ ရုန်းကန်နေရသူတွေလည်းရှိတယ် ။ ငွေထုတ်ကြီးပိုက်လို့ အပျော်လိုက်နေသူတွေ ရှိသလို ငွေမရှိလို့ အသက်တွေလည်း စတေးခဲ့ရတာတွေရှိတယ် ။ ဘ၀အခြေအနေ ပေါ်မူတည်လို့ လှုပ်ရှားရတဲ့ ပတ်ဝန်းကျင်နဲ့ ရုန်းကန်ရတဲ့အနေအထားတွေဟာလည်း ကွာခြားတယ်ပေါ့ ။ ဥပမာဆိုရင်လေ...........


တီထွင်မှုပညာရှင်တွေဟာ ..............................

........နည်းပညာတွေနဲ့ အလုပ်ရှုပ်နေမယ်
........အသစ် အသစ်တွေကြား မအားမလပ်ဖြစ်နေမယ်
........စမ်းသပ်မှုတွေကြောင့် ဦးနှောက်ခြောက်နေနိုင်တယ်
........အားလပ်ရက်တွေမှာ မိသားစုတွေနဲ့ ပန်းခြံထဲမှာလည်း အနားယူနေနိုင်တယ်
........ နိုင်ငံတကာကို ခြေဆန့်လို့အလည်ခရီးတွေလည်း သွားနေနိုင်မယ်ပေါ့

သူတို့ရဲ့ဘ၀တွေက ပန်းခင်းလမ်းလို မွှေးကြိုင်နေတယ် ။ စိတ်စေရာ လှုပ်ရှားလို့ ...တက်ကြွမှုအပြည့်နဲ့ ခရီးနှင် နေဆဲလူသားတွေ...သူတို့မှာရွေးချယ်ခွင့်တွေရှိတယ် ..လုပ်ပိုင်ခွင့်တွေရှိတယ်..သူတို့ရဲ့ဘ၀ကငြိမ်းအေးတယ် လို့ မဆိုသာပေမယ့် ဝေဟင်မှာပျံသန်းတဲ့ ငှက်တစ်ကောင်လို ရပ်နားမလား ..ပျံသွားမလား ..ကြိုက်တာရွေးလေ



ချမ်းသာတဲ့ အသိုင်းအ၀ိုင်းကို ကြည့်လိုက်ရင်..................

.......ကုမ္ပဏီသွားမယ်
.......meeting တွေရှိတယ်
.......အလုပ်သွားမယ်လား.?....ရှယ်ဆိုတဲ့ကားကြီးက အဆင်သင့်
.......ရုံးဆင်းလို့ပင်ပန်းနေပြီလား?....မပူပါနဲ့လေ
.......ဘီယာလေးမော့လို့ ပျိုမေလေးတွေက အနားမှာ
.......မိသားစုနဲ့သားသားမီးမီးတွေကြည့်ဦးမလား.? .shopping ထွက်မယ် ..လည်လည်သွားမယ်
......ပြိုင်ချင်တိုင်းပြိုင်လို့ ...လုပ်ချင်တာလုပ်...လိုက်ရှင်းပေးလိမ့်မယ် ..နောက်ခံအားတွေကောင်းတယ်

သူတို့တွေမှာ မရှိစကား မကြားဘူးသလောက်တောင်ရှားတယ်.. လိုချင်တာရနိုင်လို့ပါဝါရနေသူတွေလိုပေါ့ ..
ငွေဆိုတဲ့အရာကြောင့် ဦးနှောက်မီးတောက်ဖို့ နဲနဲခဲယဉ်းတယ် ။ သွားမယ့်လမ်းကြောင်းတလျှောက် ငွေလမ်း လေးခင်းပြီး ...အပြုံးမျက်နှာလေးတွေ ၀န်းရံလို့ အတုတွေ အစစ်တွေ အပ ထား ...လတ်တလောမှာ အပြုံးလမ်း ပေါ်က အောင်နိုင်သူတွေပေါ့...


အောင်မြင်သူတွေကိုကြည့်ဦးမလား.....................

.....စိတ်ချမ်းသာမှုအပြည့်နဲ့ ပြုံးပျော်နေမယ်
.....သြဇာအာဏာအပြည့်နဲ့“ ဥုံဖွ “ ဆိုသလို လုပ်ချင်တာဖြစ်တယ်
.....ဆင်းရဲဆိုတာ နတ္ထိ အလား.....“က္ကုစ္ဆာသယ“ လိုတရ လေ
.....စိန်နားကပ် အရောင်နဲ့ပါးပြောင်ဆိုသလို..... ငွေမျက်နှာကြောင့် မျက်နှာလေးတွေ ၀င်းလို့ မော်လို့
......သွားလေရာမှာ အားကျမယ့်သူတွေ.....အတုယူမယ့်သူတွေ... ကူညီမယ့်သူတွေ အဆင်သင့်...လိုတာမလိုတာ သူတို့အကြောင်းလေ ။


သူတို့တွေရဲ့ဘ၀တွေကတော့ အောင်မြင်မှုတွေ ....စည်းစိမ်ချမ်းသာတွေ .......နည်းပညာတွေနဲ့ပြည့်စုံ ပျော်ရွှင် နေတဲ့ ဘ၀တွေကိုပိုင်ဆိုင်ကြတဲ့ လူသားတွေပေါ့ ။ သူတို့ရဲ့ဘ၀ဟာ ပြည့်စုံတယ် လုံလောက်တယ် ။ ဆင်းရဲတယ် ဆိုတာဘာပါလိမ့်လို့ တွေးကောင်းတွေးနေကြမှာပေါ့ ။ချမ်းသာ စည်းစိမ်တွေကြားထဲမှာ နတ်ဘုံ အလား ခံစားပြီး ကာယသုခ စိတ္တသုခ နှစ်ဖြာ ပြည့်စုံတယ်လေ ။ မိသားစုနဲ့အသိုက်အ၀န်းမပျက် ချစ်တေးသီဆို လို့ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ကျရောက်ပြီးသားမို့ ဆည်းလည်းသံလို သာယာလှတဲ့ မိသားစုလေးတွေပေါ့။


ဆင်းရဲသူတွေကျပြန်တော့လည်း......


.........ငွေမရှိလို့မျက်နှာငယ်ရတယ်
.........ထိုငွေကြောင့်ပဲ ယောက္ခမက မကြည်ဖြူ မိန်းမက မနှစ်သက်
.........ငွေမရှိတော့ ဂုဏ်မရှိပေါ့
.........သွားလေရာမှာ လူ့အောက်ကျလို့ ဆန္ဓတွေကို ချိုးနှိမ်ထားရပေါင်းလည်း မရေတွက်နိုင်ခဲ့ဘူးလေ
.........မိသားစုဝင်တိုင်းရဲ့ ၀မ်းတထွာ ပြည့်ဖို့ ရရာအလုပ်ကိုလုပ်လို့ ရှက်တယ်ဆိုတာ ချိုနဲ့လား
.........အချစ်ဆိုတဲ့သကာရည်ချိုချိုတွေကို အဲဒီငွေကပဲ တိုက်စားနိုင်သေးတယ်
.........အိမ်ထောင်ဖက်တွေကို အဲဒီငွေက ပဲ ခွဲခွာသွားအောင်လည်း လုပ်တတ်သေးတယ်
.........တည်ပါတယ်ဆိုတဲ့...သစ္စာ
.........ချစ်လှပါတယ်ဆိုတဲ့...မေတ္တာတွေ......
........နှစ်ကိုယ်တူ တဲအိုပျက်မှာ နေရနေရ ..ထမင်းရည်ကြည် လျှက်ပြီးချစ်ပါ့မယ် ဆိုတဲ့ ချစ်သူတွေ
........သစ္စာတော်တွေပျက်သုန်းလို့ မေတ္တာရေအိုင်တွေ ခန်းခြောက်ခဲ့ရပြီ
........ ဆင်းရဲခြင်းအပူကြောင့်.......
........သောကတွေ
........မျက်ရည်တွေ
........နာကျင်မှုတွေ
........စွန့်လွှတ်မှုတွေ
........ခွဲခွာမှုတွေ
........၀မ်းနည်းခြင်းတွေ....ဒါတွေဟာ ဆင်းရဲခြင်းရဲ့ အကျိုးဆက်

“ငွေ“ ဆိုတဲ့ တစ်လုံးတည်းသော စကားလုံးလေးဟာ လူတွေကို ပြုစားတတ်တဲ့ မှော်ကဝေလေးပေါ့ ။ သူ့ကြောင့် ကွဲကွာခဲ့ကြရတဲ့ မိသားစုတွေ....နှုတ်ဆက်ခဲ့ကြတဲ့ ကြင်စဦးဇနီးမောင်နှံတွေ...ဝေဒနာကို အံကြိတ်ခံနေရတဲ့ ရော ဂါသည်တွေ...ဆုံးရှုံးလိုက်ရတဲ့ အသက်ပေါင်းတွေ....စွန့်လွှတ်လိုက်ရတဲ့ ဆင်းရဲသားမိသားစုတို့ရဲ့ ရင်သွေးငယ် တွေ...အမြင့်ဆုံးကိုတက်နိုင်ပါရဲ့နဲ့ မရောက်နိုင်ခဲ့ကြတဲ့ ပါရမီရှင်လေးတွေ....ကျားခံတွင်းထဲ ကျသွားရတဲ့ လုံမပျို လေးတွေ.....အသိမ်းခံလိုက်ရတဲ့ မာနတွေ....ခြေတော်ရင်း ၀ပ်စင်းခဲ့ရတဲ့ အရှက်တွေ.....စွန့်လွှတ်လိုက်ရတဲ့ ဆန္ဒတွေ ...................အို............စုံလို့ပါပဲ ။ ဒါတွေကို သူတစ်ယောက်ထဲ လုပ်သွားတာ ..........

ဒါဆို သူတို့တွေရဲ့ဘ၀က........ လောကဓံ ကိုအံကြိတ်ခံရင်း ဖြစ်သမျှအကြောင်း အကောင်းချည်းပါပဲကွာလို့ လက်ခံ လိုက်ရမှာလား ...အရင်ဘ၀က လုပ်ခဲ့တဲ့ အကုသိုလ်ကံတွေပါလို့ ဖြေသိမ့်လိုက်ရမှာလား... ဒီဘ၀ ဒီမျှပါ ပဲလို့ လက်လျှော့လိုက်ရမှာလား.....ဘာတွေဘယ်လိုကြောင့်ပဲ ဖြစ်နေဖြစ်နေ အခုဘ၀မှာတော့ သူတို့တွေ ရဲ့ ဘ၀ဟာ ရင်လေးစရာပဲပေါ့ ။
ဒီကလေးလေးကို ကြည့်ပါဦး...ဆင်းရဲသားမိသားစုက မွေးဖွားလာတဲ့ကလေးလေး ဆိုတာ ငြင်းနေဖို့တောင် မလိုပါဘူး ။ သူဖြတ်သန်းရမယ့် ကာလတလျှောက် ဆင်းရဲမှုတွေ ဒုက္ခတွေ အမျိုးမျိုးကြုံရကောင်း ကြုံရမှာပေါ့ ။ သူလေးရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ ၀မ်းစာရေး ..အဲဒီအရေးတွေရော အဆင်ပြေပါ့မလား.....အင်္ကျီမပါတဲ့ ဗလာ ကျင်းကိုယ်လေးနဲ့ တကိုယ်တည်း ဆော့ကစားနေတော့ အထီးကျန်မှုတွေများ ခံစားနေရမလား...............

သူလေးကရော.....ကိုယ့်တာဝန်ကို ယူနေရသလား ....မိဘတွေများ မအားကျဘူးထင်ပါ့.. ၀မ်းစာရေးအတွက်များ အလုပ်လုပ်နေကြရော့လား.....သူလည်း မိခင်ကို မျှော်လင့်မိမှာပေါ့...ဒီအရွယ်လေးဟာ ပလီပလာ ချွဲရမယ့်အ ရွယ်လေး မဟုတ်လား... အဆင်မပြေတဲ့ ဆင်းရဲမှုချောက်ထဲမှာများ အသက်ရှင်နေရမလား.....
သူလေးကိုကြည့်ကြည့်လေ ......သူ့ရဲ့ဝမ်းစာရေးအတွက် တောင်းစားနေရရှာတယ် ။ သူ့ကိုရော သနားကြပါ့မ လား ။ ကလေကချေ အုတ်ကြား မြက်ပေါက် ကလေး လို့ ပြောဆိုကြမှာလား ။ သူ့ရဲ့ခံစားချက်ကရော ဘယ်လို များ ရှိနေမှာလဲ ။ အသက်အရွယ်နဲ့မမျှ ဘ၀ရဲ့ လောကဒဏ်ကို ခံနေရပြီ ။ သူ့မိသားစုကရော ဘယ်လိုတွေ အ သက်ဆက်နေမှာပါလိမ့် ။ သက်တူရွယ်တူ အခြားကလေးတွေလို ကျောင်းမှ တက်ရပါလေစ ။ ထမင်းနပ်မှန် အောင်ရော စားရပါ့မလား ။ ဗိုက်ဆာလွန်းတဲ့ အချိန်တွေဆိုရင် နေပူမရှောင် မိုးရွာမရှောင်များ လိုက်တောင်းနေ ရမလား ။ သူလေးရဲ့ဘ၀က ကြမ်းတမ်းလွန်းလှပါလား ။
တောင်ယာလယ်လုပ် ပျိုးနှုတ်သမားတွေရဲ့မိသားစုဝင် ကလေးတွေလား....မိဘမောင်ဘွားတွေနဲ့အတူ လုပ်ငန်းခွင် အတူဝင်နေရပြီလား...ရှိလှ ၈နှစ် ၉ နှစ်ပေါ့ ။ ကြမ်းတမ်းတဲ့ဘ၀လမ်းမှာ မိဘတွေနဲ့အတူ အုတ်တချပ် သဲတပွင့်... ဒိုးတူဘောင်ဖက် လုပ်ဖော်ကိုင်ဖက် တွေလား ။ ကျောင်းသင်ခန်းစာ အပ ထားလို့ ၀မ်းစိုပြေဖို့ရာ ရုန်းကန်နေရတာလား.......
ဒီညီမလေးဆိုရင်ရော.......သူဘာလုပ်နေတာလဲ......သူလေးလည်း ဒီပတ်ဝန်းကျင် ဒီ အသိုင်းအ၀ိုင်း ထဲမှာပဲ ရောင်လည်လည်ပဲလား...သူလေးက မိန်းကလေးနော်...အရွယ်လေးများရောက်လာလို့ လှသွေး တွေများကြွယ် လာ ရင် ဒီညီမလေးရဲ့ဘ၀ လုံခြုံနိုင်ပါ့မလား.....အုပ်ထိန်းသူမိဘတွေရော စုံစုံလင်လင်မှ ရှိရဲ့လား ...... ဒီညီမလေးရဲ့ရှေ့ရေး ..ရင်လေးစရာတွေများ ဖြစ်လာဦးမလား....ကံကောင်းပါစေ ညီမရေ....

