“ ဟယ်...သမီးလေးကချစ်စရာလေးနော်.. ဆရာမဆီကို လာပါဦး သမီးရယ် “ ပြောပြောဆိုဆို မေမေ့လက်ထဲက အတင်းဆွဲခေါ်သွားပြီးတော့ “ဟင်...သမီးလေးက ငိုမဲ့မဲ့လေးပါလား...ဘာလို့လဲ သမီးရဲ့ ...ဆရာမကို စကားပြောပါဦး သမီးရယ် ချိုချဉ်စားမလား... ဒီမှာ တော်ဖီလုံးတွေလည်း ရှိတယ် သမီး ကြိုက်တာသာ ယူစား....နော်...သမီး “ ။


“ဟင့်အင်း....မစားချင်ဘူး...ဘာမှ မစားချင်ဘူး “


“ သြော်..သမီးက ဒါမျိုးတွေ မကြိုက်ဘူး ထင်တယ်...မုန့်ဟင်းခါးစားမလားသမီး “


“ဟင့်အင်း...မုန့်ဟင်းခါးလဲ စားချင်ဘူး“


“ဒါဆို သူငယ်ချင်းတွေနဲ့ ဆော့ရအောင်လေ ..နော် ။ ပျော်ဖို့ကောင်းတယ်သမီးရဲ့..လာနော် သမီး “


“ဟင့်အင်း...ဟင့်အင်း....ဆော့လဲမဆော့ချင်ပါဘူး ။ ဒီမှာ မနေချင်ပါဘူး“ လို့ပြောပြီးတာနဲ့ မေမေ့ဘက်လှည်ပြီး “မေမေ အိမ်ပြန်မယ် နော် ..မေမေ....နော်“


ဒေါ်ခင်တုတ် တစ်ယောက် သမီးဖြစ်သူရဲ့တောင်းဆိုမှုကိုလည်း လိုက်လျှောပေးချင် ..... လိုက်လျှော လို့ကလည်း မဖြစ်.... ပထမဆုံးသမီးလေးကို မူကြို စ အပ်တဲ့နေ့ဆိုတော့.. ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့အချိန်မှာ နောက်နားဆီက မူကြိုဆရာမကြီးရဲ့ “ မပူပါနဲ့ ဒေါ်တုတ်ရယ်..နောက်တော့လည်း သူဟာနဲ့သူ နေသားကျသွားမှာပါ ။ ခုမှ အစပိုင်းဆိုတော့လည်း သမီးလေးကဘယ်ပျော်ပါ့မလဲ ဒေါ်တုတ်ရဲ့ ဟုတ်ဘူးလား ။ ထားသာထားခဲ့ပါ ။ ဘာမှ စိတ်ပူစရာမရှိပါဘူး “ ဆိုတဲ့အသံကြားလိုက်တော့
“ ဟင့်အင်း..ဟင့်အင်း ....အိမ်ပြန်မယ် ... အိမ်ပြန်မယ် ...အိမ်ကိုပဲပြန်ချင်တယ် “ လို့ တအားအော်နေတာကြောင့် ဆရာမကြီးက


“ ဘာမှလည်းမစားချင်ဘူး ဟုတ်လား“


“ဟုတ် “


“ဆော့လည်း မဆော့ချင်ဘူး ဟုတ်လား “


“ဟုတ်“


အဲဒီတော့ “ ဗြန်း...ဗြန်း...ဗြန်း “ ဆိုပြီး ကြိမ်လုံးနဲ့ ခုံကိုရိုက်လိုက်တာ ဖုန်မှုံ့တွေတောင် ထခုန်မတတ်ပါဘဲ ။ မောင်မောင်ခေါ်တော့ “ဗျာ “ မထူးချင်ဘူး အောင်ကျော်ခေါ်မှ “ဗျာ“ ထူးချင် ဆိုသလို .....ချော့တုန်းက မပျော့တော့ ခြောက်လိုက်မှကြောက် ရပြီလေ ။ မုန့်ကြွေးတုန်းက စားလိုက်ရ အတော်သားနော်........

..........................................................................................................



သမီးပျို မူကြိုစအပ် တဲ့နေ့လေးပါ ။ ကလေးဘ၀ရဲ့ပထမဆုံးကျောင်းစတက်တဲ့နေ့ဆိုတော့ခုထိ အမှတ်ရ နေ ဆဲပါပဲ ။ အဲဒီနေ့က မူကြိုဆရာမကြီးရဲ့ အမျိုးမျိုးချော့မော့ပြီး မုန့်တွေကျွေးခဲ့တာတွေ ချော့လို့မရတဲ့အဆုံး ကြိမ်လုံးနဲ့ ကြမ်းပြတော့မှ ကြောက်ပြီး မလှုပ်တော့တာတွေ ခုထိအမှတ်ရနေတုန်းပါပဲ ။မေမေလည်း သမီးပျို ကိုထားခဲ့ပြီး ပြန်သွားလေရဲ့ ။



သမီးပျိုလေ... ငယ်ငယ်လေးကတည်းက အခြားကလေးတွေရတဲ့ အခွင့်အရေးတွေ မရခဲ့တာပါ ။ ဥပမာ...ထမင်းစားကျောင်းဆင်းချိန်မှာ မိခင်က ထမင်းချိုင့်လိုက်ပို့ပြီး ဂရုတစိုက် ထမင်းခွံ့ကျွေးတာမျိုး ၊ ကျောင်းဆင်း ချိန်မှာ လိုက်ကြိုတာမျိုးတွေပေါ့ ။ သမီးပျိုနေခဲ့တာက အုတ်ကျင်းမှာပါ ။ ဖေဖေက ပန်းထိမ်လုပ်တယ် မေမေက ထမင်းဆိုင်ဖွင့်တယ်လေ ။ အလုပ်သမားရပ်ကွက်မှာ ဆိုတော့ အရမ်းရောင်းကောင်းတာပဲ။ ထမင်းဆိုင်ဆိုတာ မျိုးကလည်း သိတဲ့အတိုင်းပဲ မရောင်းခင်လည်း ပြင်ဆင်ရ ရောင်းနေပြန်တော့လည်း လက်မလည်ရ ရောင်းပြီး ပြန်တော့လည်း သိမ်းရဆည်းရနဲ့ အားကိုမအားဘူးလေ ။ အဲဒီအခြေအနေမျိုးမှာ မေမေ့ဆီက ဒီအခွင့်အရေး တွေရဖို့ဘယ်လိုဖြစ်နိုင်တော့မလဲ မဟုတ်ဘူးလား ။



ကျောင်းသွားတော့လည်း မူကြိုဖော်တွေနဲ့ ကျောင်းပြန်တော့လည်း ထိုနည်းလည်းကောင်းဆိုသလိုပေါ့ ။ ခြေရင်းအိမ်မှာ မူကြိုတက်ဖော် ငုဝါမောင် ၊အာကာမောင် နဲ့ဥကာမောင် တို့နေတယ်လေ ။ကျောင်းသွား ကျောင်းပြန် သူတို့နဲ့ပေါ့။ သူတို့မှာ ကျော်ကျော်နဲ့မင်းမင်း ဆိုတဲ့အကို နှစ်ယောက်ရှိတယ် ။ သမီးပျိုမှာက အကိုတစ်ယောက်ပေါ့ ။ မိဘတွေ အလုပ်ရှုပ်နေချိန်ဆို အိမ်ဘေးက ခုံလေးပေါ်မှာ အတူတူထိုင်နေကျ ၊ မဟုတ် ရင် အိမ်နားက မီးသတ်ရုံမှာ ကစားနေကျပါ ။ မှတ်မိသေးတယ် အဲဒီနေ့က................



“ဟဲ့.....ဟဲ့...လုပ်ကျပါဦး....ကယ်ကြပါဦး....မင်းမင်းရေ...ကျော်ကျော်ရေ ...လာကြပါဦးဟဲ့“ ဆိုတဲ့အသံနဲ့ အတူ လူသံတွေ ကြားလိုက်ပြီးနောက် ဘာမှ မကြားတော့ဘူးလေ ။ ဘာဖြစ်တာလဲ သိချင်ကြမှာပေါ့နော် ။ သူ ငယ်ချင်းနဲ့သစ်သားခုံလေးပေါ်မှာ အတူတူထိုင်ရင်း နှစ်ယောက်ပြိုင်တူ ခြေထောက်ကို ရှေ့နောက်လွှဲတာ အရှိန်လွန်ပြီး နှစ်ယောက်လုံး နောက်ပြန်လန်ပြီး ခုံနောက်က မြောင်းနက်ထဲ အုန်းကနဲကျသွားတာ ဘာမှကို လုပ်ချိန် မရလိုက်ဘူး ။ လေးနှစ်အရွယ် ကလေးနှစ်ယောက် မြောင်းထဲပက်လက်ကြီး ကျသွားတော့ အသက်ရှု တိုင်း ရွှံ့တွေဝင်ကုန်တာပေါ့ ။ ရန်ကုန်က မြောင်းတွေကသိတဲ့အတိုင်းပဲ အနံ့ကမကောင်း အရောင်တွေက မည်းညစ်ညစ်နဲ့ဆိုတော့ အတော်မစားသာဘူးဗျို့ ။ ကိုကျော်နဲ့ကိုမင်း တို့က ခါးတောင်းကိုမြောင်အောင် ကြိုက်ပြီး မြောင်းထဲဆင်းဆယ်တာလေ ပါလာတယ်တဲ့ မည်းမည်းလေး နှစ်ယောက် ....ဟီး ...စဉ်းစားသာကြည့်ပေတော့................



သမီးပျိုငယ်ငယ်က ဆံပင်လေးက နီကြောင်ကြောင်နဲ့လိမ်လိမ်လေးတဲ့ ။ မျက်လုံးလေးက ၀ိုင်းပြီး ပါးလေးက ဖောင်းဖောင်းလေးဆိုပဲ နှုတ်ခမ်းလေးက စုစုလေးနဲ့အရပ်လေးကပုပုလေးဆိုတော့ ချစ်ခင်သူပေါဆိုပဲ ။ အဲဒါကြောင့်ထင်တယ် ။ ဖေဖေ့အမျိုး ဦးဖိုးသာအောင်ဆိုတာလေ အရပ်ရှည်ရှည် အသားမဲမဲ မျက်လုံးပြူးပြူးနဲ့ အိမ်လာရင် မိစု ...မိစု ဆိုပြီး လိုက်လိုက်ဖမ်းတာ ကြောက်လို့ ပြေးရ ၊ပုန်းရ နဲ့ မလွတ်လို့မိပြီဟေ့ဆိုလို့က တော့ သူ့နှုတ်ခမ်းမွှေးတွေနဲ့ တရှုးရှုးနဲ့နမ်းတာ နာကနာ ကြောက်ကကြောက်နဲ့ သူလာရင်ငိုရတာ အမောပဲ။



သမီးပျိုရဲ့ ကိုကိုက အဲဒီတုန်းက လေးတန်းပေါ့ ။ ကျောင်းကပြန်လာရင် သမိုင်းကိုသွားရတယ် ။ မေမေ လိုအပ် မယ့် အမဲသား ၊ ၀က်သား၊ အသား နဲ့ငါး သွားဝယ်ပေးရတဲ့ တာဝန်က ကိုကို့တာဝန်လေ ။ ညနေပိုင်းဆို ကိုကို ကသမိုင်းဈေးသွားနေကျ တစ်နေ့တော့......................................................................