...............................................................................................................................

ကလေးတွေဟာ နောင်လာမယ့် အနာဂါတ်ရဲ့ခေါင်းဆောင်တွေ ဆိုရင်လည်းမမှားပါဘူး .....အဲဒီအနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေ ကျွန်မတို့နိုင်ငံမှာလေ ....ဈေးရောင်းနေကြတာတွေ ......... တောင်းစားနေကြ တာတွေ အမျာကြီးတွေ့ခဲ့ရတော့................ရင်ထဲမှာလေ တကယ် မကောင်းဘူး .... တဆစ်ဆစ်နဲ့ နာကျင်နေတုန်းပဲ ။ သူတို့လေးတွေရဲ့ဘ၀ အခုက တည်းက မလှပရင်လေ နောင်များဆိုရင်တော့လား...... တွေးကြည့်ရင်း ရင်လေးမိပါရဲ့.....အဲဒီအရွယ်တိုင်းဟာ.... ကျောင်းဝတ်စုံလေးတွေ ကိုယ်စီနဲ့ ပညာရေးကို အပြိုင်အဆိုင် ကြိုးစားနေရမှာ..........ခုတော့.....


............................................................................................................................................

အဲဒီလို......

.........လူတွေရဲ့မတူညီတဲ့ ဘ၀အခြေနေပေါ်မှာ ရုန်းကန်လျှောက်လှမ်းနေကြရတဲ့ ကလေးတွေရဲ့ အနာဂတ်
.........ဆင်းရဲတွင်းထဲက မလွတ်ကင်းနိုင်ကြသေးတဲ့ လူသားများရဲ့ ခံစားချက် နဲ့ နာကျင်မှု
........ငွေပုံပေါ်မှာ သကာရည်လောင်းထားတဲ့မျက်နှာတွေရဲ့ပျော်ရွှင်မှု
........အောင်မြင်မှုလူသားတွေရဲ့ အပြုံးမျက်နှာ
....... အဲဒီမတူညီတဲ့ဘ၀တွေထဲမှာ ကျင်လည်နေကြရတာက ကျွန်မတို့ လူသားတွေပါပဲလေ ........ .........ကံစီမံရာပေါ့........

စဉ်းစားမိတာလေး တစ်ခုက....

................ငွေဆိုတာ ဘ၀လား...?
................ဘ၀ဆိုတာရော ငွေလား...?

.............................................................................................................................


ပုံတွေက google ကရှာထားတာပါ ။ အားလုံး မြန်မာကလေးတွေ ချည်းပါပဲ ။ အခြေအနေတွေကို အားလုံးတင်ပြရ ရင် ဂျေးထဲရောက်မှာစိုးလို့ ဆင်ဆာတွေ မပါအောင်ရေးထားတယ်.ဟဲဟဲ. ဝှောင်ဝှောင်ရှေးမှ :)......


ကလေးဘ၀က အစပြုလို့ ငယ်ငယ်တုန်းက အကြောင်းအရာလေးတွေကို စဉ်းစားမိတိုင်း မပြုံးမိဘဲမနေ နိုင်ခဲ့ပါဘူး ဘာကြောင့်များလည်းဆိုတော့...... ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀က သူများတွေနဲ့မတူခဲ့ဘူးလေ ငါးနှစ်မပြည့်ခင် မှာပဲ သေနတ်သံတွေကြားပြေးလွှားခဲ့ရဘူးတယ် ဆူပူမှုတွေနဲ့ဝေးရာ ရှောင်ပုန်းရင်း တောရွာမှာ အခြေချ နေဖြစ် ခဲ့တယ်လေ ကလေးတစ်ယောက်ရဲ့ကျောင်းသားဘ၀ကို အလိုက်သင့်စီးမျောရင်း နှစ်တွေ တစ်နှစ်ပြီးတစ်နှစ် ကုန် လွန်လာလိုက်တာ အသက်အရွယ်လေးလည်း တစတစ ကြီးရင့်လာပြီပေါ့ ...................

ယောင်္ကျားဆန်တဲ့စိတ်ဓါတ်တွေကြောင့် ချွဲနွံတာတွေကို မလိုလားခဲ့ဘူး။ လုံချည်ဝတ်ရင်တောင် မိန်းမဆန်မှာစိုး လို့လုံချည်ကိုပုဆိုးလို လုပ်ဝတ်ခဲ့ပေါင်းမရေတွက်နိုင်အောင်ပါပဲ။ ဇယ်တောက်တမ်းကစားရင် မိန်းမဆန်လို့ မောင်လေးတွေနဲ့ သရေကွင်းပစ်တယ် လောက်စလုံးလှိမ့်တယ။် ကိုယ့်စိတ်ကို ကိုယ်မနိုင်တာကြောင့် မကြာခဏ ဒုက္ခရောက်ခဲ့ဖူးတယ် ။ ကိုယ်က မလုပ်နဲ့တော့ဆိုရင် ရပ်လိုက်မှ ကြိုက်တာတွေကြောင့် အဆင်မပြေမှုတွေ ရှိခဲ့ ဘူးတယ်။ တစ်ချိန်က မောင်လေးတစ်ယောက်က ကိုယ့်ကို ပြောင်ပြနေတာကို ရပ်ဖို့ပြောတာ မရပ်ခဲ့လို့ စိတ်မ ထိန်းနိုင်ပဲ ကိုင်ပေါက်မိခဲ့တဲ့အတွက် နှုတ်ခမ်းက သွေးထွက်တဲ့ အထိဖြစ်ခဲ့ဖူး တယ် ။

နောက်ပိုင်းကျတော့ ကိုယ့်စိတ်ကို နည်းနည်းခြင်း ပြုပြင်ခဲ့ပါတယ်။ ဒါပေမယ့် ပျော်ပျော်နေတတ်တယ် ။ အ ကျီစားသန်တယ် ။ ကိုယ့်ကြောင့်သူတပါးကိုတော့ ဒုက္ခမရောက်စေချင်ပါဘူး ။ ဘယ်လောက်အထိပျော်တတ်လဲ ဆိုရင်.............................................

ရှစ်တန်းနှစ်လား ကိုးတန်းနှစ်လား မသိတော့ဘူး ။ " The Wheel " ဆိုတာသင်ရတယ်လေ ။ အဲဒီနှစ်ကပေါ့....... အပြင်မှာတက်ရတဲ့ ကျူရှင်တွေက သိပ်များများစားစားမရှိခဲ့ပါဘူး ။ကျောင်းကဆရာ ဆရာမတွေ သင်ကြတာ များတယ်လေ ။ အင်္ဂလိပ်ကိုတော့ ဘယ်ဆရာတွေဆီမှာမှ မတက်ကြပဲ “ကိုကိုဇော် “ ဆိုတဲ့ဆရာဆီမှာပဲ သီး သန့်တက်ခဲ့တာ သူငယ်ချင်းတွေ အားလုံးလိုလိုပဲ ။ အဲဒီဆရာက အင်္ဂလိပ် တစ်မျိုးပဲသင်တယ်လေ ။ဆရာက အင်္ဂလိပ် တကယ်တော်တယ် ။ တောရွာလိုနေရာမျိုးမှာ စပီကင်ပြောနိုင်တဲ့ဆရာ မရှိသလောက်ရှားတယ်လေ။ အသက်သိပ်မကြီးသေးတဲ့ ဆရာ့ကို တပည့်အားလုံးက “အကိုကြီး “ လို့ခေါ်ကြတယ် ။

ကွမ်းစားသလောက် အသံထွက် မပြောင်းတဲ့ဆရာပါ။ သူ့သွားတွေဟာ အမြဲရဲနေတတ်သလို ခါးကြားမှာလည်း ကွမ်းထုတ်က ထာဝရရှိနေတတ်တဲ့သူပါ ။ စာသင်နေရင်းလည်း စားတယ် တစ်ယာကုန်ရင် နောက်တစ်ယာ ဘယ်တော့မှ မပြတ်တတ်ဘူး ။ စာသင်ရင်းကုန်ခဲ့ရင်တောင် စာသင်ရပ်ပြီး အ၀ယ်လွှတ်တတ်တဲ့ ဆရာပါ ။ ကွမ်း စားရင် လျှာတွေထုံတယ် အသံထွက်လို့ မရဘူးဆိုတာ သူနဲ့ လားလားမှ မသက်ဆိုင်သလိုပါ ။ ဆရာ့ကို အားလုံး ကချစ်လည်းချစ်ကြတယ် ။ အချစ်ဆုံး အဖွဲ့တွေကတော့ ကိုယ်တို့အဖွဲ့လေ ။ ဆရာရဲ့ အားနည်းချက်ကို သိထား တဲ့ ကိုယ်တို့အဖွဲ့က ဆရာ့ကို ပညာပြဖို့ ရည်ရွယ်ရင်း ပျော်စေချင်တာလည်းပါတာကြောင့် အကြံထုတ်ရင်း ပျော်လို့မဆုံးပေါ့ ။

..........................................................................................................................................................


ကောင်လေးချောချောလေးက “ ကြက်ဖင်“ ........တဲ့ ယောင်္ကျားလေးဖြစ်ပြီး ပွစိပွစိပြောတတ်လွန်းလို့ ။ သူ့ညီမ ၀မ်း ကွဲက “ ၀က်မ “......တဲ့ ၀၀တုတ်တုတ်လေး မိုလို့ ။ အရပ်ပုပု ညှက်ညှက်လေးက “ လက်ပွား “.........တဲ့ လက်မလေးဘေးမှာ လက်အပွားလေးတစ်ချောင်းပါလို့ ။ စသည်......စသည်....ပေါ့ အမည်အသစ်လေးတွေနဲ့ အုပ်စု ခပ်ကဲကဲအဖွဲ့ပေါ့ ။ အီဖေကို အမည်ကတော့ အစုံပါပဲ ။ ဆရာမလာခင် ကျူရှင်မှာ ဗိုလ်အောင်ဒင်ဇတ် ကနေကျဆိုတော့ အမြဲသရုပ်ဆောင်ရတာက မမြ၀င်း...မိုလို့ သူတို့က “မမြ၀င်း “.....တဲ့ ။ စာကျက်ရင် မန်း ကျည်းပင်ပေါ်မှာပဲတက်ကျက်လို့ “မျောက်မ “...........တဲ့ ။ ကျူရှင်အိမ်နဲ့အနီးဆုံးနေပြီး နောက်ဆုံးမှ ရောက် လာတတ်လို့ “လိပ်မ“ ........ဆိုသလို အမည်နာမတွေက ပေါမှပေါပေါ့ ။ ကျန်သူတွေလည်းရှိသေးတယ်.............များမှများ........................။ အဲ......အဲဒီနေ့က


အစီအစဉ်ကြီးကြပ်သူ..........................မမြ၀င်း
အ၀ယ်တော်.............................၀က်မနဲ့ လက်ပွား


ဒါရိုက်တာဖြစ်သူ...........................ကြက်ဖင်




ဖောက်ခွဲရေး...........ဂျပု
ကင်းစောင့်...........................ကုလားမလေး
တောက်တိုမယ်ရ...................ကျန်အဖွဲ့သားများ



“ ကဲ...ကဲ...၀က်မနဲ့ လက်ပွား...သွား...နင်တို့နှစ်ယောက်က “ ဦးလှကြိုင်ဆိုင်“ ကိုသွား ........အဲဒါကိုဝယ်ခဲ့ ။ ဘယ်သူမှမရိပ်မိစေနဲ့နော်“ ......................... မမြ၀င်းရဲ့ ညွှန်ကြားမှု........

“မင်းတို့နှစ်ယောက်က..မြန်မြန်သွားမြန်မြန်ပြန်..ကွမ်းဝယ်ခဲ့ဖို့ မမေ့နဲ့ ကြားလား“ ......................ကြက်ဖင်ရဲ့ မှာတမ်း...........................

“ ဟိတ်ကောင်...ကြက်ဖင် ...ငါက ဘာနဲ့ခွဲလို့ဘယ်လိုထုရမှာလဲကွ ။ ခုထိဘာမှမရှိသေးဘူးလေ ။ တစ်ခုခုငါ့အတွက် စီစဉ်ပေးဦးမှပေါ့ “လို့ဆိုတဲ့.................................ဖောက်ခွဲရေး ဂျပုရဲ့ အမေး...........

“ ဟဲ့......နင်တို့တွေမြန်မြန်လုပ်ကြလေ...ဟိုမှာ ၁၀ တန်းကျောင်းသားတွေ ဆင်းတော့မယ် ။ ငါစိတ်ညစ်ပါတယ် လို့ ဆိုလာတဲ့ “.............ကင်းစောင့်တာဝန်ကျ...............ကုလားမလေးရဲ့စိုးရိမ်စိတ်တွေနဲ့အတူ...........

...........................................................................................................................................................


၁၀တန်းကျောင်းသားတွေ ဆင်းသွားကြပြီဆိုတော့ နောက်ဆုံးသင်တန်းချိန်မှာ ကိုယ်တို့အဖွဲ့ပေါ့ ။ဆရာလည်း ပင်ပန်းနေပါပြီ ။ ကိုယ်တို့သင်တဲ့အချိန်ဟာ ညနေခင်းတစ်ခုရဲ့တတိယမြောက်စာသင်ချိန် ။အချိန်လေးက နေ၀င်လုလု........... အတန်းသားတွေက ပြောင်စပ်စပ် .............ဆရာကတော့ မောလွန်းလို့ ဖုတ်လိုက်ဖုတ်လိုက်

“ကဲ.......ကဲ...........စာအုပ်ထုတ်ကျကွာ....စ ကြရအောင် “

“ဟုတ်.......အကိုကြီး “ ဆိုတဲ့ သံပြိုင် အဖြေစကားအပြီး “ The Wheel “ အကြောင်း တက်ကြွစွာသင်ပေးနေတဲ့ ဆရာ .......ဘီးတွေရဲ့ဘယ်လို လည်ပတ်ပုံ .....ဘီးအသေး ဘယ်နှပတ်..ပတ်ရင် ဘီးအကြီးက ဘယ်နှပတ်..ပတ် ပုံ..ဘီးတွေရဲ့ သဘောတရားတွေကို စိတ်ဝင်တစား ကွမ်းတစားစားနဲ့ သင်ကြားနေတဲ့ ဆရာအကိုကြီး..... သံပတ်ကုန်လို့ ရပ်သွားတဲ့ စက်ရုပ်လို....ကွမ်းကုန်လို့ စာအသင် ရပ်သွားတယ် ။

“ ဟေ့ကောင်...........လက်ပွား..ကွမ်းတစ်ထုတ် သွားဆွဲစမ်းကွာ “ လို့ဆိုလာတဲ့ ဆရာ့ကို “ အကိုကြီးကလည်း ဒါတွေ သိလို့ ကြိုဝယ်လာပြီးသား ......ရော့အကိုကြီး “ လို့လက်ကမ်းလိုက်တဲ့ လက်ပွားရဲ့ ငါးခူပြုံးကို မသိရှာ တဲ့ အကိုကြီးက.............

“ငါ့တပည့်ကြီး...ဘယ်ဆိုးလို့လဲကွ....ဒီလိုတော့လည်းသိတတ်သားပဲ “ လို့ဆိုတဲ့ ဆရာ့ရဲ့ ချီးမွမ်းစကားနဲ့ စာ ဆက်သင်လိုက်တာ ....တဖြည်းဖြည်းနဲ့ အင်္ဂလိပ်သင်ရင်း “ Gear Wheel ယောင်္ကျား “တွေပါ ပြောတော့တာပဲ ...အင်္ဂလိပ်စာသင်ရင်း ဘယ်လို ဂီယာဝှီးယောင်္ကျားလို့ပြောလိုက်မိမှန်းဆရာကိုယ်တိုင်လည်းမသိပါဘူးတဲ့။ ဒီလိုနဲ့ တဖြည်းဖြည်း........တဖြည်းဖြည်း.......တဖြည်းဖြည်းပေါ့.................. အီဖေကိုယ်တို့ လွယ်အိတ်ကိုယ် စီ မ. လို့ အိမ်ပြန်လာခဲ့ကြတယ် ။ အကြောင်းကတော့ အကိုကြီးတစ်ယောက် စာသင်ပြရင်း အိပ်ပျော်သွားတာ ညကိုးနာရီကျော်မှ သူများလာနှိုးလို့ နိုးရသတဲ့လေ ။ ကျူရှင်သင်တဲ့ အဆောင်မှာ သူတစ်ယောက်ပဲကျန်ခဲ့တာပါ ။ အစွမ်းပြပြီလေ.........

..................................................................................................................................................


“ ဟဲ့.....ဟဲ့....ရော့....နင်တို့မှာတာ ပါလာပြီ “ ..............လို့ပြောလာတဲ့ ..............လက်ပွား ရဲ့ဘာမီတွန် လက်အကမ်းမှာ

“ဂျပု....ရော့....ရော့....ဒါနဲ့ထု.....မြန်မြန်ထု....သူများတွေ မြင်တော့မယ်ကွာ “.......လို့ဆိုတဲ့ ကြက်ဖင်ရဲ့ ဘာမီ တွန်ခြေမှုန်းရေး တိုက်စစ် နဲ့အတူ

“ဖြေ..ဖြေ......လေ ဟာ ..ကွမ်းယာတွေကို အဆင်သင့်ဖြေထားကြလေ “ ....လို့ဆိုလာတဲ့ မမြ၀င်းရဲ့ ဆော်သြော်သံနဲ့ အတူ........................ တောက်တိုမယ်ရ ၀ိုင်းတော်သားများရဲ့ ဖြန့်ဖြူးရေး system

“ဟဲ့ ....သိမ်း...သိမ်း....မြန်မြန်သိမ်း.....ဟိုမှာ ၁၀ တန်းတွေ ဆင်းလာပြီ ဟ “ ....လို့ဆိုတဲ့ ......ကုလားမလေး ရဲ့ တာဝန်ကျေစွာ ....ကင်းစောင့်ပေးမှုကြောင့် ..........လုပ်ကြံမှု ပျော်ပွဲရွှင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ခဲ့တာပါ ။

......................................................................................................................................................


{ တကယ်တော့ .............. ခုချိန်မှာ ပြန်တွေးမိရင် ငရဲကြီးသလိုလို မလုပ်သင့်သလိုလို အပြစ် ကြီး တစ်ခု လို ဖြစ်မိပေမယ့်......အဲဒီနေ့ .....အဲဒီအချိန်က......ဆရာကိုယ်တိုင်ပျော်ခဲ့တာပါ....နောက်တနေ့ သင်တန်းတက် တော့ စိတ်မဆိုးတဲ့ အကိုကြီးက “ နင်တို့ဟယ် ..ငါ့ကိုလုပ်လိုက်တာ ...ညက ကိုးနာရီမှ နိုးတာဟဲ့ ဒါတောင် မေမေ လာနှိုးလို့...မေမေကမေးသေးတယ် ..ဘာလို့ဒီမှာအိပ်နေတာလဲ့တဲ့..အိပ်ချင်ရင် အိမ်မှာမအိပ်ဘူး....လို့ တောင်ဆူသေးတယ်ဆိုပြီး“...ပျော်လို့တောင် နေလိုက်သေးတယ်လေ ။ အဲဒီလောက် သူ့အပေါ်မှာ ဘယ် သူမှ မဆိုးခဲ့ကြသလို.......ကွမ်းယာထဲ ဘာမီတွန်ဖြူးပြီး ကျွှေးရလောက်အောင် ဆရာနဲ့ မရင်းနှီးကျတာပါ ။ ကိုယ်တို့ ကတော့ ငယ်လည်းငယ် ဆရာ့ကိုလည်းချစ် ဆိုးလည်း ဆိုးခဲ့တာကြောင့် ခုအချိန်ဆရာနဲ့တွေ့လို့ပြန် ပြောရင် ခုအချိန်အထိ ရယ်မိကြတုန်းပဲ ..............အားလုံးရဲ့ ရင်ထဲမှာ အမှတ်တရ အနေနဲ့ ရှိခဲ့ကြတာ မမေ့နိုင်တဲ့ ပျော်ရွှင်မှုဖြစ်ရပ်လေး တွေပါ.............ခုအချိန် ဘယ်လိုမှ ပြန်မရနိုင်တော့ဘူးလေ................}

.......................................................................................................................................................

“ ဟယ်...သမီးလေးကချစ်စရာလေးနော်.. ဆရာမဆီကို လာပါဦး သမီးရယ် “ ပြောပြောဆိုဆို မေမေ့လက်ထဲက အတင်းဆွဲခေါ်သွားပြီးတော့ “ဟင်...သမီးလေးက ငိုမဲ့မဲ့လေးပါလား...ဘာလို့လဲ သမီးရဲ့ ...ဆရာမကို စကားပြောပါဦး သမီးရယ် ချိုချဉ်စားမလား... ဒီမှာ တော်ဖီလုံးတွေလည်း ရှိတယ် သမီး ကြိုက်တာသာ ယူစား....နော်...သမီး “ ။


“ဟင့်အင်း....မစားချင်ဘူး...ဘာမှ မစားချင်ဘူး “


“ သြော်..သမီးက ဒါမျိုးတွေ မကြိုက်ဘူး ထင်တယ်...မုန့်ဟင်းခါးစားမလားသမီး “


“ဟင့်အင်း...မုန့်ဟင်းခါးလဲ စားချင်ဘူး“


“ဒါဆို သူငယ်ချင်းတွေနဲ့ ဆော့ရအောင်လေ ..နော် ။ ပျော်ဖို့ကောင်းတယ်သမီးရဲ့..လာနော် သမီး “


“ဟင့်အင်း...ဟင့်အင်း....ဆော့လဲမဆော့ချင်ပါဘူး ။ ဒီမှာ မနေချင်ပါဘူး“ လို့ပြောပြီးတာနဲ့ မေမေ့ဘက်လှည်ပြီး “မေမေ အိမ်ပြန်မယ် နော် ..မေမေ....နော်“


ဒေါ်ခင်တုတ် တစ်ယောက် သမီးဖြစ်သူရဲ့တောင်းဆိုမှုကိုလည်း လိုက်လျှောပေးချင် ..... လိုက်လျှော လို့ကလည်း မဖြစ်.... ပထမဆုံးသမီးလေးကို မူကြို စ အပ်တဲ့နေ့ဆိုတော့.. ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့အချိန်မှာ နောက်နားဆီက မူကြိုဆရာမကြီးရဲ့ “ မပူပါနဲ့ ဒေါ်တုတ်ရယ်..နောက်တော့လည်း သူဟာနဲ့သူ နေသားကျသွားမှာပါ ။ ခုမှ အစပိုင်းဆိုတော့လည်း သမီးလေးကဘယ်ပျော်ပါ့မလဲ ဒေါ်တုတ်ရဲ့ ဟုတ်ဘူးလား ။ ထားသာထားခဲ့ပါ ။ ဘာမှ စိတ်ပူစရာမရှိပါဘူး “ ဆိုတဲ့အသံကြားလိုက်တော့
“ ဟင့်အင်း..ဟင့်အင်း ....အိမ်ပြန်မယ် ... အိမ်ပြန်မယ် ...အိမ်ကိုပဲပြန်ချင်တယ် “ လို့ တအားအော်နေတာကြောင့် ဆရာမကြီးက


“ ဘာမှလည်းမစားချင်ဘူး ဟုတ်လား“


“ဟုတ် “


“ဆော့လည်း မဆော့ချင်ဘူး ဟုတ်လား “


“ဟုတ်“


အဲဒီတော့ “ ဗြန်း...ဗြန်း...ဗြန်း “ ဆိုပြီး ကြိမ်လုံးနဲ့ ခုံကိုရိုက်လိုက်တာ ဖုန်မှုံ့တွေတောင် ထခုန်မတတ်ပါဘဲ ။ မောင်မောင်ခေါ်တော့ “ဗျာ “ မထူးချင်ဘူး အောင်ကျော်ခေါ်မှ “ဗျာ“ ထူးချင် ဆိုသလို .....ချော့တုန်းက မပျော့တော့ ခြောက်လိုက်မှကြောက် ရပြီလေ ။ မုန့်ကြွေးတုန်းက စားလိုက်ရ အတော်သားနော်........

..........................................................................................................



သမီးပျို မူကြိုစအပ် တဲ့နေ့လေးပါ ။ ကလေးဘ၀ရဲ့ပထမဆုံးကျောင်းစတက်တဲ့နေ့ဆိုတော့ခုထိ အမှတ်ရ နေ ဆဲပါပဲ ။ အဲဒီနေ့က မူကြိုဆရာမကြီးရဲ့ အမျိုးမျိုးချော့မော့ပြီး မုန့်တွေကျွေးခဲ့တာတွေ ချော့လို့မရတဲ့အဆုံး ကြိမ်လုံးနဲ့ ကြမ်းပြတော့မှ ကြောက်ပြီး မလှုပ်တော့တာတွေ ခုထိအမှတ်ရနေတုန်းပါပဲ ။မေမေလည်း သမီးပျို ကိုထားခဲ့ပြီး ပြန်သွားလေရဲ့ ။



သမီးပျိုလေ... ငယ်ငယ်လေးကတည်းက အခြားကလေးတွေရတဲ့ အခွင့်အရေးတွေ မရခဲ့တာပါ ။ ဥပမာ...ထမင်းစားကျောင်းဆင်းချိန်မှာ မိခင်က ထမင်းချိုင့်လိုက်ပို့ပြီး ဂရုတစိုက် ထမင်းခွံ့ကျွေးတာမျိုး ၊ ကျောင်းဆင်း ချိန်မှာ လိုက်ကြိုတာမျိုးတွေပေါ့ ။ သမီးပျိုနေခဲ့တာက အုတ်ကျင်းမှာပါ ။ ဖေဖေက ပန်းထိမ်လုပ်တယ် မေမေက ထမင်းဆိုင်ဖွင့်တယ်လေ ။ အလုပ်သမားရပ်ကွက်မှာ ဆိုတော့ အရမ်းရောင်းကောင်းတာပဲ။ ထမင်းဆိုင်ဆိုတာ မျိုးကလည်း သိတဲ့အတိုင်းပဲ မရောင်းခင်လည်း ပြင်ဆင်ရ ရောင်းနေပြန်တော့လည်း လက်မလည်ရ ရောင်းပြီး ပြန်တော့လည်း သိမ်းရဆည်းရနဲ့ အားကိုမအားဘူးလေ ။ အဲဒီအခြေအနေမျိုးမှာ မေမေ့ဆီက ဒီအခွင့်အရေး တွေရဖို့ဘယ်လိုဖြစ်နိုင်တော့မလဲ မဟုတ်ဘူးလား ။



ကျောင်းသွားတော့လည်း မူကြိုဖော်တွေနဲ့ ကျောင်းပြန်တော့လည်း ထိုနည်းလည်းကောင်းဆိုသလိုပေါ့ ။ ခြေရင်းအိမ်မှာ မူကြိုတက်ဖော် ငုဝါမောင် ၊အာကာမောင် နဲ့ဥကာမောင် တို့နေတယ်လေ ။ကျောင်းသွား ကျောင်းပြန် သူတို့နဲ့ပေါ့။ သူတို့မှာ ကျော်ကျော်နဲ့မင်းမင်း ဆိုတဲ့အကို နှစ်ယောက်ရှိတယ် ။ သမီးပျိုမှာက အကိုတစ်ယောက်ပေါ့ ။ မိဘတွေ အလုပ်ရှုပ်နေချိန်ဆို အိမ်ဘေးက ခုံလေးပေါ်မှာ အတူတူထိုင်နေကျ ၊ မဟုတ် ရင် အိမ်နားက မီးသတ်ရုံမှာ ကစားနေကျပါ ။ မှတ်မိသေးတယ် အဲဒီနေ့က................