“ဒိုင်း.....ဒိုင်း..........ဒိုင်း.............ဒိုင်း...................ဒိုင်း.....................ဖောက်.....ဖောက်.....ဖောက်......ဖောက်......ဖောက်.....“ သေနတ်သံတွေ ဆူညံနေတာပဲ ။ လူတွေလည်း ရုတ်ရုတ်သဲသဲ ပြေးသူပြေး အော်သူ အော် လမ်းမပေါ်မှာ ကလေး လူကြီး သက်ကြီး သက်ငယ် ...အို.....စုံနေတာပါပဲ ။ အဲဒီအသံတွေလည်းကြား ရော သမီးပျို တစ်ယောက် လွယ်အိတ်ကောက်လို့ အိမ်ဆီပြေးတာ တန်းနေတာပဲ ဆရာမတောင် တားချိန်မရ လိုက်ဘူး ။ အိမ်လည်းရောက်ရော မေမေတို့ကိုတွေ့တာပဲ ။ ကိုကိုပြန်မလာလို့စိတ်ပူနေကြတာလေ ။ သမီးပျိုကတော့ လောက်လေးတစ်လက်ကိုင်ပြီး ကုတင်ခေါင်းရင်းမှာကုတ်ကုတ်လေးထိုင်နေတာ လှုပ်တောင် မလှုပ်ပေါင်။ ကြောက်တာကိုး ။ အပြင်ထွက်ရဲဘူး ရယ် သူတို့က ချိန်ပြီးပစ်တာ မှတ်လို့ ရမ်းပြီး တွေ့ရာလူကို ပစ်တာ ။ ပြေးတဲ့လူ သေပဲ ။ မေမေ တို့ စိတ်ပူပြီးလိုက်သွားမယ် လုပ်တော့ ကိုကိုတစ်ယောက် လက်ဆွဲခြင်းဝိုင်းဝိုင်းလေးကို ခေါင်းဆောင်းပြီး ပြေးလာတာ တန်းနေတာပဲ။ လမ်းမှာ ပြောင်းဖူးသည်တစ်ယောက်ရယ် ကလေး တစ်ယောက်ရယ် သွေးအိုင်ထဲမှာ မြင်ခဲ့ရတယ်တဲ့ ။

သမီးပျိုကိုမွေးခဲ့တာက ၁၉၈၄ လေ ။ နောက်လေးနှစ်ရောက်လို့မူကြိုတက်တော့ ၁၉၈၈ ။ သူများတွေလို“၀ါဆို ၀ါခေါင် ရေတွေကြီးလို့သပြေသီးမှည့် ကောက်စို့လေ “ ဆိုတာမျိုးတွေ ဆိုနေဖို့အချိန်မရပါဘူး ။ ဆူဆူညံညံ သေနတ်သံတွေ ကြားထဲမှာ ဟိုပြေးဒီပြေးနဲ့ ကြီးပြင်းလာခဲ့တာ ။ဟိုကျောင်းသားက သပိတ်မှောက် ဒီကျောင်း သားက ဆူဆူပူပူနဲ့ဆိုတော့ တစ်မြို့လုံး ဆူပွတ်နေတော့တာပဲ ။ သပိတ်ကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေက စက်ရုံတွေကို ဖျက်ဆီးပြီး လိုချင်တာတွေယူကြ ၊ အပေါ်ကလူက သွပ်ကိုတက်ခွာချချိန်မှာ လက်ချော်ပြီး အောက်ကိုပြုတ်အကျ အောက်ကတစ်ယောက်ပေါ်ပြုတ်ကျလို့ ဒဏ်ရာတွေရကြနဲ့ ရုပ်ရှင်ထဲမှာ ရွာထဲကို ဂျပန်တွေဝင်သလိုပေါ့ ။

ဒီလိုနဲ့ သမီးပျိုတို့ ရန်ကုန်မှာ ဆက်မနေရဲတော့ဘူးပေါ့ ။ ဆက်နေရင်တော့ သေရင်သေ မသေရင် သေနတ် မှန်ပြီး ကားမှာသေချာတယ် ။ အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး ဘူတာကိုတစ်မိသားစုလုံး ပြေးတော့တာပဲ ။ ရ ထားကလည်း ခါချဉ်အုံ တုတ်နဲ့ထိုးလိုက်သလိုပဲ ကြပ်ညပ်နေတာလေ အသက်ရှုလို့တောင်မ၀ပါဘူး ။ တဖြည်း ဖြည်းနဲ့ မိုးလင်းလာတော့ တစခန်းထတော့တာပါပဲ။ သေနတ်တွေ တကိုင်ကိုင်နဲ့ ရထားတွေကို အပြင်က ထု ကြတော့တာပဲ ။ ရန်ကုန်နဲ့ သာရဝေါ ပြေးတဲ့ရထားတွေက လုံးဝကိုမကောင်းတာ သံကြေးတွေ အထပ်ထပ်နဲ့ ဆိုတော့ သူတို့ထုလိုက်တိုင်း သံကြေးမှုန့်တွေက ဖွာကနဲပဲ ။ အဲဒါကို ကိုယ်မှ မသိတာ။ ဘယ်လူတွေပါလိမ့်လို့ ချောင်းကြည့်လိုက်တာ ပြတင်းပေါက်ကို သေနတ်နဲ့လှမ်းအထုနဲ့တိုးတော့ မျက်လုံးထဲဝင်တာပေါ့နော့် ။

ဒီလိုနဲ့ ရထားတတန် လှေတတန် နဲ့ အဖိုးအဖွားတွေ ရှိတဲ့ရွာကိုရောက်တာပေါ့ ။ အဲဒီမှာ နေရင်းထိုင်ရင်းနဲ့ ရန်ကုန်ကိုပြန်မလာဖြစ်တော့တာပါ ။ အဲဒီမှာပဲ ကျောင်းနေဖြစ်တယ် ။ ကိုးတန်းအထိပဲဆိုပါတော့ ။

( နှင်းရေ မနက်ဖြန် လန်ဒန်ကိုသွားရမှာမို့ အမြန်ရေးလိုက်ရတာဟ ။ ကလေးဘ၀ကို သေချာတောင်ပြန်မတွေး ဖြစ်ဘူး ကျန်တာတော့ ကျန်သေးတယ်ဟ ။ နောက်တစ်ခါ တက်ခ်မှ အေးဆေးရေးပေးမယ်နော် ။ မကျေနပ် ရင် နောက်တစ်ခါတက်ခ် ဟာ နော် ။ ချစ်ဖို့ကောင်းပါတယ် နော်....နော်...)

မိသားစုလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ အိမ်လေးမှာ မိစုကအငယ်ဆုံးဆိုတော့ အိမ်မှာဆိုးချင်တိုင်းဆိုးလို့ရတဲ့ အခွင့်အရေးရခဲ့တာပေါ့ ။ မိစုမှာ အကိုတစ်ယောက်ရှိတယ် ။ မိစုထက် ရှစ်နှစ်ကြီးတယ်ဆိုတော့ ကိုကိုက မိစုကို သိပ်ချစ်တယ်လေ ။ ဒါပေမဲ့ ကိုကိုက စနေသားဆိုတော့ စိတ်ကြီးတယ် ။ တစ်ခုခုဆို မိစုတော့ သိပ်ကြောက်တာ ပဲ။ ရိုက်ခံထိမှာစိုးလို့ပါ ။ ဒါပေမဲ့ မေမေကလေ “သားနော် ... ကြီးနိုင် ငယ်ညှဉ်းလုပ်တာ မေမေမကြိုက်ဘူး သားမကြိုက်တာရှိရင် မေမေ့ကိုပြော မေမေ ဆုံးမမယ် ကြားလား “ အဲလိုလေး ကိုကို့ကို သတိပေးထားတော့ ကိုကိုက မိစုကို မရိုက်ရဲပါဘူး ။ ပြောသာပြောတာ မိစုကသိပ်မဆိုးပါဘူး ။ ဖေဖေကဆို မိစုကိုသိပ်ချစ်တာပဲ ။


မိစုတို့အိမ်လေးမှာ ဖေဖေက ပန်းထိမ်လုပ်တယ် ။မေမေက ဈေးရောင်းတယ်လေ ။ စားနိုင်သောက်နိုင်ပေါ့ ။ မိစုတို့နေတာက တောမြို့လေးတစ်မြို့မှာပါ ။ သစ်သားအိမ် သေးသေးလေးနဲ့ နေ တယ်လေ။ သာမာန်မိသားစု တစ်စုပါပဲ ။ မိစုတို့က မချမ်းသာဘူးလေ ။ အခုဆို မိစုကိုးတန်းအောင်ပြီ ။ နွေရာသီ ကျောင်း ပိတ်ရက်ဖြစ်လို့ မိစုကာတွန်းစာအုပ်တစ်အုပ်နဲ့ ငြိမ့်နေတုန်း ဖေဖေက


“သမီး.....သမီးရေ............“
ဖေဖေ့ခေါ်သံကြောင့် ကာတွန်းစာအုပ်ကို ဘေးချကာ “ရှင် ဖေဖေ “ ဆိုပြီး ဖေဖေ့ဆီကို အပြေးသွားခဲ့တယ် ။

“ ကိုနိုင့်ကိုသမီးသိတယ်မလား “ လို့ဖေဖေကမေးတော့ “ ဟုတ် သိတယ်လေ ..ကားတွေနဲ့ စီးပွားဖြစ် နေတဲ့ ဦးကြီးမလား “


“အေး ဟုတ်တယ် ဟုတ်တယ် ။အဲဒါ သူဟိုနေ့က ကားတစ်စီးဝယ်ထားတာလေ ရန်ကုန်နဲ့ရွာကို ကားပြေးမ လို့တဲ့ အဲဒါ ခု နေ့ခင်းရန်ကုန်ကိုသွားမယ်တဲ့ လိုက်ချင်တဲ့သူ လိုက်ကြတဲ့ ဖေဖေတို့လိုက်သွားကြမလား။ ဟိုမှာ သမီးဦးလေးရှိတာပဲ အလည်သွားကြမလား “