“ဟဲ့.....ဟဲ့...လုပ်ကျပါဦး....ကယ်ကြပါဦး....မင်းမင်းရေ...ကျော်ကျော်ရေ ...လာကြပါဦးဟဲ့“ ဆိုတဲ့အသံနဲ့ အတူ လူသံတွေ ကြားလိုက်ပြီးနောက် ဘာမှ မကြားတော့ဘူးလေ ။ ဘာဖြစ်တာလဲ သိချင်ကြမှာပေါ့နော် ။ သူ ငယ်ချင်းနဲ့သစ်သားခုံလေးပေါ်မှာ အတူတူထိုင်ရင်း နှစ်ယောက်ပြိုင်တူ ခြေထောက်ကို ရှေ့နောက်လွှဲတာ အရှိန်လွန်ပြီး နှစ်ယောက်လုံး နောက်ပြန်လန်ပြီး ခုံနောက်က မြောင်းနက်ထဲ အုန်းကနဲကျသွားတာ ဘာမှကို လုပ်ချိန် မရလိုက်ဘူး ။ လေးနှစ်အရွယ် ကလေးနှစ်ယောက် မြောင်းထဲပက်လက်ကြီး ကျသွားတော့ အသက်ရှု တိုင်း ရွှံ့တွေဝင်ကုန်တာပေါ့ ။ ရန်ကုန်က မြောင်းတွေကသိတဲ့အတိုင်းပဲ အနံ့ကမကောင်း အရောင်တွေက မည်းညစ်ညစ်နဲ့ဆိုတော့ အတော်မစားသာဘူးဗျို့ ။ ကိုကျော်နဲ့ကိုမင်း တို့က ခါးတောင်းကိုမြောင်အောင် ကြိုက်ပြီး မြောင်းထဲဆင်းဆယ်တာလေ ပါလာတယ်တဲ့ မည်းမည်းလေး နှစ်ယောက် ....ဟီး ...စဉ်းစားသာကြည့်ပေတော့................



သမီးပျိုငယ်ငယ်က ဆံပင်လေးက နီကြောင်ကြောင်နဲ့လိမ်လိမ်လေးတဲ့ ။ မျက်လုံးလေးက ၀ိုင်းပြီး ပါးလေးက ဖောင်းဖောင်းလေးဆိုပဲ နှုတ်ခမ်းလေးက စုစုလေးနဲ့အရပ်လေးကပုပုလေးဆိုတော့ ချစ်ခင်သူပေါဆိုပဲ ။ အဲဒါကြောင့်ထင်တယ် ။ ဖေဖေ့အမျိုး ဦးဖိုးသာအောင်ဆိုတာလေ အရပ်ရှည်ရှည် အသားမဲမဲ မျက်လုံးပြူးပြူးနဲ့ အိမ်လာရင် မိစု ...မိစု ဆိုပြီး လိုက်လိုက်ဖမ်းတာ ကြောက်လို့ ပြေးရ ၊ပုန်းရ နဲ့ မလွတ်လို့မိပြီဟေ့ဆိုလို့က တော့ သူ့နှုတ်ခမ်းမွှေးတွေနဲ့ တရှုးရှုးနဲ့နမ်းတာ နာကနာ ကြောက်ကကြောက်နဲ့ သူလာရင်ငိုရတာ အမောပဲ။



သမီးပျိုရဲ့ ကိုကိုက အဲဒီတုန်းက လေးတန်းပေါ့ ။ ကျောင်းကပြန်လာရင် သမိုင်းကိုသွားရတယ် ။ မေမေ လိုအပ် မယ့် အမဲသား ၊ ၀က်သား၊ အသား နဲ့ငါး သွားဝယ်ပေးရတဲ့ တာဝန်က ကိုကို့တာဝန်လေ ။ ညနေပိုင်းဆို ကိုကို ကသမိုင်းဈေးသွားနေကျ တစ်နေ့တော့......................................................................



“ဒိုင်း.....ဒိုင်း..........ဒိုင်း.............ဒိုင်း...................ဒိုင်း.....................ဖောက်.....ဖောက်.....ဖောက်......ဖောက်......ဖောက်.....“ သေနတ်သံတွေ ဆူညံနေတာပဲ ။ လူတွေလည်း ရုတ်ရုတ်သဲသဲ ပြေးသူပြေး အော်သူ အော် လမ်းမပေါ်မှာ ကလေး လူကြီး သက်ကြီး သက်ငယ် ...အို.....စုံနေတာပါပဲ ။ အဲဒီအသံတွေလည်းကြား ရော သမီးပျို တစ်ယောက် လွယ်အိတ်ကောက်လို့ အိမ်ဆီပြေးတာ တန်းနေတာပဲ ဆရာမတောင် တားချိန်မရ လိုက်ဘူး ။ အိမ်လည်းရောက်ရော မေမေတို့ကိုတွေ့တာပဲ ။ ကိုကိုပြန်မလာလို့စိတ်ပူနေကြတာလေ ။ သမီးပျိုကတော့ လောက်လေးတစ်လက်ကိုင်ပြီး ကုတင်ခေါင်းရင်းမှာကုတ်ကုတ်လေးထိုင်နေတာ လှုပ်တောင် မလှုပ်ပေါင်။ ကြောက်တာကိုး ။ အပြင်ထွက်ရဲဘူး ရယ် သူတို့က ချိန်ပြီးပစ်တာ မှတ်လို့ ရမ်းပြီး တွေ့ရာလူကို ပစ်တာ ။ ပြေးတဲ့လူ သေပဲ ။ မေမေ တို့ စိတ်ပူပြီးလိုက်သွားမယ် လုပ်တော့ ကိုကိုတစ်ယောက် လက်ဆွဲခြင်းဝိုင်းဝိုင်းလေးကို ခေါင်းဆောင်းပြီး ပြေးလာတာ တန်းနေတာပဲ။ လမ်းမှာ ပြောင်းဖူးသည်တစ်ယောက်ရယ် ကလေး တစ်ယောက်ရယ် သွေးအိုင်ထဲမှာ မြင်ခဲ့ရတယ်တဲ့ ။

သမီးပျိုကိုမွေးခဲ့တာက ၁၉၈၄ လေ ။ နောက်လေးနှစ်ရောက်လို့မူကြိုတက်တော့ ၁၉၈၈ ။ သူများတွေလို“၀ါဆို ၀ါခေါင် ရေတွေကြီးလို့သပြေသီးမှည့် ကောက်စို့လေ “ ဆိုတာမျိုးတွေ ဆိုနေဖို့အချိန်မရပါဘူး ။ ဆူဆူညံညံ သေနတ်သံတွေ ကြားထဲမှာ ဟိုပြေးဒီပြေးနဲ့ ကြီးပြင်းလာခဲ့တာ ။ဟိုကျောင်းသားက သပိတ်မှောက် ဒီကျောင်း သားက ဆူဆူပူပူနဲ့ဆိုတော့ တစ်မြို့လုံး ဆူပွတ်နေတော့တာပဲ ။ သပိတ်ကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေက စက်ရုံတွေကို ဖျက်ဆီးပြီး လိုချင်တာတွေယူကြ ၊ အပေါ်ကလူက သွပ်ကိုတက်ခွာချချိန်မှာ လက်ချော်ပြီး အောက်ကိုပြုတ်အကျ အောက်ကတစ်ယောက်ပေါ်ပြုတ်ကျလို့ ဒဏ်ရာတွေရကြနဲ့ ရုပ်ရှင်ထဲမှာ ရွာထဲကို ဂျပန်တွေဝင်သလိုပေါ့ ။

ဒီလိုနဲ့ သမီးပျိုတို့ ရန်ကုန်မှာ ဆက်မနေရဲတော့ဘူးပေါ့ ။ ဆက်နေရင်တော့ သေရင်သေ မသေရင် သေနတ် မှန်ပြီး ကားမှာသေချာတယ် ။ အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး ဘူတာကိုတစ်မိသားစုလုံး ပြေးတော့တာပဲ ။ ရ ထားကလည်း ခါချဉ်အုံ တုတ်နဲ့ထိုးလိုက်သလိုပဲ ကြပ်ညပ်နေတာလေ အသက်ရှုလို့တောင်မ၀ပါဘူး ။ တဖြည်း ဖြည်းနဲ့ မိုးလင်းလာတော့ တစခန်းထတော့တာပါပဲ။ သေနတ်တွေ တကိုင်ကိုင်နဲ့ ရထားတွေကို အပြင်က ထု ကြတော့တာပဲ ။ ရန်ကုန်နဲ့ သာရဝေါ ပြေးတဲ့ရထားတွေက လုံးဝကိုမကောင်းတာ သံကြေးတွေ အထပ်ထပ်နဲ့ ဆိုတော့ သူတို့ထုလိုက်တိုင်း သံကြေးမှုန့်တွေက ဖွာကနဲပဲ ။ အဲဒါကို ကိုယ်မှ မသိတာ။ ဘယ်လူတွေပါလိမ့်လို့ ချောင်းကြည့်လိုက်တာ ပြတင်းပေါက်ကို သေနတ်နဲ့လှမ်းအထုနဲ့တိုးတော့ မျက်လုံးထဲဝင်တာပေါ့နော့် ။

ဒီလိုနဲ့ ရထားတတန် လှေတတန် နဲ့ အဖိုးအဖွားတွေ ရှိတဲ့ရွာကိုရောက်တာပေါ့ ။ အဲဒီမှာ နေရင်းထိုင်ရင်းနဲ့ ရန်ကုန်ကိုပြန်မလာဖြစ်တော့တာပါ ။ အဲဒီမှာပဲ ကျောင်းနေဖြစ်တယ် ။ ကိုးတန်းအထိပဲဆိုပါတော့ ။

( နှင်းရေ မနက်ဖြန် လန်ဒန်ကိုသွားရမှာမို့ အမြန်ရေးလိုက်ရတာဟ ။ ကလေးဘ၀ကို သေချာတောင်ပြန်မတွေး ဖြစ်ဘူး ကျန်တာတော့ ကျန်သေးတယ်ဟ ။ နောက်တစ်ခါ တက်ခ်မှ အေးဆေးရေးပေးမယ်နော် ။ မကျေနပ် ရင် နောက်တစ်ခါတက်ခ် ဟာ နော် ။ ချစ်ဖို့ကောင်းပါတယ် နော်....နော်...)

မိသားစုလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ အိမ်လေးမှာ မိစုကအငယ်ဆုံးဆိုတော့ အိမ်မှာဆိုးချင်တိုင်းဆိုးလို့ရတဲ့ အခွင့်အရေးရခဲ့တာပေါ့ ။ မိစုမှာ အကိုတစ်ယောက်ရှိတယ် ။ မိစုထက် ရှစ်နှစ်ကြီးတယ်ဆိုတော့ ကိုကိုက မိစုကို သိပ်ချစ်တယ်လေ ။ ဒါပေမဲ့ ကိုကိုက စနေသားဆိုတော့ စိတ်ကြီးတယ် ။ တစ်ခုခုဆို မိစုတော့ သိပ်ကြောက်တာ ပဲ။ ရိုက်ခံထိမှာစိုးလို့ပါ ။ ဒါပေမဲ့ မေမေကလေ “သားနော် ... ကြီးနိုင် ငယ်ညှဉ်းလုပ်တာ မေမေမကြိုက်ဘူး သားမကြိုက်တာရှိရင် မေမေ့ကိုပြော မေမေ ဆုံးမမယ် ကြားလား “ အဲလိုလေး ကိုကို့ကို သတိပေးထားတော့ ကိုကိုက မိစုကို မရိုက်ရဲပါဘူး ။ ပြောသာပြောတာ မိစုကသိပ်မဆိုးပါဘူး ။ ဖေဖေကဆို မိစုကိုသိပ်ချစ်တာပဲ ။


မိစုတို့အိမ်လေးမှာ ဖေဖေက ပန်းထိမ်လုပ်တယ် ။မေမေက ဈေးရောင်းတယ်လေ ။ စားနိုင်သောက်နိုင်ပေါ့ ။ မိစုတို့နေတာက တောမြို့လေးတစ်မြို့မှာပါ ။ သစ်သားအိမ် သေးသေးလေးနဲ့ နေ တယ်လေ။ သာမာန်မိသားစု တစ်စုပါပဲ ။ မိစုတို့က မချမ်းသာဘူးလေ ။ အခုဆို မိစုကိုးတန်းအောင်ပြီ ။ နွေရာသီ ကျောင်း ပိတ်ရက်ဖြစ်လို့ မိစုကာတွန်းစာအုပ်တစ်အုပ်နဲ့ ငြိမ့်နေတုန်း ဖေဖေက


“သမီး.....သမီးရေ............“
ဖေဖေ့ခေါ်သံကြောင့် ကာတွန်းစာအုပ်ကို ဘေးချကာ “ရှင် ဖေဖေ “ ဆိုပြီး ဖေဖေ့ဆီကို အပြေးသွားခဲ့တယ် ။

“ ကိုနိုင့်ကိုသမီးသိတယ်မလား “ လို့ဖေဖေကမေးတော့ “ ဟုတ် သိတယ်လေ ..ကားတွေနဲ့ စီးပွားဖြစ် နေတဲ့ ဦးကြီးမလား “


“အေး ဟုတ်တယ် ဟုတ်တယ် ။အဲဒါ သူဟိုနေ့က ကားတစ်စီးဝယ်ထားတာလေ ရန်ကုန်နဲ့ရွာကို ကားပြေးမ လို့တဲ့ အဲဒါ ခု နေ့ခင်းရန်ကုန်ကိုသွားမယ်တဲ့ လိုက်ချင်တဲ့သူ လိုက်ကြတဲ့ ဖေဖေတို့လိုက်သွားကြမလား။ ဟိုမှာ သမီးဦးလေးရှိတာပဲ အလည်သွားကြမလား “

“ဟယ် ရန်ကုန်ကိုလား ..လိုက်မယ်လိုက်မယ် မိစုငယ်ငယ်ကပဲ တစ်ခါရောက်ဖူးတာ မရောက်တာကြာပြီဆို တော့ သွားကြမယ်လေ “။

“ကဲ...ဒါဆိုလဲ အ၀တ်လေးဘာလေး ထည့်လေ ဖေဖေ့ဖို့ပါထည့်လိုက်နော်သမီး ဖေဖေအလုပ်ကိုသွားပြော လိုက်ဦးမယ်ကြားလား“

“ဟုတ်ဖေဖေ “

သိပ်မကြာပါဘူး မေမေနဲ့ကိုကို့ကို နှုတ်ဆက်ပြီး မိစုတို့သားအဖတွေ ရန်ကုန်ကို မမျှော်လင့်ပဲ ရောက်ခဲ့က်ြတယ် ။ ။ရန်ကုန်ရောက်တော့ လည်ကြပတ်ကြနဲ့ ပျော်စရာကြီး။ ရန်ကုန်ကဦးလေဆိုတာက ဖေဖေ့ညီပါ ။ သူက မိစုတို့ထက် ပိုက်ဆံချမ်းသာတယ်လေ ။ သူ့မှာလဲ မိန်းမနဲ့ကလေးနဲ့ဖြစ်နေပြီ ။ ဦးလေးက မိစုရဲ့ ပညာ ရေးကို စိုးရိမ်တယ်တဲ့ ။ တောမှာနေလို့ ၁၀ တန်းအောင်ပါ့မလားတဲ့ ။ရန်ကုန်မှာတက်ပါလားတဲ့။ ရန်ကုန်ဆို တာက အားလုံးဈေးတွေ ကြီးပါဘိသနဲ့။ ကျောင်းစရိတ်ဆိုလဲကြီးမှာပါပဲ။ ရန်ကုန်လိုနေရာမျိုးမှာ မိစုမိဘတွေ ဘယ်ထားနိုင်မှာလဲ အဲဒါမိစုသိတာပေါ့။


နောက်ဆုံးဦးလေးနဲ့ဖေဖေတိုင်ပင်ပြီး မိစုကို ရန်ကုန်မှာ ကျောင်းထားတော့မယ်တဲ့ ။ ကျောင်းစရိတ်ကို ဦးလေး ကထောက်ပံ့မှာပါ ။ ၀ိုင်းကျူရှင် လည်းတက်ရမယ်တဲ့ ။ မိစု ရွာပြန်လို့မရတော့ပါဘူး ။ ကျောင်းမဖွင့်ခင် ကျူရှင် တက်ရမှာဆိုတော့ မိစုဦးလေးအိမ်မှာ နေခဲ့ရတော့မှာပေါ့ ။ဝမ်းနည်းလိုက်တာ။ ဖေဖေနဲ့မေမေတို့နဲ့ခွဲရတော့ မယ်။ ကိုကိုနဲ့လည်းမနေရတော့ဘူး ။မိစုတစ်ယောက်တည်း ဒီအိမ်မှာကျန်ခဲ့ရမှာ စိတ်ညစ်လိုက်တာ ။ဦးလေး မိန်းမက မိစုကိုကြည်ဖြူပါ့မလား ။ ပြီးတော့ ဦးလေးသမီးတွေရဲ့အကြည့်တွေကို မိစုမကြိုက်ပါဘူး။ သူတို့ လောက်မချမ်းသာတော့ မိစုကိုနှိမ်တဲ့ အကြည့်တွေနဲ့ကြည့်ကြတယ် ။ မိစုသူတို့အိမ်မှာနေတာ ကြိုက်ပုံလဲမရ ဘူးလေ ။

မိစုဘာလုပ်ရမလဲ ။ ဖေဖေကိုအပူကပ်ကြည့်တော့ ဖေဖေက “ ဖေဖေပြန်လာခဲ့မယ်နော် သမီး ။ သမီးထင်ထား သလို မဟုတ်ပါဘူး ။ ဖေဖေနဲ့သမီးရဲ့ဦးနဲ့အားလုံး တိုင်ပင်ပြီးသား ။ ဖေဖေတို့ တစ်မိသားစုလုံး ရန်ကုန်ကို ပြောင်းလာခဲ့တဲ့ ။ သူကူညီမယ်တဲ့ ။ ဖေဖေ့ကို ကိုယ်ပိုင် ပန်းထိမ်ဆိုင်ဖွင့်ဖို့တောင် လိုအပ်တာတွေ စီစဉ်ပြီးပြီ ။ သမီးမေမေကတော့ ဈေးလေးဘာလေးရောင်းမှာပေါ့ ။ အခုဖေဖေ သူတို့ကိုသွားခေါ်ပြီးပြန်လာခဲ့မှာ ။ ဟုတ်ပြီ လား သမီး လိမ္မာတယ်နော်“။
“ ဟုတ် ဖေဖေ ဟုတ်“
“ဖေဖေ မြန်မြန် ပြန်လာခဲ့နော် ။သမီးတစ်ယောက်ထဲ အားငယ်တယ်“။
“အေးပါ သမီးရယ်....အေးပါ“ ။ “ ဖေဖေ အမြန်ဆုံးပြန်လာခဲ့မယ်နော် သိလား ။လိမ်လိမ်မာမာနေနော် သမီး“။
“ဟုတ်ကဲ့ပါ ဖေဖေ“ ။

ဖေဖေရဲ့ ကျောပြင်ကိုကြည့်ရင်း မိစုကျန်ခဲ့ရတယ် ။ အိမ်မှာ စိုးချင်တိုင်းစိုးလို့ရတဲ့ မိစု အခုတော့လည်း မျက်နှာ ငယ်လေးနဲ့ပါလား ။ ဘယ်တတ်နိုင်မလဲလေ။ ပညာရေးအတွက်ဆိုတော့လည်း မိစုလုပ်ရတော့မှာပေါ့ ။ ဦးလေး ရဲ့သမီးနှစ်ယောက်ကို တည့်အောင်ပေါင်းမယ် ။ ဦးလေးမိန်းမကို အိမ်အလုပ်တွေ ၀ိုင်းကူလုပ်ရင် မိစု အဆင် ပြေမှာပါ ။ ဒီလိုနဲ့ မိစုအဆင်ပြေအောင် နေနိုင်ခဲ့ပါတယ် ။ တစ်ခါတစ်ခါ ဦးလေးနောက်ကွယ်မှာ သူ့သမီးတွေ က နှိမ်တဲ့စကားတွေ ၊ ခနဲ့တဲ့ စကားတွေကို မချိပြုံး ပြုံးရင်းနဲ့ပေါ့ ။

ကြာလာတော့မိစု ၀မ်းနည်းလာတယ် ။အားငယ်လာတယ် ။ မိသားစုကို သတိရလိုက်တာ ။ မိစုအားကိုးတကြီး နဲ့ ဦးလေးကို မေးကြည့်တယ်။
“ဦးလေး...ဖေဖေတို့ဘယ်တော့ ပြန်လာမှာလဲ ဟင် “
“ပြန်လာတော့မှာပါ သမီးရဲ့ ။ ဟိုမှာအလုပ်တွေ လက်စသတ်စရာရှိတာတွေ ပြီးရင်လာမှာပေါ့“။
“သမီး ဖေဖေတို့ မရှိတော့ သိပ်အားငယ်တာပဲ ဦးရယ် မိစုငိုချင်လိုက်တာ“ လို့ပြောတော့ ဦးလေးက
“ဘာမှ အားငယ်စရာမရှိဘူး မိစုရယ် ။ ဦးတစ်ယောက်လုံးရှိတယ် ။ ဟုတ်ပြီလား “ တဲ့။

အိမ်တွင်းရေးကို မသိတဲ့ ဦးလေးက မိစုကို အားပေးရှာပါတယ် ။ တစ်နေကုန် ဦးလေးက အလုပ်မှာ ဆိုတော့ အိမ်အကြောင်းတွေ ဘယ်သိပ်သိမလဲလေ ။ ဦးလေး တစ်ယောက်ကလွဲရင် မိစုအပေါ်ဆက်ဆံရေးတွေက မ ပြေပြစ်တာ ဦးလေးမှ မသိဘဲ ။ အေးလေ စရိတ်ကြီးတဲ့ ရန်ကုန်လို နေရာမျိုးမှာ မိစုကို တင်ကြွေးထားရတော့ မ ကြည်ဖြူတာ သိပ်တော့လည်း မဆန်းပါဘူးလေ ။ ကျောင်းပါထားပေးရတော့ ပိုဆိုးတော့မပေါ့ ။ နားလည်ပါ တယ်လေ ။

မနက်ဖြန်ဆို မိစုတို့ကျောင်းတွေဖွင့်ပြီ ။မိစု ကျောင်းတက်ရတော့မယ် ။ ရွာက သူငယ်ချင်းတွေလည်း မရှိဘူး ။ တက်ရမယ့် ကျောင်းကလည်း ဘယ်နေရာမှာပါလိမ့် ။မိစုတစ်ခါမှမရောက်ဖူးဘူး ။ မနက်ဖြန် ၀ိုင်းကျူရှင် ကသူ ငယ်ချင်းအိမ်ကို အရင်သွားပြီးမှ သူနဲ့အတူသွားမယ် လို့ မိစုစိတ်ကူးနေတုန်း

“မိစုရေ...မိစု သမီးဖေဖေတို့ပြန်လာပြီဟေ့ “ ဆိုတဲ့ဦးလေးရဲ့ အော်သံကြောင့် မိစုအပြေးအလွှား အိမ်ရှေ့ ဘက်ပြေးထွက်လာခဲ့တယ် ။
“ ဟယ်...ဖေဖေ...မေမေ..ကိုကို အားလုံးလိုက်လာကြတာကိုး ။ ဟေး...ပျော်လိုက်တာ“

မိစုဝမ်းသာလွန်းလို့ မျက်ရည်တောင် လည်မိတယ်။ မိစုအားလုံးကို သိမ်းကျုံးဖက်ထားလိုက်တယ် ။ မိစု အား ငယ်ဝမ်းနည်းခဲ့ရတဲ့ရက်တွေက များခဲ့ပြီကိုး ။အခုတော့ ဒီဒုက္ခတွေက ကင်းလွတ်ခွင့်ရတော့မယ် ။မိစုသိပ်ပျော် တာပဲ ။ မနက်ဖြန် ဆိုမိစုက ကျောင်းစတက်ပြီ ။ ဖေဖေတို့ကတော့ အိမ်စပြောင်းပြီပေါ့ ။ မိစုတို့ ဘ၀ကို အစ ကပြန်စရပြီပေါ့ ။ မနက်ဖြန်ဆို မိစုတို့ငှားထားတဲ့ အိမ်မှာ နေရတော့မယ် ။ ငှားထားတဲ့အိမ်က ဈေးနဲ့နဲနဲတော့ အဝေးသား ။ ပြီးတော့ တစ်ခန်းတည်း ။ကျပ်တည်းလိုက်တာနော် ။ အင်း ရန်ကုန်ကိုး ။ အပေါ်ထပ်မှာက အိမ် ရှင်တွေနေတယ် ။ အောက်ထပ်မှာ မိစုတို့ကတစ်ခန်း ၊ဟိုဘက်မှာက တစ်ခန်း ။ တစ်ခန်းကို တစ်အိမ်လုပ်ပြီး နေရမှာပဲ ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်မိသားစု နဲ့နေရမှာပဲ မိစုပျော်ပါတယ် ။

မိစု ရေမိုးချိုး ကျောင်းစိမ်း တွေလဲပြီး ကျောင်းသွားဖို့ ပြင်ဆင်နေခဲ့တယ် ။ မေမေပြင်ပေးတဲ့ နံနက်စာကို စားရင်း မိစု ပထမဆုံးကျောင်းတက်ရမယ်ရက်ကို ရင်ခုန်နေမိတယ်။ နံနက်စာ စားအပြီး မေမေ့ကိုနှုတ်ဆက် ကာ မိစုသူငယ်ချင်းအိမ်ကို ဦးတည်လာခဲ့တယ် ။ မိစု ထွက်လာတော့ ဖေဖေက ရေအိမ်ဝင်နေလို့ နှုတ်မဆက် ခဲ့ရဘူး ။ကိုကိုကတော့ အိပ်တုန်း ။

နံနက်ခင်းရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေပြေလေညှင်းလေးတွေကို ရှုရှိက်ရင်း တက်ကြွနေတဲ့ မိစု သူငယ်ချင်း အိမ်သို့ တန်းမတ်စွာ ချီတက်လာခဲ့တယ် ။ သူ့အိမ်ရောက်တော့

“ဟဲ့...သင်းသင်း မပြီးသေးဘူးလား “
“အေး ..ပြီးပြီ ..ပြီးပြီ ။မိစု လာလေ ခဏထိုင်ဦး ။မေမေ့ဆီ မုန့်ဖိုးတောင်းပြီးရင် ပြီးပါပြီ “။
“အေး...အေး ငါတို့နဲနဲတောင် နောက်ကျနေပြီဟာ မြန်မြန်လုပ်ပါဟဲ့ “ “ကျောင်းအသစ်ကို တက်ရတော့ နဲနဲ တော့ ရင်ခုန်နေတာဟဲ့ သိပြီလား “
“အေးပါဟယ် ..လာ..လာ သွားကြစို့ “
“မေမေရေ..သမီးတို့ လစ်ပြီဗျို့ “ လို့ မိသင်းက သူအမေကိုနှုတ်ဆက် အပြီး မိစုတို့ စကားတပြောပြောနဲ့ လမ်းလျှောက်လာလိုက်တာ ကျောင်းဘက်သွားမယ့် လမ်းကျိုးအရောက်