“ဟယ် ရန်ကုန်ကိုလား ..လိုက်မယ်လိုက်မယ် မိစုငယ်ငယ်ကပဲ တစ်ခါရောက်ဖူးတာ မရောက်တာကြာပြီဆို တော့ သွားကြမယ်လေ “။

“ကဲ...ဒါဆိုလဲ အ၀တ်လေးဘာလေး ထည့်လေ ဖေဖေ့ဖို့ပါထည့်လိုက်နော်သမီး ဖေဖေအလုပ်ကိုသွားပြော လိုက်ဦးမယ်ကြားလား“

“ဟုတ်ဖေဖေ “

သိပ်မကြာပါဘူး မေမေနဲ့ကိုကို့ကို နှုတ်ဆက်ပြီး မိစုတို့သားအဖတွေ ရန်ကုန်ကို မမျှော်လင့်ပဲ ရောက်ခဲ့က်ြတယ် ။ ။ရန်ကုန်ရောက်တော့ လည်ကြပတ်ကြနဲ့ ပျော်စရာကြီး။ ရန်ကုန်ကဦးလေဆိုတာက ဖေဖေ့ညီပါ ။ သူက မိစုတို့ထက် ပိုက်ဆံချမ်းသာတယ်လေ ။ သူ့မှာလဲ မိန်းမနဲ့ကလေးနဲ့ဖြစ်နေပြီ ။ ဦးလေးက မိစုရဲ့ ပညာ ရေးကို စိုးရိမ်တယ်တဲ့ ။ တောမှာနေလို့ ၁၀ တန်းအောင်ပါ့မလားတဲ့ ။ရန်ကုန်မှာတက်ပါလားတဲ့။ ရန်ကုန်ဆို တာက အားလုံးဈေးတွေ ကြီးပါဘိသနဲ့။ ကျောင်းစရိတ်ဆိုလဲကြီးမှာပါပဲ။ ရန်ကုန်လိုနေရာမျိုးမှာ မိစုမိဘတွေ ဘယ်ထားနိုင်မှာလဲ အဲဒါမိစုသိတာပေါ့။


နောက်ဆုံးဦးလေးနဲ့ဖေဖေတိုင်ပင်ပြီး မိစုကို ရန်ကုန်မှာ ကျောင်းထားတော့မယ်တဲ့ ။ ကျောင်းစရိတ်ကို ဦးလေး ကထောက်ပံ့မှာပါ ။ ၀ိုင်းကျူရှင် လည်းတက်ရမယ်တဲ့ ။ မိစု ရွာပြန်လို့မရတော့ပါဘူး ။ ကျောင်းမဖွင့်ခင် ကျူရှင် တက်ရမှာဆိုတော့ မိစုဦးလေးအိမ်မှာ နေခဲ့ရတော့မှာပေါ့ ။ဝမ်းနည်းလိုက်တာ။ ဖေဖေနဲ့မေမေတို့နဲ့ခွဲရတော့ မယ်။ ကိုကိုနဲ့လည်းမနေရတော့ဘူး ။မိစုတစ်ယောက်တည်း ဒီအိမ်မှာကျန်ခဲ့ရမှာ စိတ်ညစ်လိုက်တာ ။ဦးလေး မိန်းမက မိစုကိုကြည်ဖြူပါ့မလား ။ ပြီးတော့ ဦးလေးသမီးတွေရဲ့အကြည့်တွေကို မိစုမကြိုက်ပါဘူး။ သူတို့ လောက်မချမ်းသာတော့ မိစုကိုနှိမ်တဲ့ အကြည့်တွေနဲ့ကြည့်ကြတယ် ။ မိစုသူတို့အိမ်မှာနေတာ ကြိုက်ပုံလဲမရ ဘူးလေ ။

မိစုဘာလုပ်ရမလဲ ။ ဖေဖေကိုအပူကပ်ကြည့်တော့ ဖေဖေက “ ဖေဖေပြန်လာခဲ့မယ်နော် သမီး ။ သမီးထင်ထား သလို မဟုတ်ပါဘူး ။ ဖေဖေနဲ့သမီးရဲ့ဦးနဲ့အားလုံး တိုင်ပင်ပြီးသား ။ ဖေဖေတို့ တစ်မိသားစုလုံး ရန်ကုန်ကို ပြောင်းလာခဲ့တဲ့ ။ သူကူညီမယ်တဲ့ ။ ဖေဖေ့ကို ကိုယ်ပိုင် ပန်းထိမ်ဆိုင်ဖွင့်ဖို့တောင် လိုအပ်တာတွေ စီစဉ်ပြီးပြီ ။ သမီးမေမေကတော့ ဈေးလေးဘာလေးရောင်းမှာပေါ့ ။ အခုဖေဖေ သူတို့ကိုသွားခေါ်ပြီးပြန်လာခဲ့မှာ ။ ဟုတ်ပြီ လား သမီး လိမ္မာတယ်နော်“။
“ ဟုတ် ဖေဖေ ဟုတ်“
“ဖေဖေ မြန်မြန် ပြန်လာခဲ့နော် ။သမီးတစ်ယောက်ထဲ အားငယ်တယ်“။
“အေးပါ သမီးရယ်....အေးပါ“ ။ “ ဖေဖေ အမြန်ဆုံးပြန်လာခဲ့မယ်နော် သိလား ။လိမ်လိမ်မာမာနေနော် သမီး“။
“ဟုတ်ကဲ့ပါ ဖေဖေ“ ။

ဖေဖေရဲ့ ကျောပြင်ကိုကြည့်ရင်း မိစုကျန်ခဲ့ရတယ် ။ အိမ်မှာ စိုးချင်တိုင်းစိုးလို့ရတဲ့ မိစု အခုတော့လည်း မျက်နှာ ငယ်လေးနဲ့ပါလား ။ ဘယ်တတ်နိုင်မလဲလေ။ ပညာရေးအတွက်ဆိုတော့လည်း မိစုလုပ်ရတော့မှာပေါ့ ။ ဦးလေး ရဲ့သမီးနှစ်ယောက်ကို တည့်အောင်ပေါင်းမယ် ။ ဦးလေးမိန်းမကို အိမ်အလုပ်တွေ ၀ိုင်းကူလုပ်ရင် မိစု အဆင် ပြေမှာပါ ။ ဒီလိုနဲ့ မိစုအဆင်ပြေအောင် နေနိုင်ခဲ့ပါတယ် ။ တစ်ခါတစ်ခါ ဦးလေးနောက်ကွယ်မှာ သူ့သမီးတွေ က နှိမ်တဲ့စကားတွေ ၊ ခနဲ့တဲ့ စကားတွေကို မချိပြုံး ပြုံးရင်းနဲ့ပေါ့ ။

ကြာလာတော့မိစု ၀မ်းနည်းလာတယ် ။အားငယ်လာတယ် ။ မိသားစုကို သတိရလိုက်တာ ။ မိစုအားကိုးတကြီး နဲ့ ဦးလေးကို မေးကြည့်တယ်။
“ဦးလေး...ဖေဖေတို့ဘယ်တော့ ပြန်လာမှာလဲ ဟင် “
“ပြန်လာတော့မှာပါ သမီးရဲ့ ။ ဟိုမှာအလုပ်တွေ လက်စသတ်စရာရှိတာတွေ ပြီးရင်လာမှာပေါ့“။
“သမီး ဖေဖေတို့ မရှိတော့ သိပ်အားငယ်တာပဲ ဦးရယ် မိစုငိုချင်လိုက်တာ“ လို့ပြောတော့ ဦးလေးက
“ဘာမှ အားငယ်စရာမရှိဘူး မိစုရယ် ။ ဦးတစ်ယောက်လုံးရှိတယ် ။ ဟုတ်ပြီလား “ တဲ့။

အိမ်တွင်းရေးကို မသိတဲ့ ဦးလေးက မိစုကို အားပေးရှာပါတယ် ။ တစ်နေကုန် ဦးလေးက အလုပ်မှာ ဆိုတော့ အိမ်အကြောင်းတွေ ဘယ်သိပ်သိမလဲလေ ။ ဦးလေး တစ်ယောက်ကလွဲရင် မိစုအပေါ်ဆက်ဆံရေးတွေက မ ပြေပြစ်တာ ဦးလေးမှ မသိဘဲ ။ အေးလေ စရိတ်ကြီးတဲ့ ရန်ကုန်လို နေရာမျိုးမှာ မိစုကို တင်ကြွေးထားရတော့ မ ကြည်ဖြူတာ သိပ်တော့လည်း မဆန်းပါဘူးလေ ။ ကျောင်းပါထားပေးရတော့ ပိုဆိုးတော့မပေါ့ ။ နားလည်ပါ တယ်လေ ။

မနက်ဖြန်ဆို မိစုတို့ကျောင်းတွေဖွင့်ပြီ ။မိစု ကျောင်းတက်ရတော့မယ် ။ ရွာက သူငယ်ချင်းတွေလည်း မရှိဘူး ။ တက်ရမယ့် ကျောင်းကလည်း ဘယ်နေရာမှာပါလိမ့် ။မိစုတစ်ခါမှမရောက်ဖူးဘူး ။ မနက်ဖြန် ၀ိုင်းကျူရှင် ကသူ ငယ်ချင်းအိမ်ကို အရင်သွားပြီးမှ သူနဲ့အတူသွားမယ် လို့ မိစုစိတ်ကူးနေတုန်း

“မိစုရေ...မိစု သမီးဖေဖေတို့ပြန်လာပြီဟေ့ “ ဆိုတဲ့ဦးလေးရဲ့ အော်သံကြောင့် မိစုအပြေးအလွှား အိမ်ရှေ့ ဘက်ပြေးထွက်လာခဲ့တယ် ။
“ ဟယ်...ဖေဖေ...မေမေ..ကိုကို အားလုံးလိုက်လာကြတာကိုး ။ ဟေး...ပျော်လိုက်တာ“

မိစုဝမ်းသာလွန်းလို့ မျက်ရည်တောင် လည်မိတယ်။ မိစုအားလုံးကို သိမ်းကျုံးဖက်ထားလိုက်တယ် ။ မိစု အား ငယ်ဝမ်းနည်းခဲ့ရတဲ့ရက်တွေက များခဲ့ပြီကိုး ။အခုတော့ ဒီဒုက္ခတွေက ကင်းလွတ်ခွင့်ရတော့မယ် ။မိစုသိပ်ပျော် တာပဲ ။ မနက်ဖြန် ဆိုမိစုက ကျောင်းစတက်ပြီ ။ ဖေဖေတို့ကတော့ အိမ်စပြောင်းပြီပေါ့ ။ မိစုတို့ ဘ၀ကို အစ ကပြန်စရပြီပေါ့ ။ မနက်ဖြန်ဆို မိစုတို့ငှားထားတဲ့ အိမ်မှာ နေရတော့မယ် ။ ငှားထားတဲ့အိမ်က ဈေးနဲ့နဲနဲတော့ အဝေးသား ။ ပြီးတော့ တစ်ခန်းတည်း ။ကျပ်တည်းလိုက်တာနော် ။ အင်း ရန်ကုန်ကိုး ။ အပေါ်ထပ်မှာက အိမ် ရှင်တွေနေတယ် ။ အောက်ထပ်မှာ မိစုတို့ကတစ်ခန်း ၊ဟိုဘက်မှာက တစ်ခန်း ။ တစ်ခန်းကို တစ်အိမ်လုပ်ပြီး နေရမှာပဲ ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်မိသားစု နဲ့နေရမှာပဲ မိစုပျော်ပါတယ် ။

မိစု ရေမိုးချိုး ကျောင်းစိမ်း တွေလဲပြီး ကျောင်းသွားဖို့ ပြင်ဆင်နေခဲ့တယ် ။ မေမေပြင်ပေးတဲ့ နံနက်စာကို စားရင်း မိစု ပထမဆုံးကျောင်းတက်ရမယ်ရက်ကို ရင်ခုန်နေမိတယ်။ နံနက်စာ စားအပြီး မေမေ့ကိုနှုတ်ဆက် ကာ မိစုသူငယ်ချင်းအိမ်ကို ဦးတည်လာခဲ့တယ် ။ မိစု ထွက်လာတော့ ဖေဖေက ရေအိမ်ဝင်နေလို့ နှုတ်မဆက် ခဲ့ရဘူး ။ကိုကိုကတော့ အိပ်တုန်း ။

နံနက်ခင်းရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေပြေလေညှင်းလေးတွေကို ရှုရှိက်ရင်း တက်ကြွနေတဲ့ မိစု သူငယ်ချင်း အိမ်သို့ တန်းမတ်စွာ ချီတက်လာခဲ့တယ် ။ သူ့အိမ်ရောက်တော့

“ဟဲ့...သင်းသင်း မပြီးသေးဘူးလား “
“အေး ..ပြီးပြီ ..ပြီးပြီ ။မိစု လာလေ ခဏထိုင်ဦး ။မေမေ့ဆီ မုန့်ဖိုးတောင်းပြီးရင် ပြီးပါပြီ “။
“အေး...အေး ငါတို့နဲနဲတောင် နောက်ကျနေပြီဟာ မြန်မြန်လုပ်ပါဟဲ့ “ “ကျောင်းအသစ်ကို တက်ရတော့ နဲနဲ တော့ ရင်ခုန်နေတာဟဲ့ သိပြီလား “
“အေးပါဟယ် ..လာ..လာ သွားကြစို့ “
“မေမေရေ..သမီးတို့ လစ်ပြီဗျို့ “ လို့ မိသင်းက သူအမေကိုနှုတ်ဆက် အပြီး မိစုတို့ စကားတပြောပြောနဲ့ လမ်းလျှောက်လာလိုက်တာ ကျောင်းဘက်သွားမယ့် လမ်းကျိုးအရောက်

“ဟဲ့ မိသင်း ဟိုမှာ လူတွေအများကြီး ဘာလုပ်နေကြလဲ မသိဘူးသွားကြည့်ရအောင်လေ“ လို့ ပြောတော့

“ဟာ..နောက်ကျနေတာကို သိရဲ့သားနဲ့ စပ်စုချင်စိတ်ကလဲရှိသေး လာစမ်းပါ ကျောင်းရောက်အောင်သာ အမြန်လျှောက်စမ်းပါ စပ်စုစိန်ရယ် “

“အေးပါ ဟဲ့ နင်ကလည်းဒေါကြီးပဲ “

မိစုတို့ ကျောင်းရောက်တော့ နေရာတွေ ဦးကျတယ် ။တစ်ချို့တွေကတော့ သူငယ်ချင်းဟောင်းတွေ တွေ့လို့ နှုတ်ဆက်ကြ ပျော်ရွှင်ကြ ပေါ့ ။မိစုကတော့ ယောင်တောင်တောင် ။ မိစုမမှုပါဘူး။ နောက်တော့ နေသားတကျ သူငယ်ချင်းတွေ ရလာမှာပေါ့ ။ မုန့်စားကျောင်းဆင်းတော့ အခန်းထဲက အလျှိုလျှိုထွက်ကုန်ကျတယ် ။ အခန်း ထဲမှာ မိစု တစ်ယောက်တည်း ကျန်ခဲ့တာ ။ ကိုယ့်အကြောင်းနဲ့ကိုယ်လေ ။ ပထမ ဆုံးနေ့မို့ စာသိပ်မသင်ဖြစ် ပါဘူး ။ နေ့လယ် ၁၂ ကျော်ရင်ဆင်းတယ်လေ ။ နေ့လယ်ပိုင်းက မူလတန်းနဲ့ အလယ်တန်း တက်ရတယ်တဲ့။ မိစုတို့ ရွာမှာတော့ ညနေမှ အပြီးကျောင်းဆင်းတာ။ ဒီမှာက နေ့တစ်ဝက်တည်းတက်ရတယ်။

ကျောင်းဆင်းတော့ မိသင်းအမေလာကြိုနေတာတွေ့တယ် ။မိစုတွေးလိုက်မိတယ် ။၁၀ တန်းကျောင်းသူတစ် ယောက် ကိုလာကြိုနေတယ် ။ ရန်ကုန်ကလူတွေ တော်တော်ပိုကြပါလားလို့မိစုတွေးလိုက်မိတယ် ။ ဟိုဟိုဒီဒီ ဝေ့၀ဲကြည့်မိတော့ လူကြီးတွေ သိပ်တော့ မရှိကြပါဘူး ။ မိသင်းကံကောင်းတာပဲ သူ့အမေက သူ့ကိုအတော် ဂရုစိုက်ပုံရတယ် လို့တွေးနေတုန်း

“ သမီးကျောင်းတက်ရတာ အဆင်ပြေရဲ့လားကွယ့် “ မိသင်းအမေက မိစုကိုလည်းဂရုစိုက်သားပဲ။

“ဟုတ် အန်တီ အဆင်ပြေပါတယ် ။ ပထမဆုံးနေ့မို့ သူငယ်ချင်းသိပ်မရှိသေးတာပဲ ရှိပါတယ်“ ။

“အေးပါကွယ် နောက်တော့လည်း ရလာမှာပေါ့ ဟုတ်ဘူးလား“ မိသင်းအမေရဲ့ဂရုစိုက်မှုကြောင့် မိစုပျော်ခဲ့ရ ပါတယ် ။အခုလို မေမေအိမ်ပြောင်းရင်း အလှုပ်ရှုပ်နေချိန်မှာ မိစုကိုလည်း အားပေးရှာသားပဲ ။

“ဒါဆို အန်တီ သမီးအိမ်ပြန်တော့မယ်နော် ။ ကျူရှင်က တစ်နာရီမှ ဆိုတော့ မိစုထမင်းပြန်စားလိုက်ဦးမယ် ။“
ဝိုင်းကျူရှင်က မိသင်းတို့အိမ်မှာ သင်ဖြစ်တာပါ ။ အပေါ်ထပ် တစ်ထပ်လုံး အားနေတော့ အဆင်ပြေတယ် လေ။ မိစုတို့ ကျုရှင်က ၁၀ ယောက်ပဲရှိတယ်။ အားလုံးရန်ကုန်ကလူတွေချည်းပါပဲ ။ စာတော်ကြတယ် ။

“မိစုရယ် ဒီနေ့အိမ်မှာစားပါလား ။ပြီးတော့ တစ်ခါတည်း စာဆက်သင်လိုက်ပေါ့ ဟုတ်လား။ နေကလည်း ပူက ပူနဲ့ တစ်ခါတည်း အိမ်လိုက်ခဲ့နော် မိစု“ မိသင်းမေမေက မိစုကို အရမ်းဂရုစိုက်နေသလိုပဲ ။

“ရပါတယ် အန်တီရဲ့ မိစုလေ..ဒီနေ့ မိသားစုနဲ့ အတူတူ လက်ဆုံစားရမှာ ။မစားရတာ ကြာပြီအန်တီရဲ့“ ။

“အေး..အေး ဒါဆိုလဲ အန်တီလိုက်ခဲ့ပေးမယ်။ လာသမီး သင်းသင်း မေမေတို့ မိစုတို့အိမ်ကိုလိုက်သွားရ အောင် “ သင်းသင်းလဲ မယောင်မလည်နဲ့ မိစုတို့အိမ်ကိုလိုက်လာတယ် ။ အိမ်ရောက်တော့ ကိုကိုက အိမ်ရှေ့ မှာထိုင်လို့ ။“ ညီမလေးထမင်းစားပြီး ကျူရှင်သွားတော့ “ တဲ့ ။ ဖေဖေတို့ရောလို့မေးတော့ အပြင်သွားတယ် တဲ့ ။ မိစုလည်း ထမင်းစားပြီး အန်တီတို့နဲ့ ပြန်လိုက်သွားတယ် ။ မိစုစိတ်ထဲမှာ တစ်မျိုးကြီးပဲ ။ မိစုအတွေးလွန် တာနေမှာပါ ။ ထမင်းအတူမစားရလို့လျှောက်တွေးတာနေမှာ ။ မိစု စာသင်တဲ့ဆီကိုပဲ စိတ်နှစ်ထားလိုက်တယ်။ ညနေစာသင်ချိန်ပြီးလို့ မိစုအိမ်တန်းပြန်ခဲ့တယ်။

“ဟော မိစုပြန်လာပြီ “။ အိမ်ဝကဆီးကြိုနှုတ်ဆက်သူက ဖေဖေ့အစ်ကို ရဲ့အမျိုးသမီးပါ ။ “မိစု ပင်ပန်းလာတယ် ရေချိုးလိုက်ဦး ပြီးရင်အန်တီနဲ့ အပြင်လိုက်ခဲ့ ဟုတ်ပြီလား “ ။ “ဟုတ် အန်တီ “ ပဲပြောပြီး ရေချိုးပြီး အန်တီနဲ့ အ ပြင်လိုက်သွားပါတယ် ။ဘယ်သွားနေလဲ ဘာလုပ်ဖို့လဲ တွေမမေးတော့ပါဘူး ။ အကြောင်းရှိလို့ နေမှာပေါ့ ဆိုပြီး နောက်ကနေပဲလိုက်ခဲ့တာ ။ ကိုယ့်အတွေးနဲ့ကိုယ် ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ဘူး ။ သတိထားမိ တော့ ဒီလမ်းကို မိစုသိသလိုပဲ ။ဒါဆေးရုံသွားတဲ့လမ်း မဟုတ်လား ။

“အန်တီ..အန်တီ...အန်တီ “ အန်တီက မထူးပါဘူး ။မကြားတာလား မကြားချင်ဟန်ဆောင်တာလားတော့ မသိ ပါဘူး ။ အန်တီနောက်က အပြေးလိုက်ပြီး