“ဟဲ့ မိသင်း ဟိုမှာ လူတွေအများကြီး ဘာလုပ်နေကြလဲ မသိဘူးသွားကြည့်ရအောင်လေ“ လို့ ပြောတော့

“ဟာ..နောက်ကျနေတာကို သိရဲ့သားနဲ့ စပ်စုချင်စိတ်ကလဲရှိသေး လာစမ်းပါ ကျောင်းရောက်အောင်သာ အမြန်လျှောက်စမ်းပါ စပ်စုစိန်ရယ် “

“အေးပါ ဟဲ့ နင်ကလည်းဒေါကြီးပဲ “

မိစုတို့ ကျောင်းရောက်တော့ နေရာတွေ ဦးကျတယ် ။တစ်ချို့တွေကတော့ သူငယ်ချင်းဟောင်းတွေ တွေ့လို့ နှုတ်ဆက်ကြ ပျော်ရွှင်ကြ ပေါ့ ။မိစုကတော့ ယောင်တောင်တောင် ။ မိစုမမှုပါဘူး။ နောက်တော့ နေသားတကျ သူငယ်ချင်းတွေ ရလာမှာပေါ့ ။ မုန့်စားကျောင်းဆင်းတော့ အခန်းထဲက အလျှိုလျှိုထွက်ကုန်ကျတယ် ။ အခန်း ထဲမှာ မိစု တစ်ယောက်တည်း ကျန်ခဲ့တာ ။ ကိုယ့်အကြောင်းနဲ့ကိုယ်လေ ။ ပထမ ဆုံးနေ့မို့ စာသိပ်မသင်ဖြစ် ပါဘူး ။ နေ့လယ် ၁၂ ကျော်ရင်ဆင်းတယ်လေ ။ နေ့လယ်ပိုင်းက မူလတန်းနဲ့ အလယ်တန်း တက်ရတယ်တဲ့။ မိစုတို့ ရွာမှာတော့ ညနေမှ အပြီးကျောင်းဆင်းတာ။ ဒီမှာက နေ့တစ်ဝက်တည်းတက်ရတယ်။

ကျောင်းဆင်းတော့ မိသင်းအမေလာကြိုနေတာတွေ့တယ် ။မိစုတွေးလိုက်မိတယ် ။၁၀ တန်းကျောင်းသူတစ် ယောက် ကိုလာကြိုနေတယ် ။ ရန်ကုန်ကလူတွေ တော်တော်ပိုကြပါလားလို့မိစုတွေးလိုက်မိတယ် ။ ဟိုဟိုဒီဒီ ဝေ့၀ဲကြည့်မိတော့ လူကြီးတွေ သိပ်တော့ မရှိကြပါဘူး ။ မိသင်းကံကောင်းတာပဲ သူ့အမေက သူ့ကိုအတော် ဂရုစိုက်ပုံရတယ် လို့တွေးနေတုန်း

“ သမီးကျောင်းတက်ရတာ အဆင်ပြေရဲ့လားကွယ့် “ မိသင်းအမေက မိစုကိုလည်းဂရုစိုက်သားပဲ။

“ဟုတ် အန်တီ အဆင်ပြေပါတယ် ။ ပထမဆုံးနေ့မို့ သူငယ်ချင်းသိပ်မရှိသေးတာပဲ ရှိပါတယ်“ ။

“အေးပါကွယ် နောက်တော့လည်း ရလာမှာပေါ့ ဟုတ်ဘူးလား“ မိသင်းအမေရဲ့ဂရုစိုက်မှုကြောင့် မိစုပျော်ခဲ့ရ ပါတယ် ။အခုလို မေမေအိမ်ပြောင်းရင်း အလှုပ်ရှုပ်နေချိန်မှာ မိစုကိုလည်း အားပေးရှာသားပဲ ။

“ဒါဆို အန်တီ သမီးအိမ်ပြန်တော့မယ်နော် ။ ကျူရှင်က တစ်နာရီမှ ဆိုတော့ မိစုထမင်းပြန်စားလိုက်ဦးမယ် ။“
ဝိုင်းကျူရှင်က မိသင်းတို့အိမ်မှာ သင်ဖြစ်တာပါ ။ အပေါ်ထပ် တစ်ထပ်လုံး အားနေတော့ အဆင်ပြေတယ် လေ။ မိစုတို့ ကျုရှင်က ၁၀ ယောက်ပဲရှိတယ်။ အားလုံးရန်ကုန်ကလူတွေချည်းပါပဲ ။ စာတော်ကြတယ် ။

“မိစုရယ် ဒီနေ့အိမ်မှာစားပါလား ။ပြီးတော့ တစ်ခါတည်း စာဆက်သင်လိုက်ပေါ့ ဟုတ်လား။ နေကလည်း ပူက ပူနဲ့ တစ်ခါတည်း အိမ်လိုက်ခဲ့နော် မိစု“ မိသင်းမေမေက မိစုကို အရမ်းဂရုစိုက်နေသလိုပဲ ။

“ရပါတယ် အန်တီရဲ့ မိစုလေ..ဒီနေ့ မိသားစုနဲ့ အတူတူ လက်ဆုံစားရမှာ ။မစားရတာ ကြာပြီအန်တီရဲ့“ ။

“အေး..အေး ဒါဆိုလဲ အန်တီလိုက်ခဲ့ပေးမယ်။ လာသမီး သင်းသင်း မေမေတို့ မိစုတို့အိမ်ကိုလိုက်သွားရ အောင် “ သင်းသင်းလဲ မယောင်မလည်နဲ့ မိစုတို့အိမ်ကိုလိုက်လာတယ် ။ အိမ်ရောက်တော့ ကိုကိုက အိမ်ရှေ့ မှာထိုင်လို့ ။“ ညီမလေးထမင်းစားပြီး ကျူရှင်သွားတော့ “ တဲ့ ။ ဖေဖေတို့ရောလို့မေးတော့ အပြင်သွားတယ် တဲ့ ။ မိစုလည်း ထမင်းစားပြီး အန်တီတို့နဲ့ ပြန်လိုက်သွားတယ် ။ မိစုစိတ်ထဲမှာ တစ်မျိုးကြီးပဲ ။ မိစုအတွေးလွန် တာနေမှာပါ ။ ထမင်းအတူမစားရလို့လျှောက်တွေးတာနေမှာ ။ မိစု စာသင်တဲ့ဆီကိုပဲ စိတ်နှစ်ထားလိုက်တယ်။ ညနေစာသင်ချိန်ပြီးလို့ မိစုအိမ်တန်းပြန်ခဲ့တယ်။

“ဟော မိစုပြန်လာပြီ “။ အိမ်ဝကဆီးကြိုနှုတ်ဆက်သူက ဖေဖေ့အစ်ကို ရဲ့အမျိုးသမီးပါ ။ “မိစု ပင်ပန်းလာတယ် ရေချိုးလိုက်ဦး ပြီးရင်အန်တီနဲ့ အပြင်လိုက်ခဲ့ ဟုတ်ပြီလား “ ။ “ဟုတ် အန်တီ “ ပဲပြောပြီး ရေချိုးပြီး အန်တီနဲ့ အ ပြင်လိုက်သွားပါတယ် ။ဘယ်သွားနေလဲ ဘာလုပ်ဖို့လဲ တွေမမေးတော့ပါဘူး ။ အကြောင်းရှိလို့ နေမှာပေါ့ ဆိုပြီး နောက်ကနေပဲလိုက်ခဲ့တာ ။ ကိုယ့်အတွေးနဲ့ကိုယ် ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ဘူး ။ သတိထားမိ တော့ ဒီလမ်းကို မိစုသိသလိုပဲ ။ဒါဆေးရုံသွားတဲ့လမ်း မဟုတ်လား ။

“အန်တီ..အန်တီ...အန်တီ “ အန်တီက မထူးပါဘူး ။မကြားတာလား မကြားချင်ဟန်ဆောင်တာလားတော့ မသိ ပါဘူး ။ အန်တီနောက်က အပြေးလိုက်ပြီး

“အန်တီ အခုဘယ်သွားနေတာလဲ ။ဘာလုပ်မလို့လဲ ။ မိစုကို နဲနဲတော့ ပြောဦးလေ “ လို့မေးတော့ အန်တီက မိစုကို တစ်ချက်ကြည့်တယ် ။ ပြီးတော့ မဖြေပါဘူး ။ ဘာလဲ မိစုကို ဘာလို့ အဲလို ကြည့်ရတာလဲ ။ အန်တီ့ အကြည့်က ဘယ်လို အကြည့်ကြီးလဲ ။မိစု နားမလည်နိုင်တော့ပါလား ။ဘာတွေ ဖြစ်ကုန်ပြီလဲ ။ ဘာမှစဉ်စားလို့ မရတော့ပါလား ။ ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ ။ မိစုကိုခေါ်လာတော့ မိစုနဲ့ပတ်သတ်မှုတော့ရှိရမယ် ။ အို... ဘုရား ဘုရား နေ့လယ်ကတည်းက ဖေဖေနဲ့မေမေလည်း ရှိမနေကြဘူး ။သူတို့များ တစ်ခုခုဖြစ်နေကြသလား။ မဖြစ်နိုင်ပါဘူးလေ သူတို့လည်း နေကောင်းကြပါတယ် ။ တည့်တည့်လျှောက်နေရင်းက ဘယ်ဘက်ကိုရုတ်တ ရက်ချိုးကွေ့လိုက်လို့ မိစုလဲလိုက်အ၀င် အခန်းထဲမှာ

“ဟင်..ဖေဖေ“ ။ “ ဖေဖေဘာဖြစ်တာလဲ ။ဖေဖေဘယ်လိုဖြစ်တာလဲ ။ တစ်ကိုယ်လုံးလည်း ပတ်တီးတွေဖွေးလို့ ပါလား ။မျက်နှာတွေမှာလည်းသွေးတွေနဲ့ ဖေဖေ..ဖေဖေ စကားရောပြောနိုင်သေးရဲ့လား ဖေဖေရယ်“ ။

“မေမေ ...ဖေဖေဘာဖြစ်တာလဲ မိစုကိုပြောပါဦး ။ တစ်ကိုယ်လုံးလည်းသွေးတွေနဲ့ ပတ်တီးတွေနဲ့ မြင်လို့ကို မကောင်းတော့ဘူး ။ ဘာဖြစ်တာလဲ ဟင်မေမေ “ လို့မိစုက ရှိုက်ကြီးတငင်မေးတော့

“စိတ်အေးအေးထားပါ သမီးရယ် ။ ဖြစ်ချိန်တန်လို့ဖြစ်လာတာတွေ ပဲမဟုတ်လား ။အခု မေမေတို့လုပ်ရမှာက သမီးဖေဖေ့ကို ဂရုစိုက်ပြုစုရမယ် ။ပြီးတော့ မေမေတို့ရှေ့ဆက်ဘယ်လိုတွေ ဘ၀ခရီးကို လျှောက်လှမ်းကြမလဲ ဆိုတာတွေကို စဉ်းစားရမယ် သမီးရယ် ။ သမီးဖေဖေ ခုလိုဖြစ်သွားပြီဆိုတော့ မေမေတို့ပဲလှုပ်ရှားရတော့မယ်။ ပြီးတော့ ဆေးဖိုးစရိတ်တွေကလည်းရှိသေးတယ် မဟုတ်လား ။ ၀မ်းနည်းနေတာထက် မေမေတို့ ရင်ဆိုင်ဖို့ အားမွေးရမယ်နော် သမီး ။“

“ဟုတ်...မေမေ “ ။ ဖေဖေ့ကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ပတ်တီးတွေ ၀န်းရံလို့ နာကျင်ခြင်း ဝေဒနာကို အလူးအလဲ ခံစားနေရရှာတယ်။ ဖြစ်ရလေ ဖေဖေရယ် မိစုကိုသိပ်ချစ်တဲ့ ဖေဖေ တစ်ယောက် မုန့်ဖိုးပါမသွားတဲ့ မိစုကို လိုက်ပေးရင်းနဲ့မနက်စောစော စပယ်ယာတစ်ယောက်ရဲ့ မမောင်းတတ်ပါဘဲ ရမ်းကားစွာ မောင်းနှင် လိုက်တဲ့ကားတစ်စီးရဲ့အရှိန်ကြောင့် ဖေဖေလေ တစ်ကိုယ်လုံးလဲ ဒဏ်ရာတွေနဲ့ နံရိုးတွေလဲ ကျိုးလို့။ ဖေဖေ စီးလာတဲ့ စက်ဘီးကတော့ အရှိန်နဲ့အတိုက်ခံရအပြီး သစ်ပင်နဲ့ ၀င်ဆောင့်လို့ ရစရာမရှိအောင် ကိုပျက်ဆီး သွားခဲ့ပြီလေ ။ ဒီလောက်ဆို ဖေဖေ့ အတိုက်ခံလိုက်ရတဲ့ အရှိန်ကို သမီး ခန့်မှန်းလို့ရပါတယ် ။

ဒါကြောင့်ထင်တယ် မနက်က မိစုတို့ ကျောင်းသွားတဲ့လမ်းမှာ လူတွေဝိုင်းအုံကြည့်နေကြတာကိုး ။ သမီးက တော့ သူငယ်ချင်းနဲ့အတူ ပြုံးပျော်စွာ ကျောင်းသွားနေတဲ့အချိန်မှာ ဖေဖေကတော့ သွေးအိုင်ကြားမှာ အသက် လုနေရတာ သမီးမှမသိခဲ့တာ ။သမီးသိခဲ့ရင် ဖေဖေ့ကို ဘယ်ဒီလို ထားခဲ့မလဲ ။ မိစုကိုခွင့်လွှတ်ပါ ဖေဖေရယ် ။ သမီးကြောင့် ဖေဖေခုလို ဖြစ်ရတာပါ ။ မိစုမုန့်မစားရလို့ ဘာမှမဖြစ်ပါဘူး ။အခုတော့ အီး...ဟီး..ဟီး...။