“အန်တီ အခုဘယ်သွားနေတာလဲ ။ဘာလုပ်မလို့လဲ ။ မိစုကို နဲနဲတော့ ပြောဦးလေ “ လို့မေးတော့ အန်တီက မိစုကို တစ်ချက်ကြည့်တယ် ။ ပြီးတော့ မဖြေပါဘူး ။ ဘာလဲ မိစုကို ဘာလို့ အဲလို ကြည့်ရတာလဲ ။ အန်တီ့ အကြည့်က ဘယ်လို အကြည့်ကြီးလဲ ။မိစု နားမလည်နိုင်တော့ပါလား ။ဘာတွေ ဖြစ်ကုန်ပြီလဲ ။ ဘာမှစဉ်စားလို့ မရတော့ပါလား ။ ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ ။ မိစုကိုခေါ်လာတော့ မိစုနဲ့ပတ်သတ်မှုတော့ရှိရမယ် ။ အို... ဘုရား ဘုရား နေ့လယ်ကတည်းက ဖေဖေနဲ့မေမေလည်း ရှိမနေကြဘူး ။သူတို့များ တစ်ခုခုဖြစ်နေကြသလား။ မဖြစ်နိုင်ပါဘူးလေ သူတို့လည်း နေကောင်းကြပါတယ် ။ တည့်တည့်လျှောက်နေရင်းက ဘယ်ဘက်ကိုရုတ်တ ရက်ချိုးကွေ့လိုက်လို့ မိစုလဲလိုက်အ၀င် အခန်းထဲမှာ

“ဟင်..ဖေဖေ“ ။ “ ဖေဖေဘာဖြစ်တာလဲ ။ဖေဖေဘယ်လိုဖြစ်တာလဲ ။ တစ်ကိုယ်လုံးလည်း ပတ်တီးတွေဖွေးလို့ ပါလား ။မျက်နှာတွေမှာလည်းသွေးတွေနဲ့ ဖေဖေ..ဖေဖေ စကားရောပြောနိုင်သေးရဲ့လား ဖေဖေရယ်“ ။

“မေမေ ...ဖေဖေဘာဖြစ်တာလဲ မိစုကိုပြောပါဦး ။ တစ်ကိုယ်လုံးလည်းသွေးတွေနဲ့ ပတ်တီးတွေနဲ့ မြင်လို့ကို မကောင်းတော့ဘူး ။ ဘာဖြစ်တာလဲ ဟင်မေမေ “ လို့မိစုက ရှိုက်ကြီးတငင်မေးတော့

“စိတ်အေးအေးထားပါ သမီးရယ် ။ ဖြစ်ချိန်တန်လို့ဖြစ်လာတာတွေ ပဲမဟုတ်လား ။အခု မေမေတို့လုပ်ရမှာက သမီးဖေဖေ့ကို ဂရုစိုက်ပြုစုရမယ် ။ပြီးတော့ မေမေတို့ရှေ့ဆက်ဘယ်လိုတွေ ဘ၀ခရီးကို လျှောက်လှမ်းကြမလဲ ဆိုတာတွေကို စဉ်းစားရမယ် သမီးရယ် ။ သမီးဖေဖေ ခုလိုဖြစ်သွားပြီဆိုတော့ မေမေတို့ပဲလှုပ်ရှားရတော့မယ်။ ပြီးတော့ ဆေးဖိုးစရိတ်တွေကလည်းရှိသေးတယ် မဟုတ်လား ။ ၀မ်းနည်းနေတာထက် မေမေတို့ ရင်ဆိုင်ဖို့ အားမွေးရမယ်နော် သမီး ။“

“ဟုတ်...မေမေ “ ။ ဖေဖေ့ကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ပတ်တီးတွေ ၀န်းရံလို့ နာကျင်ခြင်း ဝေဒနာကို အလူးအလဲ ခံစားနေရရှာတယ်။ ဖြစ်ရလေ ဖေဖေရယ် မိစုကိုသိပ်ချစ်တဲ့ ဖေဖေ တစ်ယောက် မုန့်ဖိုးပါမသွားတဲ့ မိစုကို လိုက်ပေးရင်းနဲ့မနက်စောစော စပယ်ယာတစ်ယောက်ရဲ့ မမောင်းတတ်ပါဘဲ ရမ်းကားစွာ မောင်းနှင် လိုက်တဲ့ကားတစ်စီးရဲ့အရှိန်ကြောင့် ဖေဖေလေ တစ်ကိုယ်လုံးလဲ ဒဏ်ရာတွေနဲ့ နံရိုးတွေလဲ ကျိုးလို့။ ဖေဖေ စီးလာတဲ့ စက်ဘီးကတော့ အရှိန်နဲ့အတိုက်ခံရအပြီး သစ်ပင်နဲ့ ၀င်ဆောင့်လို့ ရစရာမရှိအောင် ကိုပျက်ဆီး သွားခဲ့ပြီလေ ။ ဒီလောက်ဆို ဖေဖေ့ အတိုက်ခံလိုက်ရတဲ့ အရှိန်ကို သမီး ခန့်မှန်းလို့ရပါတယ် ။

ဒါကြောင့်ထင်တယ် မနက်က မိစုတို့ ကျောင်းသွားတဲ့လမ်းမှာ လူတွေဝိုင်းအုံကြည့်နေကြတာကိုး ။ သမီးက တော့ သူငယ်ချင်းနဲ့အတူ ပြုံးပျော်စွာ ကျောင်းသွားနေတဲ့အချိန်မှာ ဖေဖေကတော့ သွေးအိုင်ကြားမှာ အသက် လုနေရတာ သမီးမှမသိခဲ့တာ ။သမီးသိခဲ့ရင် ဖေဖေ့ကို ဘယ်ဒီလို ထားခဲ့မလဲ ။ မိစုကိုခွင့်လွှတ်ပါ ဖေဖေရယ် ။ သမီးကြောင့် ဖေဖေခုလို ဖြစ်ရတာပါ ။ မိစုမုန့်မစားရလို့ ဘာမှမဖြစ်ပါဘူး ။အခုတော့ အီး...ဟီး..ဟီး...။

မိစု ငိုနေတဲ့ အခန်းထောင့်လေးကို မေမေ ရောက်လာတယ် ။ “သမီး..အိမ်ပြန်တော့နော် ။စာကျက်ရဦးမယ် မ လား ။အန်တီ သမီးကို စောင့်ပေးလိမ့်မယ် ။သမီးကိုကိုလဲရှိတာပဲ ။အားမငယ်နဲ့နော် သမီး “ ။

“ကဲ..ကဲ ...သွားကြတော့ “ ။

“ဟုတ် မေမေ “ လို့ပြောပြီး အန်တီရယ် မိစုရယ် ကိုကိုရယ် အိမ်ပြန်ခဲ့ကြတယ် ။ အန်တီကတော့ အားပေးပါ တယ် ။ဒါပေမဲ့လေ မိစုတို့အိမ်ရဲ့အဓိကဖြစ်တဲ့ ဖေဖေခုလိုဖြစ်သွားတော့ မိစုတို့ဘာပဲပြောပြော အားငယ် တာပေါ့ ။ နောက်ဆက်တွဲ ပြသနာက စီးပွားရေးလေ ။ ဖေဖေခုလိုဖြစ်သွားတော့ ပန်းထိမ်ဆိုင်လည်း မဖွင့်တော့ ဘူး ။ ဦးလေးကလည်း မိစုရဲ့ ကျောင်းစရိတ်ပဲ ပေးမှာမဟုတ်လား ။အဲဒါတောင် သူ့မိန်းမကြည်ဖြူတာ မ ဟုတ်ဆိုတော့ တစ်ခုခုလုပ်ဖို့လိုအပ်နေပြီ ။ဖေဖေကဆေးရုံမှာ ဆေးဖိုးစရိတ်ကတော့ ရှိတာလေးတွေ ရောင်းချ ထားတာပဲ ။လောက်မှာပါ ။ ဖေဖေ ဆေးရုံက ဆင်းလာရင်လည်း ဘာမှလုပ်နိင်တော့မှာ မဟုတ်ဘူးဆိုတော့ ကိုကိုအလုပ်ရှာရပြီပေါ့ ။

လတ်တလော ပြသနာတွေကြောင့် ရရာအလုပ်ကို လုပ်ရတော့မှာပဲ ။ တစ်ခါမှ သူများလက်အောက်မှာမလုပ်ဖူး တဲ့ကိုကို ...လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ဆိုင်ရှင်ရဲ့ ကြမ်းကြမ်းတမ်းတမ်းပြောဆို မှုကိုခံခဲ့ရတယ် ။ အလုပ်အတွေ့အကြုံမရှိတဲ့ကိုကိုက အောက်ခြေအဆင့်ဆိုတော့ လူတကာရဲ့ ခိုင်းဖတ်အဖြစ်နဲ့ ဘ၀ကိုအံကြိတ် ခံရင်း အိမ်ကိုလည်း ခံစားချက်တွေကို အသိမပေးခဲ့ဘူး ။ မိစုတို့ရွာမှာ ဈေးရောင်း စားတာအေးဆေးပါပဲ ။စား နိုင်သောက်နိုင်ပါတယ်။ ဖေဖေ ပန်းထိမ်လုပ်တဲ့ လခ တွေလည်းရတယ်လေ။ ကိုကိုက ဖေဖေ့ဆီက ပညာအ မွေကို ယူနေဆဲ မိစုပညာရေးကြောင့် ပြီးတော့ တစ်ရွာပြောင်းလို့ သူကောင်းများ ဖြစ်မလားဆိုပြီး ပြောင်းလာ လိုက်တာ မိစုတို့ ကံမကောင်းခဲ့ပါဘူး ။ဖြစ်သမျှအကြောင်းအကောင်းကြီးပဲ မဟုတ်ပေမဲ့ ရင်ဆိုင်ရုံမှ တစ်ပါး ဘာများလုပ် နိုင်မှာမို့လဲ။

နောက်တစ်လ လောက်ကြာတော့ ဖေဖေဆေးရုံက ဆင်းရတယ် ။နံရိုးကျိုးထားတော့ အလေးအပင်လဲ မ.လို့မ ရဘူးလေ ။ ဒဏ်ရာတွေကတော့ ကောင်းစပြုလာပါပြီ ။ ဖေဖေလဲ မိသားစုအတွက် အတော်လေး စိတ်မကောင်း ဖြစ်နေတယ်။ ပြောင်းလဲသွားတဲ့ ကံကြမ္မာကြောင့် ခံစားနေရတဲ့ ခါးသီးမှုတွေကို ဖေဖေမြင်နေရတာကိုး ။ ပါလာ သမျှတွေလဲ ဆေးဖိုးရှင်းလိုက်ရလို့ကုန်ပြီလေ ။ မေမေဈေးရောင်းဖို့အရင်းအနှီးတောင် မရှိတော့ပါဘူး ။ ကိုကို့ လုပ်အားခ ကလည်း မိသားစုစားဝတ်နေရေးအတွက် မနည်းခြိုးခြံစားတာတောင် သိပ်မလောက်ချင်ပါဘူး ။

နောက်ဆုံး ဖေဖေ့အစ်ကို့ဆီက ပိုက်ဆံနည်းနည်းချေးပြီး လမ်းထိပ်မှာ မေမေမုန့်ဟင်းခါးရောင်းဖို့စီစဉ်ရတယ် အိုးခွက် ပန်းကန်တွေက အစ ၀ယ်ရတော့ ချေးသမျှပိုက်ဆံကုန်လုနီးပါးပေါ့ ။ဒီလိုနဲ့ မေမေက လမ်းထိပ် က မုန့်ဟင်းခါးသည်ဖြစ်သွားတယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ တတ်တယ်ဆိုတာ မိစုယုံသွားတယ် ။ တစ်နေ့တစ်နေ့ စားစရိတ်တွေ အိမ်လခ တွေ အလျှင်မီအောင် ပေးနိုင်ဖို့မေမေရောင်းတဲ့ မုန့်ဟင်းခါး အမြတ် ကမလုံလောက်ခဲ့ပါဘူး ။ နာမည်ရပြီးသား မုန့်ဟင်းခါးသည်တွေ ကြားမှာ မေမေ့ မုန့်ဟင်းခါးကို အားပေးမယ့် သူ နည်းပါတယ်။

မေမေချက်တဲ့ မုန့်ဟင်းခါးက ရန်ကုန်သူတွေချက်တဲ့ မုန့်ဟင်းခါးနဲ့မတူပါဘူး ။ ဟင်္သာတ မုန့်ဟင်းခါး ပါ ။ တကယ် အရသာရှိပါတယ် ။ မေမေဟာ သဘောကောင်းတယ် ။ စေတနာပါတယ် ။ ဖော်ရွေတယ် ။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတော့ မုန့်ဟင်းခါးသည် အဖြစ်က စွန့်လွှတ်ခဲ့ရတယ် ။ အကြောင်းကတော့ လုံး ပါးပါးရင်း အရှုံးတွေကြားမှာ ကြာရှည်မရပ်နိုင်တော့တာပါ ။ မေမေလေ မိစုတို့ကွယ်ရာမှာ ပုန်းပုန်းပြီးငိုနေတာ မိစုတွေ့တယ် ။ ကိုကိုလဲစိတ်ညစ်တာ မိစုသိတာပေါ့ ။ လကုန်ခါနီးဆိုရင်လေ အိမ်လခ ပေးဖို့မရှိလို့ မိစုဆီက လက်စွပ်လေး တောင်းသွားသေးတယ် ။ ရောင်းလိုက်ရမှာပေါ့ ။မိစု သိပါတယ် ။ မိစုရေအိမ်ထဲမှာ တိတ်တိတ်လေးကြိတ်ငိုခဲ့တာ မေမေသိပေမယ့် မသိချင်ယောင်ဆောင်နေရတဲ့ အခြေအနေမျိုးဖြစ်ခဲ့တာ။

ဆယ်တန်းကျောင်းသားတစ်ယောက် ဆိုတာ အထက်တန်းမှာ အရေးအကြီးဆုံး မဟုတ်လား။ အင်နဲ့အား နဲ့ကြိုးစားနိုင်မှ တစ်နေ့စာကို တစ်နေ့ မှန်မှန်ကျက်မှတ်နိုင်မှ တော်ကာကျတာမလား။ အဲဒီအချိန်မျိုးမှာ မိစု ခံစားနေရတဲ့ အားငယ်မှုတွေ ကျပ်တည်းနေတဲ့ မိစုတို့အိမ်ရဲ့စီးပွားရေးအခြေအနေတွေ သိပ်ကိုခါးသီးလွန်းပါ တယ် ။ ဒီအချိန်မှာ မိစုဘာမှ အကူညီနိုင်ခဲ့ဘူး ။ ကိုယ်အဆင်မပြေတိုင်း သူများကို အပူကပ်ရတာလည်း မျက် နှာပူလှပါပြီ ။လကုန်တိုင်း ဦးလေးဆီက ကျောင်းလခကို မျက်နှာငယ်စွာ တောင်းရင်း ဦးလေးမိန်းမနဲ့ သူ့သမီး တွေရဲ့ အမြင်မကြည်မှုကိုလည်း မိစု မခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မိစုငုံ့ခံရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး ။ အ ခြေအနေက ဖန်လာခဲ့ပြီကိုး ။

တစ်နေ့တော့ မေမေ ကန်စွန်းရွက်တွေ ၀ယ်လာတာတွေ့တယ် ။ပြီးတော့ မုန်လာဥ လေးတွေ ။ စနွမ်းတက် တွေရော စုံလို့ပါပဲ ။ “ ဒီလောက်အများကြီး မေမေ ဘာလုပ်ဖို့လဲ“ လို့မိစုမေးတော့ မေမေက ဖြေတယ်

“သမီး... မေမေလေ သမီးတို့ကိုချဉ်ပတ်ထည့်ပြီး ရောင်းကြွေးမယ်တဲ့“ လေ ။ဖြစ်မှဖြစ်ရလေ မေမေရယ် ။ အရင်းမရှိတဲ့ မေမေ အရင်းအနှီးနည်းတဲ့ အရွက်တွေဝယ်ရင်း ချည်ပတ်ရောင်းကြွေးဦးမလို့တဲ့လား ။ “သူများတွေကိုလည်း ဒုက္ခမပေးချင်တော့ပါဘူး သမီးရယ် “တဲ့ ။

“မေမေသမီးတို့ကို မငတ်အောင်တော့ ကြွေးသွားနိုင်ပါတယ်“တဲ့လေ ။ မိစုတို့ရဲ့ ထမင်းဝိုင်းက ဟင်းဟာ နေ့တိုင်းတူညီနေတတ်ပါတယ် ။ ခရမ်းချဉ် သီးကို ငါးပိနဲ့ရောရင်း ငြုတ်သီးနဲ့ရောမွှေထားတဲ့ ဟင်းကို မိစုတို့ သရက်သီးစိမ်းလေး အတို့လုပ်လို့ မိစုမေ မေ ရောင်းတဲ့ ချဉ်ပတ်ကို အဖော်လုပ်ပြီး စားခဲ့ရတယ် ။

တစ်ခါတစ်လေများ ချဉ်ပတ်ရောင်းကောင်းတဲ့ နေ့များ ဆိုရင်လေ မေမေက ခရမ်းသီးတွေပ်ါလာတတ်တယ် ။ခရမ်းသီးနှပ် ချက်တဲ့နေ့ဟာ မိစုတို့အိမ်မှာ ဟင်း ကောင်းချက်တဲ့နေ့ပါ ။ အဲဒီနေ့ဆို မိစုသိပ်ပျော်တာပဲ ။ ဟင်းပြောင်းပြီး စားရလို့ပါ ။ မိစုတို့အိမ်က ငါးပိဖုတ် ပြီဆိုရင် ဘေးအခန်းက အိမ်ငှားတွေက လည်း သိပ်ပြောတာပဲ ။အနံ့ထွက်တယ်တဲ့ ။အဲဒါကြောင့် မိစုမေမေ က ခရမ်းချဉ်သီးနဲ့ ငါးပိနဲ့ရောမွှေထားတဲ့ဟင်းကို တစ်ခါချက်ရင် အများကြီး ချက်ထားလေ့ ရှိတယ်လေ။

တူညီတဲ့ဟင်းတစ်မျိုးတည်းကို ရက်ပေါင်းများစွာ စားရင်း ၊ ငွေမရှိလို့မျက်နှာငယ်ရတဲ့ မိစုတို့ဘ၀ ဘာများ ဆက်ဖြစ်ဦးမှာလဲ ။ ဒုက္ခတွေကို ခံစားရလွန်းတဲ့မေမေလဲ အသက်ကြီးပါပြီ ။ မိစုဆယ်တန်းအောင် ရင်လေ မေမေ့ကို ချဉ်ပတ်ရောင်းတဲ့ဘ၀ကလွတ်အောင် မိစုကြိုးစားမယ် ။ မေမေ့လို မိခင်ကောင်းတစ်ယောက်ရဲ့ ဘ၀ကို ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓါတ်မျိုး မိစု မွေးမယ် ။ ပြီးတော့ နေမကောင်းလို့အလုပ်လုပ်မလုပ်နိုင်တဲ့ဖေဖေ့ကို အား မငယ်အောင် မိစုအလုပ်လုပ်ရင်း အားပေးသွားမယ် ။ကိုကိုလည်း ကြာလာရင် အလုပ်အတွေ့အကြုံတွေ ရှိပြီးဖြစ်လို့ အလုပ်တစ်နေရာ ကောင်းကောင်းတော့ ရဦးမှာပါ ။

အဲဒီအတွေးစိတ်ကူးတွေ နဲ့မိစု စာကျက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ။ဖေဖေကတော့ ကုလားထိုင်ပေါ်မှာ ခပ်ငေး ငေးလေး ။ မေမေ့ကို ကြည့်လိုက်တော့ မီးပျက်ညမှာ ဖယောင်းတိုင်လေး ထွန်းရင်း ကန်စွန်းညွန့်လေးတွေ တ ကုပ်ကုပ်နဲ့ထွင်လို့ ချဉ်ပတ်ထည့်ဖို့ ပြင်ဆင်နေလေရဲ့ ။ကိုကိုတစ်ယောက်တော့ တစ်နေကုန် ပင်ပန်းလွန်းလို့ အိပ်ပျော်နေပြီ။

မိစုတစ်ယောက်ကတော့ အတွေးကမ္ဘာထဲမှာ စီးမျောရင်း စာတွေက ပေါ်လာလိုက် ပျောက်သွားလိုက်..........