မိစု ငိုနေတဲ့ အခန်းထောင့်လေးကို မေမေ ရောက်လာတယ် ။ “သမီး..အိမ်ပြန်တော့နော် ။စာကျက်ရဦးမယ် မ လား ။အန်တီ သမီးကို စောင့်ပေးလိမ့်မယ် ။သမီးကိုကိုလဲရှိတာပဲ ။အားမငယ်နဲ့နော် သမီး “ ။

“ကဲ..ကဲ ...သွားကြတော့ “ ။

“ဟုတ် မေမေ “ လို့ပြောပြီး အန်တီရယ် မိစုရယ် ကိုကိုရယ် အိမ်ပြန်ခဲ့ကြတယ် ။ အန်တီကတော့ အားပေးပါ တယ် ။ဒါပေမဲ့လေ မိစုတို့အိမ်ရဲ့အဓိကဖြစ်တဲ့ ဖေဖေခုလိုဖြစ်သွားတော့ မိစုတို့ဘာပဲပြောပြော အားငယ် တာပေါ့ ။ နောက်ဆက်တွဲ ပြသနာက စီးပွားရေးလေ ။ ဖေဖေခုလိုဖြစ်သွားတော့ ပန်းထိမ်ဆိုင်လည်း မဖွင့်တော့ ဘူး ။ ဦးလေးကလည်း မိစုရဲ့ ကျောင်းစရိတ်ပဲ ပေးမှာမဟုတ်လား ။အဲဒါတောင် သူ့မိန်းမကြည်ဖြူတာ မ ဟုတ်ဆိုတော့ တစ်ခုခုလုပ်ဖို့လိုအပ်နေပြီ ။ဖေဖေကဆေးရုံမှာ ဆေးဖိုးစရိတ်ကတော့ ရှိတာလေးတွေ ရောင်းချ ထားတာပဲ ။လောက်မှာပါ ။ ဖေဖေ ဆေးရုံက ဆင်းလာရင်လည်း ဘာမှလုပ်နိင်တော့မှာ မဟုတ်ဘူးဆိုတော့ ကိုကိုအလုပ်ရှာရပြီပေါ့ ။

လတ်တလော ပြသနာတွေကြောင့် ရရာအလုပ်ကို လုပ်ရတော့မှာပဲ ။ တစ်ခါမှ သူများလက်အောက်မှာမလုပ်ဖူး တဲ့ကိုကို ...လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ဆိုင်ရှင်ရဲ့ ကြမ်းကြမ်းတမ်းတမ်းပြောဆို မှုကိုခံခဲ့ရတယ် ။ အလုပ်အတွေ့အကြုံမရှိတဲ့ကိုကိုက အောက်ခြေအဆင့်ဆိုတော့ လူတကာရဲ့ ခိုင်းဖတ်အဖြစ်နဲ့ ဘ၀ကိုအံကြိတ် ခံရင်း အိမ်ကိုလည်း ခံစားချက်တွေကို အသိမပေးခဲ့ဘူး ။ မိစုတို့ရွာမှာ ဈေးရောင်း စားတာအေးဆေးပါပဲ ။စား နိုင်သောက်နိုင်ပါတယ်။ ဖေဖေ ပန်းထိမ်လုပ်တဲ့ လခ တွေလည်းရတယ်လေ။ ကိုကိုက ဖေဖေ့ဆီက ပညာအ မွေကို ယူနေဆဲ မိစုပညာရေးကြောင့် ပြီးတော့ တစ်ရွာပြောင်းလို့ သူကောင်းများ ဖြစ်မလားဆိုပြီး ပြောင်းလာ လိုက်တာ မိစုတို့ ကံမကောင်းခဲ့ပါဘူး ။ဖြစ်သမျှအကြောင်းအကောင်းကြီးပဲ မဟုတ်ပေမဲ့ ရင်ဆိုင်ရုံမှ တစ်ပါး ဘာများလုပ် နိုင်မှာမို့လဲ။

နောက်တစ်လ လောက်ကြာတော့ ဖေဖေဆေးရုံက ဆင်းရတယ် ။နံရိုးကျိုးထားတော့ အလေးအပင်လဲ မ.လို့မ ရဘူးလေ ။ ဒဏ်ရာတွေကတော့ ကောင်းစပြုလာပါပြီ ။ ဖေဖေလဲ မိသားစုအတွက် အတော်လေး စိတ်မကောင်း ဖြစ်နေတယ်။ ပြောင်းလဲသွားတဲ့ ကံကြမ္မာကြောင့် ခံစားနေရတဲ့ ခါးသီးမှုတွေကို ဖေဖေမြင်နေရတာကိုး ။ ပါလာ သမျှတွေလဲ ဆေးဖိုးရှင်းလိုက်ရလို့ကုန်ပြီလေ ။ မေမေဈေးရောင်းဖို့အရင်းအနှီးတောင် မရှိတော့ပါဘူး ။ ကိုကို့ လုပ်အားခ ကလည်း မိသားစုစားဝတ်နေရေးအတွက် မနည်းခြိုးခြံစားတာတောင် သိပ်မလောက်ချင်ပါဘူး ။

နောက်ဆုံး ဖေဖေ့အစ်ကို့ဆီက ပိုက်ဆံနည်းနည်းချေးပြီး လမ်းထိပ်မှာ မေမေမုန့်ဟင်းခါးရောင်းဖို့စီစဉ်ရတယ် အိုးခွက် ပန်းကန်တွေက အစ ၀ယ်ရတော့ ချေးသမျှပိုက်ဆံကုန်လုနီးပါးပေါ့ ။ဒီလိုနဲ့ မေမေက လမ်းထိပ် က မုန့်ဟင်းခါးသည်ဖြစ်သွားတယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ တတ်တယ်ဆိုတာ မိစုယုံသွားတယ် ။ တစ်နေ့တစ်နေ့ စားစရိတ်တွေ အိမ်လခ တွေ အလျှင်မီအောင် ပေးနိုင်ဖို့မေမေရောင်းတဲ့ မုန့်ဟင်းခါး အမြတ် ကမလုံလောက်ခဲ့ပါဘူး ။ နာမည်ရပြီးသား မုန့်ဟင်းခါးသည်တွေ ကြားမှာ မေမေ့ မုန့်ဟင်းခါးကို အားပေးမယ့် သူ နည်းပါတယ်။

မေမေချက်တဲ့ မုန့်ဟင်းခါးက ရန်ကုန်သူတွေချက်တဲ့ မုန့်ဟင်းခါးနဲ့မတူပါဘူး ။ ဟင်္သာတ မုန့်ဟင်းခါး ပါ ။ တကယ် အရသာရှိပါတယ် ။ မေမေဟာ သဘောကောင်းတယ် ။ စေတနာပါတယ် ။ ဖော်ရွေတယ် ။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတော့ မုန့်ဟင်းခါးသည် အဖြစ်က စွန့်လွှတ်ခဲ့ရတယ် ။ အကြောင်းကတော့ လုံး ပါးပါးရင်း အရှုံးတွေကြားမှာ ကြာရှည်မရပ်နိုင်တော့တာပါ ။ မေမေလေ မိစုတို့ကွယ်ရာမှာ ပုန်းပုန်းပြီးငိုနေတာ မိစုတွေ့တယ် ။ ကိုကိုလဲစိတ်ညစ်တာ မိစုသိတာပေါ့ ။ လကုန်ခါနီးဆိုရင်လေ အိမ်လခ ပေးဖို့မရှိလို့ မိစုဆီက လက်စွပ်လေး တောင်းသွားသေးတယ် ။ ရောင်းလိုက်ရမှာပေါ့ ။မိစု သိပါတယ် ။ မိစုရေအိမ်ထဲမှာ တိတ်တိတ်လေးကြိတ်ငိုခဲ့တာ မေမေသိပေမယ့် မသိချင်ယောင်ဆောင်နေရတဲ့ အခြေအနေမျိုးဖြစ်ခဲ့တာ။

ဆယ်တန်းကျောင်းသားတစ်ယောက် ဆိုတာ အထက်တန်းမှာ အရေးအကြီးဆုံး မဟုတ်လား။ အင်နဲ့အား နဲ့ကြိုးစားနိုင်မှ တစ်နေ့စာကို တစ်နေ့ မှန်မှန်ကျက်မှတ်နိုင်မှ တော်ကာကျတာမလား။ အဲဒီအချိန်မျိုးမှာ မိစု ခံစားနေရတဲ့ အားငယ်မှုတွေ ကျပ်တည်းနေတဲ့ မိစုတို့အိမ်ရဲ့စီးပွားရေးအခြေအနေတွေ သိပ်ကိုခါးသီးလွန်းပါ တယ် ။ ဒီအချိန်မှာ မိစုဘာမှ အကူညီနိုင်ခဲ့ဘူး ။ ကိုယ်အဆင်မပြေတိုင်း သူများကို အပူကပ်ရတာလည်း မျက် နှာပူလှပါပြီ ။လကုန်တိုင်း ဦးလေးဆီက ကျောင်းလခကို မျက်နှာငယ်စွာ တောင်းရင်း ဦးလေးမိန်းမနဲ့ သူ့သမီး တွေရဲ့ အမြင်မကြည်မှုကိုလည်း မိစု မခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မိစုငုံ့ခံရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး ။ အ ခြေအနေက ဖန်လာခဲ့ပြီကိုး ။

တစ်နေ့တော့ မေမေ ကန်စွန်းရွက်တွေ ၀ယ်လာတာတွေ့တယ် ။ပြီးတော့ မုန်လာဥ လေးတွေ ။ စနွမ်းတက် တွေရော စုံလို့ပါပဲ ။ “ ဒီလောက်အများကြီး မေမေ ဘာလုပ်ဖို့လဲ“ လို့မိစုမေးတော့ မေမေက ဖြေတယ်

“သမီး... မေမေလေ သမီးတို့ကိုချဉ်ပတ်ထည့်ပြီး ရောင်းကြွေးမယ်တဲ့“ လေ ။ဖြစ်မှဖြစ်ရလေ မေမေရယ် ။ အရင်းမရှိတဲ့ မေမေ အရင်းအနှီးနည်းတဲ့ အရွက်တွေဝယ်ရင်း ချည်ပတ်ရောင်းကြွေးဦးမလို့တဲ့လား ။ “သူများတွေကိုလည်း ဒုက္ခမပေးချင်တော့ပါဘူး သမီးရယ် “တဲ့ ။

“မေမေသမီးတို့ကို မငတ်အောင်တော့ ကြွေးသွားနိုင်ပါတယ်“တဲ့လေ ။ မိစုတို့ရဲ့ ထမင်းဝိုင်းက ဟင်းဟာ နေ့တိုင်းတူညီနေတတ်ပါတယ် ။ ခရမ်းချဉ် သီးကို ငါးပိနဲ့ရောရင်း ငြုတ်သီးနဲ့ရောမွှေထားတဲ့ ဟင်းကို မိစုတို့ သရက်သီးစိမ်းလေး အတို့လုပ်လို့ မိစုမေ မေ ရောင်းတဲ့ ချဉ်ပတ်ကို အဖော်လုပ်ပြီး စားခဲ့ရတယ် ။

တစ်ခါတစ်လေများ ချဉ်ပတ်ရောင်းကောင်းတဲ့ နေ့များ ဆိုရင်လေ မေမေက ခရမ်းသီးတွေပ်ါလာတတ်တယ် ။ခရမ်းသီးနှပ် ချက်တဲ့နေ့ဟာ မိစုတို့အိမ်မှာ ဟင်း ကောင်းချက်တဲ့နေ့ပါ ။ အဲဒီနေ့ဆို မိစုသိပ်ပျော်တာပဲ ။ ဟင်းပြောင်းပြီး စားရလို့ပါ ။ မိစုတို့အိမ်က ငါးပိဖုတ် ပြီဆိုရင် ဘေးအခန်းက အိမ်ငှားတွေက လည်း သိပ်ပြောတာပဲ ။အနံ့ထွက်တယ်တဲ့ ။အဲဒါကြောင့် မိစုမေမေ က ခရမ်းချဉ်သီးနဲ့ ငါးပိနဲ့ရောမွှေထားတဲ့ဟင်းကို တစ်ခါချက်ရင် အများကြီး ချက်ထားလေ့ ရှိတယ်လေ။

တူညီတဲ့ဟင်းတစ်မျိုးတည်းကို ရက်ပေါင်းများစွာ စားရင်း ၊ ငွေမရှိလို့မျက်နှာငယ်ရတဲ့ မိစုတို့ဘ၀ ဘာများ ဆက်ဖြစ်ဦးမှာလဲ ။ ဒုက္ခတွေကို ခံစားရလွန်းတဲ့မေမေလဲ အသက်ကြီးပါပြီ ။ မိစုဆယ်တန်းအောင် ရင်လေ မေမေ့ကို ချဉ်ပတ်ရောင်းတဲ့ဘ၀ကလွတ်အောင် မိစုကြိုးစားမယ် ။ မေမေ့လို မိခင်ကောင်းတစ်ယောက်ရဲ့ ဘ၀ကို ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓါတ်မျိုး မိစု မွေးမယ် ။ ပြီးတော့ နေမကောင်းလို့အလုပ်လုပ်မလုပ်နိုင်တဲ့ဖေဖေ့ကို အား မငယ်အောင် မိစုအလုပ်လုပ်ရင်း အားပေးသွားမယ် ။ကိုကိုလည်း ကြာလာရင် အလုပ်အတွေ့အကြုံတွေ ရှိပြီးဖြစ်လို့ အလုပ်တစ်နေရာ ကောင်းကောင်းတော့ ရဦးမှာပါ ။

အဲဒီအတွေးစိတ်ကူးတွေ နဲ့မိစု စာကျက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ။ဖေဖေကတော့ ကုလားထိုင်ပေါ်မှာ ခပ်ငေး ငေးလေး ။ မေမေ့ကို ကြည့်လိုက်တော့ မီးပျက်ညမှာ ဖယောင်းတိုင်လေး ထွန်းရင်း ကန်စွန်းညွန့်လေးတွေ တ ကုပ်ကုပ်နဲ့ထွင်လို့ ချဉ်ပတ်ထည့်ဖို့ ပြင်ဆင်နေလေရဲ့ ။ကိုကိုတစ်ယောက်တော့ တစ်နေကုန် ပင်ပန်းလွန်းလို့ အိပ်ပျော်နေပြီ။

မိစုတစ်ယောက်ကတော့ အတွေးကမ္ဘာထဲမှာ စီးမျောရင်း စာတွေက ပေါ်လာလိုက် ပျောက်သွားလိုက်..........