ဝါသနာကို အဖြေရှာတော့ ရင်ထဲကထွက်ပေါ်လာတယ် ...........“ခံစားမှုအနုပညာ“တဲ့။ ဟိုးငယ်ငယ်ကလေးဘ၀ကတည်းက ဇာတ်ခုံပေါ်မှာ ကွေးနေအောင် ကခဲ့ဘူးတယ်။ ပွဲတော်တွေတိုင်းနွှဲခဲ့ဘူးသလို ဖျော်ဖြေရေးတွေမှာ လည်းပါဝင်ခဲ့ဖူးတာဟာ ၀ါသနာရဲ့တိုက်တွန်းမှုကြောင့်ပါ။ အနုပညာနဲ့ပတ်သက်ရင်ဝါသနာပါတယ်ပေါ့လေ။ ဒါပေမဲ့ ဒီအနုပညာဝါသနာကိုရင်ထဲမှာပဲ မွေးမြူထားရင်း ငြိမ့်ငြိမ့်လေးပဲခံစားမိတယ် ။ မြန်မာမှုအနုပညာတွေကို ၀ါသနာပါသလို ကိုယ်ကိုယ်တိုင်လည်း ဖန်တီးချင်ခဲ့မိဖူးတယ် ။ သို့ပေမဲ့...တကယ်ဖြစ်လာဖို့က အခြေအနေလို တယ် ပံ့ပိုးမှုတွေလိုတယ်လေ ။ ဒါတွေဟာစိတ်ကူးယဉ်မှုတစ်ခုဖြစ်လိမ့်မယ် လို့လည်းတွေးမိခဲ့ဖူးတာပဲ ။ ဒါပေမဲ့ ၀ါသနာကတော့ ၀ါသနာပဲမဟုတ်လား ။

ငယ်ငယ်တုန်းက ကွေးနေအောင်ကခဲ့ဖူးပေမဲ့ အသက်ကြီးလာတော့ က .ချင်စိတ်တွေ မရှိတော့ပါဘူး။ သီချင်းအေးအေးလေးတွေခံစားရင်း ကျေနပ်တတ်လာတယ် ။ အဆွေးတေး လေးတွေ ညည်းရင်း လွမ်းတတ်လာ တယ်။ အရွယ်ရောက်လာတော့ ရင်ခုန်မိတာက “ဖက်ရှင်“ ။ မောဒယ်လ်တွေကို သဘောကျလာတယ် အားကျ မိလာတယ် ။ သူတို့လို ဖြစ်ချင်မိတယ် ။ ဖက်ရှင်ဆန်ဆန် ၀တ်စားဆင်ယင်မှုတွေ နဲ့စတိုင်လ် ကျလှတဲ့ လမ်း လျှောက်ဟန်တွေဟာ သမီးပျိုရဲ့စိတ်ကို လန်းဆန်းစေတယ် မြူးကြွစေတယ်။ သူတို့လို သွက်လက်မြူးကြွတဲ့ ဟန်ပန်တွေကိုရင်ခုန်မိတယ်။ ဒါတွေက ၀ါသနာတစ်ခုထဲကြောင့် ဖြစ်ပေါ်လာတဲ့ ခံစားမှုသက်သက်ပါ။

ဒါတွေရဲ့ နောက်ဆက်တွဲ ၀ါသနာတစ်ခုက လူတစ်ယောက် စတိုင်လ်ကျလှပစေဖို့ အဓိကသော့ချက်ဖြစ်တဲ့ ဒီ ဇိုင်းပါ ။ လူတစ်ယောက်ရဲ့ပင်ကိုအလှကို တောက်ကြွားသွားအောင် အဓိက ပံ့ပိုးပေးတာက ၀တ်စား ဆင်ယင်မှု အနုပ ညာ ပါ။ ကိုယ့်ပင်ကိုယ် အရည်အချင်းကို ပြသခွင့်ရတဲ့ ဒီဇိုင်နာ တစ်ယောက်ဖြစ်ချင်ခဲ့ပါတယ်။ မေမေ့ရဲ့ အကူအညီကြောင့် အ၀တ်အစားဖန်တီးတဲ့ ပညာတစ်ရပ်ကို တတ်မြောက်သင်ယူနိုင်ခဲ့ပါတယ် ။ အသက်၁၆ နှစ် ကစလို့ ကိုယ့်ဒီဇိုင်းကိုယ် ဖန်တီးနိုင်ခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ် ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ခဲ့ ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမတက်ရောက်ဖြစ်ခဲ့ပါဘူး ။ ဖြစ်သင့်တာတွေနဲ့ ဖြစ်ချင်တာတွေ ရဲ့ကြား ထဲမှာ လွန့်လူးရင်း တကယ့်ဘ၀လက်တွေ့ကျတော့ ဖြစ်သင့်တာကိုပဲ လုပ်ခဲ့ရတယ်လေ ။

ရှေ့ပိုင်းကဖော်ပြခဲ့တာတွေကတော့ စိတ်ပိုင်းဆိုင်ရာခံစားမှုနဲ့ဆိုင်တဲ့ ၀ါသနာတွေပါ။ ၀ါသနာကိုအရင်းခံပြီး ရှေ့ဘ၀ခရီးကို ဆက်လျှောက်ရမယ်ဆိုရင်တော့ ၀ါသနာနဲ့ထပ်တူ ဘ၀ရဲ့ရည်မှန်းချက်တွေပါ ရောယှက်လာ တယ် ။ ဖစ်စစ်ကယ်ပိုင်း ဆိုင်ရာ ၀ါသနာ သို့မဟုတ် စိတ်ဓါတ် ကိုပြောရရင်တော့ ဟိုးငယ်ငယ်ကလေးဘ၀ ကပြန်စရဦးမယ် ထင်တယ် ။ ဗွီဒီယို ဇတ်လမ်းတွေ ကြည့်တိုင်း ကြိုက်တတ်တာက လူရွှင်တော်တွေရဲ့ ဟာသ တွေနဲ့အတူ သူရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ဇတ်ကြမ်း ။ဇတ်ကြမ်းဆိုတဲ့နေရာမှာ လူမိုက်တွေ ထိုးကြိတ်သတ်ဖြတ် တာမျိုးမဟုတ်ပါဘူး။ ထက်ထက်မြက်မြက်ရှိလှတဲ့ မိန်းမတစ်ယောက်ရဲ့ ကာရိုက်တာမျိုး ၊ ပြီးတော့သတ္တိရှိရှိနဲ့ ရင်ဆိုင်ကျော်လွှား အောင်မြင်သွားတဲ့ မိန်းမတစ်ယောက်လို ကာရိုက်တာမျိုး ၊ ယောင်္ကျားတစ်ယောက်နဲ့အပြိုင် စီးပွားရေးဘက်မှာရင်ဘောင်တန်းနိုင်အောင် အရည်အချင်းရှိတဲ့ ခပ်ထက်ထက် မိန်းမလို စရိုက်မျိုး...အဲဒီလို ကား တွေဆို သိပ်ကြိုက်ခဲ့တာ ။

အရမ်းနုရွနေရင်မကြိုက်ပါဘူး ။ ခုချိန်ထိ ၀တ္ထုတွေ ငှားရင်ဇတ်သိမ်းမှာ ...“သိပ်ချစ်တာပဲ မောင်ရယ်“ တို့ “ချစ်လွန်းလို့ မခွဲနိုင်တော့ဘူးကွာ“ တို့လိုမျိုး ချွဲချွဲနွဲ့နွဲ့တွေနဲ့ဇတ်သိမ်းထားရင်လုံးဝ မငှားပါဘူး ။ အချစ်အ ကြောင်းတွေပဲသက်သက်ရေးထားမှာစိုးလို့ပါ ။ လွန်းထားထား ၀တ္ထုတွေကို အရမ်းကြိုက်ခဲ့တာ ။ ခပ်ထက်ထက် မိန်းမတစ်ယောက် အကြောင်းတို့ မာနကိုအထိမခံနိုင်တဲ့ စရိုက်နဲ့ အောင်မြင်တဲ့မိန်းမ တစ်ယောက် အ ကြောင်းတို့ဖတ်ရလို့ပါ။ ကိုယ့်အကြိုက်နဲ့တူတာကိုး..။ အဲဒီဇတ်ကောင်တွေ အတိုင်းလည်း ဖြစ်နိုင်ဖို့ ကြိုးစား မှာပါ ။ အီစီကလီအချစ်အကြောင်းတွေရေးထားတာတွေကို ဖတ်ရတာထက် အတုယူနိုင်မယ့် စိတ်ဓါတ်မျိုး နည်း လမ်းကောင်းတွေပေးတဲ့ အချစ်မျိုး အောင်မြင်အောင်ဘယ်လိုကြိုးစားပြသွားတာ ...ဆိုတဲ့ဝတ္ထုမျိုးတွေကို ကြိုက် တာပါ ။

အမှန်အတိုင်း ၀န်ခံရရင် အောင်မြင်ချင်တယ် ။ ထက်မြက်ချင်တယ် ။ တိုးတက်ကြီးပွားချင်တယ် ။ ထက်မြက်တဲ့ မိန်းမတစ်ယောက် အဖြစ်နဲ့ အောင်မြင်မှုရအောင်ကြိုးစားချင်တာပါ ။ ဒါကတော့ ဘ၀အတွက်ရည်းမှန်းချက်ပါ ။ ဒီလိုဘ၀မျိုးပိုင်ဆိုင်ဖို့ ကိုယ်လျှောက်ရမယ့် လမ်းကြောင်းကိုရွေးချယ်ဖို့ ဆိုတာ အခွင့်အရေးလိုတယ် ကံလို တယ် ပြီးတော့ကြိုးစားမှု ဒါတွေပေါ်မူတည်ပြီး အကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖန်တီးဖို့ပါ ။ ယနေ့ ဒီနေ့ ဒီအ ချိန်အခါအထိတော့ ဖြစ်လာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံးကြိုးစားနေပါတယ် ။ ဘယ်လိုဘ၀မျိုးနဲ့ ခရီး ဆက်မလဲဆိုတာကတော့ ကိုယ်ကိုယ်တိုင်လဲမသိသေးပါဘူး ။ ဘာဖြစ်ချင်လဲလို့မေးတိုင်းဖြေလေ့ရှိတဲ့ အဖြေ တစ်ခုရှိပါတယ် ။ အဲဒါကတော့ “အောင်မြင်ပြီး ထက်မြက်တဲ့ စီးပွားရေးသမားကောင်း တစ်ယောက်ဖြစ်ချင်ပါ တယ်“ လို့ဖြေလေ့ရှိခဲ့ပါတယ် ။

စီးပွားရေးနဲ့ကျောင်းပြီးထားလို့ စီးပွားရေးလိုင်းမှာပဲအောင်မြင်နေမလား ....ဒါမှမဟုတ် ၀ါသနာကို အရင်းခံ ရင်း ဖက်ရှင်ဒီဇိုင်းနာ အဖြစ်နဲ့ မောဒယ်လ်လောကမှာပဲ ကျင်လည်နေမလား ဆိုတာကတော့ ကြိုးစားရင်း စောင့်ကြည့်မှာပါ။ ပေးလာတဲ့အခွင့်အရေးပေါ်မူတည်လို့ ဘ၀ရဲ့ရေစီးကြောင်းထဲမှာ ပဲ့ကိုင်ရင်းအကောင်းဆုံး ဖြစ်အောင်ကြိုးစားသွားမှာကတော့ သေချာနေပါတယ် ဆိုတာပါပဲ။ အောင်မြင်မှုကတော့ရကိုရမယ် သူ့ဆီကို အခုမရောက်သေးတာပဲရှိမယ် ။ဒါကတော့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် သို့မဟုတ် ရည်မှန်းချက်ပေါ့လေ ။ ဖြစ် အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်လေးပဲ ရင်ထဲမှာ စွဲထားတယ် ပြီးတော့ ကြိုးစားမယ် ။ဒါပါဘဲ ဘာလိုသေးလဲ ။ တစ်နေ့ရမှာလေ။ ရောက်အောင်သွားရုံပဲ ရှိတယ်။ အဲဒီနေ့ ရောက်လာမှာပဲ ။ပြီးပြီပေါ့ ။