ဝါသနာကို အဖြေရှာတော့ ရင်ထဲကထွက်ပေါ်လာတယ် ...........“ခံစားမှုအနုပညာ“တဲ့။ ဟိုးငယ်ငယ်ကလေးဘ၀ကတည်းက ဇာတ်ခုံပေါ်မှာ ကွေးနေအောင် ကခဲ့ဘူးတယ်။ ပွဲတော်တွေတိုင်းနွှဲခဲ့ဘူးသလို ဖျော်ဖြေရေးတွေမှာ လည်းပါဝင်ခဲ့ဖူးတာဟာ ၀ါသနာရဲ့တိုက်တွန်းမှုကြောင့်ပါ။ အနုပညာနဲ့ပတ်သက်ရင်ဝါသနာပါတယ်ပေါ့လေ။ ဒါပေမဲ့ ဒီအနုပညာဝါသနာကိုရင်ထဲမှာပဲ မွေးမြူထားရင်း ငြိမ့်ငြိမ့်လေးပဲခံစားမိတယ် ။ မြန်မာမှုအနုပညာတွေကို ၀ါသနာပါသလို ကိုယ်ကိုယ်တိုင်လည်း ဖန်တီးချင်ခဲ့မိဖူးတယ် ။ သို့ပေမဲ့...တကယ်ဖြစ်လာဖို့က အခြေအနေလို တယ် ပံ့ပိုးမှုတွေလိုတယ်လေ ။ ဒါတွေဟာစိတ်ကူးယဉ်မှုတစ်ခုဖြစ်လိမ့်မယ် လို့လည်းတွေးမိခဲ့ဖူးတာပဲ ။ ဒါပေမဲ့ ၀ါသနာကတော့ ၀ါသနာပဲမဟုတ်လား ။

ငယ်ငယ်တုန်းက ကွေးနေအောင်ကခဲ့ဖူးပေမဲ့ အသက်ကြီးလာတော့ က .ချင်စိတ်တွေ မရှိတော့ပါဘူး။ သီချင်းအေးအေးလေးတွေခံစားရင်း ကျေနပ်တတ်လာတယ် ။ အဆွေးတေး လေးတွေ ညည်းရင်း လွမ်းတတ်လာ တယ်။ အရွယ်ရောက်လာတော့ ရင်ခုန်မိတာက “ဖက်ရှင်“ ။ မောဒယ်လ်တွေကို သဘောကျလာတယ် အားကျ မိလာတယ် ။ သူတို့လို ဖြစ်ချင်မိတယ် ။ ဖက်ရှင်ဆန်ဆန် ၀တ်စားဆင်ယင်မှုတွေ နဲ့စတိုင်လ် ကျလှတဲ့ လမ်း လျှောက်ဟန်တွေဟာ သမီးပျိုရဲ့စိတ်ကို လန်းဆန်းစေတယ် မြူးကြွစေတယ်။ သူတို့လို သွက်လက်မြူးကြွတဲ့ ဟန်ပန်တွေကိုရင်ခုန်မိတယ်။ ဒါတွေက ၀ါသနာတစ်ခုထဲကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုသက်သက်ပါ။

ဒါတွေရဲ့ နောက်ဆက်တွဲ ၀ါသနာတစ်ခုက လူတစ်ယောက် စတိုင်လ်ကျလှပစေဖို့ အဓိကသော့ချက်ဖြစ်တဲ့ ဒီ ဇိုင်းပါ ။ လူတစ်ယောက်ရဲ့ပင်ကိုအလှကို တောက်ကြွားသွားအောင် အဓိက ပံ့ပိုးပေးတာက ၀တ်စား ဆင်ယင်မှု အနုပ ညာ ပါ။ ကိုယ့်ပင်ကိုယ် အရည်အချင်းကို ပြသခွင့်ရတဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ မေမေ့ရဲ့ အကူအညီကြောင့် အ၀တ်အစားဖန်တီးတဲ့ ပညာတစ်ရပ်ကို တတ်မြောက်သင်ယူနိုင်ခဲ့ပါတယ် ။ အသက်၁၆ နှစ် ကစလို့ ကိုယ့်ဒီဇိုင်းကိုယ် ဖန်တီးနိုင်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ခဲ့ ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်ဖြစ်ခဲ့ပါဘူး ။ ဖြစ်သင့်တာတွေနဲ့ ဖြစ်ချင်တာတွေ ရဲ့ကြား ထဲမှာ လွန့်လူးရင်း တကယ့်ဘ၀လက်တွေ့ကျတော့ ဖြစ်သင့်တာကိုပဲ လုပ်ခဲ့ရတယ်လေ ။

ရှေ့ပိုင်းကဖော်ပြခဲ့တာတွေကတော့ စိတ်ပိုင်းဆိုင်ရာခံစားမှုနဲ့ဆိုင်တဲ့ ၀ါသနာတွေပါ။ ၀ါသနာကိုအရင်းခံပြီး ရှေ့ဘ၀ခရီးကို ဆက်လျှောက်ရမယ်ဆိုရင်တော့ ၀ါသနာနဲ့ထပ်တူ ဘ၀ရဲ့ရည်မှန်းချက်တွေပါ ရောယှက်လာ တယ် ။ ဖစ်စစ်ကယ်ပိုင်း ဆိုင်ရာ ၀ါသနာ သို့မဟုတ် စိတ်ဓါတ် ကိုပြောရရင်တော့ ဟိုးငယ်ငယ်ကလေးဘ၀ ကပြန်စရဦးမယ် ထင်တယ် ။ ဗွီဒီယို ဇတ်လမ်းတွေ ကြည့်တိုင်း ကြိုက်တတ်တာက လူရွှင်တော်တွေရဲ့ ဟာသ တွေနဲ့အတူ သူရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဇတ်ကြမ်း ။ဇတ်ကြမ်းဆိုတဲ့နေရာမှာ လူမိုက်တွေ ထိုးကြိတ်သတ်ဖြတ် တာမျိုးမဟုတ်ပါဘူး။ ထက်ထက်မြက်မြက်ရှိလှတဲ့ မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာမျိုး ၊ ပြီးတော့သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှား အောင်မြင်သွားတဲ့ မိန်းမတစ်ယောက်လို ကာရိုက်တာမျိုး ၊ ယောင်္ကျားတစ်ယောက်နဲ့အပြိုင် စီးပွားရေးဘက်မှာရင်ဘောင်တန်းနိုင်အောင် အရည်အချင်းရှိတဲ့ ခပ်ထက်ထက် မိန်းမလို စရိုက်မျိုး...အဲဒီလို ကား တွေဆို သိပ်ကြိုက်ခဲ့တာ ။

အရမ်းနုရွနေရင်မကြိုက်ပါဘူး ။ ခုချိန်ထိ ၀တ္ထုတွေ ငှားရင်ဇတ်သိမ်းမှာ ...“သိပ်ချစ်တာပဲ မောင်ရယ်“ တို့ “ချစ်လွန်းလို့ မခွဲနိုင်တော့ဘူးကွာ“ တို့လိုမျိုး ချွဲချွဲနွဲ့နွဲ့တွေနဲ့ဇတ်သိမ်းထားရင်လုံးဝ မငှားပါဘူး ။ အချစ်အ ကြောင်းတွေပဲသက်သက်ရေးထားမှာစိုးလို့ပါ ။ လွန်းထားထား ၀တ္ထုတွေကို အရမ်းကြိုက်ခဲ့တာ ။ ခပ်ထက်ထက် မိန်းမတစ်ယောက် အကြောင်းတို့ မာနကိုအထိမခံနိုင်တဲ့ စရိုက်နဲ့ အောင်မြင်တဲ့မိန်းမ တစ်ယောက် အ ကြောင်းတို့ဖတ်ရလို့ပါ။ ကိုယ့်အကြိုက်နဲ့တူတာကိုး..။ အဲဒီဇတ်ကောင်တွေ အတိုင်းလည်း ဖြစ်နိုင်ဖို့ ကြိုးစား မှာပါ ။ အီစီကလီအချစ်အကြောင်းတွေရေးထားတာတွေကို ဖတ်ရတာထက် အတုယူနိုင်မယ့် စိတ်ဓါတ်မျိုး နည်း လမ်းကောင်းတွေပေးတဲ့ အချစ်မျိုး အောင်မြင်အောင်ဘယ်လိုကြိုးစားပြသွားတာ ...ဆိုတဲ့ဝတ္ထုမျိုးတွေကို ကြိုက် တာပါ ။

အမှန်အတိုင်း ၀န်ခံရရင် အောင်မြင်ချင်တယ် ။ ထက်မြက်ချင်တယ် ။ တိုးတက်ကြီးပွားချင်တယ် ။ ထက်မြက်တဲ့ မိန်းမတစ်ယောက် အဖြစ်နဲ့ အောင်မြင်မှုရအောင်ကြိုးစားချင်တာပါ ။ ဒါကတော့ ဘ၀အတွက်ရည်းမှန်းချက်ပါ ။ ဒီလိုဘ၀မျိုးပိုင်ဆိုင်ဖို့ ကိုယ်လျှောက်ရမယ့် လမ်းကြောင်းကိုရွေးချယ်ဖို့ ဆိုတာ အခွင့်အရေးလိုတယ် ကံလို တယ် ပြီးတော့ကြိုးစားမှု ဒါတွေပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖန်တီးဖို့ပါ ။ ယနေ့ ဒီနေ့ ဒီအ ချိန်အခါအထိတော့ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံးကြိုးစားနေပါတယ် ။ ဘယ်လိုဘ၀မျိုးနဲ့ ခရီး ဆက်မလဲဆိုတာကတော့ ကိုယ်ကိုယ်တိုင်လဲမသိသေးပါဘူး ။ ဘာဖြစ်ချင်လဲလို့မေးတိုင်းဖြေလေ့ရှိတဲ့ အဖြေ တစ်ခုရှိပါတယ် ။ အဲဒါကတော့ “အောင်မြင်ပြီး ထက်မြက်တဲ့ စီးပွားရေးသမားကောင်း တစ်ယောက်ဖြစ်ချင်ပါ တယ်“ လို့ဖြေလေ့ရှိခဲ့ပါတယ် ။

စီးပွားရေးနဲ့ကျောင်းပြီးထားလို့ စီးပွားရေးလိုင်းမှာပဲအောင်မြင်နေမလား ....ဒါမှမဟုတ် ၀ါသနာကို အရင်းခံ ရင်း ဖက်ရှင်ဒီဇိုင်းနာ အဖြစ်နဲ့ မောဒယ်လ်လောကမှာပဲ ကျင်လည်နေမလား ဆိုတာကတော့ ကြိုးစားရင်း စောင့်ကြည့်မှာပါ။ ပေးလာတဲ့အခွင့်အရေးပေါ်မူတည်လို့ ဘ၀ရဲ့ရေစီးကြောင်းထဲမှာ ပဲ့ကိုင်ရင်းအကောင်းဆုံး ဖြစ်အောင်ကြိုးစားသွားမှာကတော့ သေချာနေပါတယ် ဆိုတာပါပဲ။ အောင်မြင်မှုကတော့ရကိုရမယ် သူ့ဆီကို အခုမရောက်သေးတာပဲရှိမယ် ။ဒါကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် သို့မဟုတ် ရည်မှန်းချက်ပေါ့လေ ။ ဖြစ် အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လေးပဲ ရင်ထဲမှာ စွဲထားတယ် ပြီးတော့ ကြိုးစားမယ် ။ဒါပါဘဲ ဘာလိုသေးလဲ ။ တစ်နေ့ရမှာလေ။ ရောက်အောင်သွားရုံပဲ ရှိတယ်။ အဲဒီနေ့ ရောက်လာမှာပဲ ။ပြီးပြီပေါ့ ။

ဒီပို့စ်လေးကတော့ သူငယ်ချင်း ထင်လင်းအောင် တက်ခ်ထားတဲ့ “၀ါသနာကိုအရင်းခံ၍“ ဆိုတဲ့ပို့စ်လေးပါ ။ အညို တက်ခ်ထားတဲ့ ”နောင်အနှစ်၂၀ ကြာသော်“ ဆိုတဲ့ ပို့စ်ကတော့ ဒီအထဲမှာပဲ အကျုံးဝင်သွားတာနဲ့ တစ်ခါ တည်း ပေါင်းရေးလိုက်ပါတယ် ။ နောင်အနှစ်၂၀ ကြာရင် သမီးပျို က ၄၆ နှစ်ပါ ။အဲဒီအချိန်လောက်ဆို သေချာ ပေါက် အောင်မြင်နေမှာပါ ။ ပေကြိုးတွေ ကတ်ကြေးတွေ ဒီဇိုင်းတွေနဲ့ပဲအလုပ်များနေမလား...စာရင်းဇယား တွေကြားထဲမှာ ပြိုင်ဆိုင်မှုတွေနဲ့ပဲ အလုပ်မအားဖြစ်နေမလား ဆိုတာကတော့ စောင့်ကြည့်ရုံမှတပါး အခြားမရှိ ပေါ့နော်......။
မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။