ဒီပို့စ်လေးကတော့ သူငယ်ချင်း ထင်လင်းအောင် တက်ခ်ထားတဲ့ “၀ါသနာကိုအရင်းခံ၍“ ဆိုတဲ့ပို့စ်လေးပါ ။ အညို တက်ခ်ထားတဲ့ ”နောင်အနှစ်၂၀ ကြာသော်“ ဆိုတဲ့ ပို့စ်ကတော့ ဒီအထဲမှာပဲ အကျုံးဝင်သွားတာနဲ့ တစ်ခါ တည်း ပေါင်းရေးလိုက်ပါတယ် ။ နောင်အနှစ်၂၀ ကြာရင် သမီးပျို က ၄၆ နှစ်ပါ ။အဲဒီအချိန်လောက်ဆို သေချာ ပေါက် အောင်မြင်နေမှာပါ ။ ပေကြိုးတွေ ကတ်ကြေးတွေ ဒီဇိုင်းတွေနဲ့ပဲအလုပ်များနေမလား...စာရင်းဇယား တွေကြားထဲမှာ ပြိုင်ဆိုင်မှုတွေနဲ့ပဲ အလုပ်မအားဖြစ်နေမလား ဆိုတာကတော့ စောင့်ကြည့်ရုံမှတပါး အခြားမရှိ ပေါ့နော်......။

သမီးပျိုပျောက်သွားခြင်း အကြောင်းကား .......တောထွက်သွားခြင်းမဟုတ်ပါကြောင်းနှင့်အပြင်းထူနေခြင်း လည်းမဟုတ်ပါကြောင်းကြိုတင်အသိပေးအပ်ပါတယ် ။ဟဲဟဲ ။ အင်း... အကြောင်းအရင်းကိုပြောရရင်တော့ မြန်မာနိုင်ငံမှ ပြန်ရောက်ပြီးနောက်တစ်ရက် သမီးပျို နေထိုင်ရာဒူဘိုင်းမြို့မှ ရုတ်တရက်ပျောက်သွားခြင်းနဲ့ပတ် သက်လို့ ဒူဘိုင်းမြို့မှသူငယ်ချင်းတစ်ချို့က ရဲစခန်းတွင်လူပျောက်တိုင်ကြားရန်ပြင်ဆင်နေကြောင်းသိခဲ့ရပါ တယ်။ သမီးပျို၏မိုလ်ဘိုင်းဖုန်းအားခေါ်ကြားမရခြင်းနှင့်တကွ သတင်းတစ်စုံတစ်ရာမရရှိခြင်းတို့ကြောင့် သံသယ ဖြစ်နေကြကြောင်း သိခဲ့ရပါတယ်။

ဖြစ်စဉ်မှာ.....နံနက်စောစော ၆နာရီအချိန်ခန့်တွင်သမီးပျိုတစ်ယောက် ယူနီဖောင်းအပြည့်အစုံနှင့်အတူ အထုတ်အပိုးများဆွဲကိုင်လျှက် တက္ကစီ တစ်စီးအပြေးငှားကာ လေဆိပ်သို့စတန်းဘိုင်ဂျူတီထမ်းဆောင်ရန် သွားခဲ့ရပါကြောင်းနှင့် တစ်စုံတစ်ဦး၏ ဖျားနာမှုကြောင့်အစားထိုးဂျူတီထမ်းဆောင်ရန် လိုက်ပါသွားရခြင်းသာ ဖြစ်ပါကြောင်း ။ သမီးပျိုလိုက်ပါခဲ့ရသော ခရီးစဉ်မှာ ခရီးစဉ်တစ်ခုထဲမဟုတ်ပါပဲ မျောက်အုန်းသီးရသကဲ့သို့ အ ငြိမ်မနေရပါဘဲ ဟိုနိုင်ငံပြေးလိုက် ဒီနိုင်ငံမှာရပ်နားလိုက် နောက်တစ်ရက် ဟိုနိင်ငံကိုသွားလိုက် ညအိပ်လိုက် ဒီ နိုင်ငံကိုပြန်လာလိုက်နဲ့အလုပ်ကိုရှုပ်နေတော့တာပါပဲ။ သွားရတဲ့နိုင်ငံတွေကလည်းပြောချင်ပါဘူး အေးလိုက် တာလွန်ပါရော ။

သမီးပျို မြန်မာနိုင်ငံမှာတုန်းက မိုးတွေဆက်တိုက်ရွာလို့နေမကောင်းတကောင်းနဲ့ပြန်လာ လိုက်တာ ဒူဘိုင်းရောက်တော့ ဂျူတီကို တန်းဂိုးရတော့လည်း အေးလိုက်တာလွန်ပါရော။ နောက်ဆုံးဒူဘိုင်းကိုပြန်လာ မယ့်ဖလိုက်မှာ ပျော်ရွှင်စွာနဲ့ပြန်အလာ...အိုး...ဟိုး.....ပူလိုက်တာလွန်ပါရော ။ပူဆို ဒူဘိုင်းအပူနဲ့ ကင်း ကွာနေရတာ ကြာပြီကိုး....။ ဒါနဲ့ အိမ်တွင်းအောင်းပြီး စာရေးတော့မယ်လို့ကြံစဉ်ပြီး မကြာမှီအချိန်အတွင်းမှာ သမီးပျိုရဲ့ ပေါတောတော စာအချို့ကိုဖန်တီးပေးတဲ့ လက်ပ်တော့လေး ပျက်ဆီးခြင်းသို့ဆိုက်ရောက်သွားပါ တယ်။ သမီးပျိုကလုပ်ချင်တာကိုမလုပ်ရရင်စိတ်က အလိုလိုကလိကလိနဲ့နေတာပဲ။ ဒါနဲ့ ပျက်ရကောင်း လား
ဆိုပြီး သခွားသီးအခွံခွာတဲ့ဓါးနဲ့ လက်ပ်တော့ပ် နောက်ခြမ်းကိုဖွင့်တော့တာပဲ။ သိလို့တော့ဘယ်ဟုတ်မလဲ ။နဲနဲ ကလိကြည့်တာပါ ။ပွင့်သွားတော့လည်း စက်တွေပဲတွေ့တယ် ။ဘာမှလဲမတွေ့ဘူး ။ စဖွင့်ကတည်းက သိလို့ ဖွင့်တာမှမဟုတ်တာ ဟုတ်ဘူးလား ။ စက်တွေတွေ့တော့ ဘာမှမသိတဲ့အတူတူ ဟိုရိုက်ဒီရိုက်နဲ့ ရိုက်နှက်ပြီး ပြန်ပိတ်လိုက်တယ် ။ ကောင်းမလားဆိုပြီး ပါဝါပြန်ဖွင့်ကြည့်လိုက်သေးတယ် ။ ဘယ်ကောင်းလိမ့်မလဲနော် ပြင်မှ မပြင်ထားတာ ။ဒီလောက်တောင်ရှိတဲ့ လက်ပ်တော့ပ်ဆိုပြီင်္း ဘာလုပ်တယ်မှတ်လဲ ကိုင်ပေါက်လိုက်တာ မှတ်ကရော။ ဘာမှတော့ မဖြစ်ပါဘူး ။ဆိုဖာပေါ်ကို ပေါက်လိုက်တာဆိုတော့လေ။ ဟီးဟီး ။ စိတ်ညစ်လို့ငို လည်းငို ရိုက်လည်းရိုက်နဲ့ကြံရာ မရတဲ့အဆုံး ဆိုင်ကိုပဲဒုန်းဆိုင်းပြေးတာတန်းနေတာပဲ ။ သူတို့ကပြောတယ် ၁၅ ရက်ကြာမယ်တဲ့ ။ဘယ်လို လုပ်မလဲ ထားခဲ့ရတော့တာပေါ့ ။သမီးပျို လက်ထဲမှာရှိနေရင် ရိုက်တာနဲ့ တင် ကြေသွားနိုင်တယ် မဟုတ်လား။ ပြန်လာရာလမ်းမှာ လက်ဗလာနဲ့ပေါ့ ။ စာကလည်းရေးချင်သေးတယ် ။ ရေးလို့ကလည်းမရတော့ဘူး ဆိုတော့ ၀မ်နည်းပက်လက်နဲ့ အကြံထုတ်လိုက်တယ်။ ဘယ်ရမလဲ သူများဆီက ငှားမယ်ပေါ့ ဆိုပြီးငှားလိုက်တာ ကိုယ့်ဘလော့ကိုကိုယ်ဖွင့်မရလို့အွန်လိုင်းပေါ်ကဘလောက်ဂါ တွေအကူအညီ
နဲ့ဖွင့်ပြီးသကာလ မြန်မာဖောင့်ကလဲမရှိပြန်ဘူး ဆိုတော့ အစကနေပြန်လုပ်ရပြန်ရော ။ စာမရေးဖြစ်တော့ ဟို လူကအော် ဒီလူကဟောက်နဲ့ အွန်လိုင်းမှာလည်း ရန်တွေ့တဲ့သူတွေကလည်းအများသား ဆိုတော့ အမြန်လုံး နည်းနဲ့ ပန်းကန်လုံးစီးပြီး ရေးလိုက်ပြီနော် ။ အခုတော့အင်ထရိုပေါ့ နောက်မှပဲ ပေါတော့မယ် သပ်လား။

သမီးပျို မရှိတဲ့အချိန်မှာ သမီးပျိုရဲ့အိမ်လေးကို စောင့်ရှောက်ပေးကြတဲ့ ဘော်ဒါဘော်ကြွတ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ် ။အရမ်းလည်း ပိုချစ်သွားတယ် ။ ပျော်လည်းပျော်တယ်။ သမီးပျိုကို ခင်ကြသားပဲဆိုပြီးတော့ ၀မ်းသာပီတိ ဂွမ်းဆီတီး ဟီးဟီး ။ နောက်နေ့မှပဲ ပေါတောတောတွေရေးတော့မယ်နော် ။ အိမ်တွေမလည်ဖြစ် တာလဲ ကြာပြီဆိုတော့ အားနာလိုက်တာ ။လာမည်ကြာမည်.....နော်။ စိတ်တော့မရှိကြေးနော် ဟုတ်ပြီလား။ အားလုံးကို ခင်တယ်။ အရှိန်လေး ယူပြီးလာပြီ နော်.......
မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။