အိမ်လာလည်ကြတဲ့ သူငယ်ချင်းတွေက ပြောတယ။် ကဗျာတွေချည်းပါလားတဲ့ ။ အဟီး ဟုတ်တော့ဟုတ်တယ် ။ သယ်ရင်းတွေ စာဖတ်ဖို့ အချိန်မရမှာစိုးလို့ပါ ။ ကဗျာဆိုတော့ ခံစားရတာ အိုကေမလားလို့လေ ။ အသဲက ခပ်ကွဲကွဲဆိုတော့ အလွမ်းမုန်တိုင်းထဲ ရောက်သွားတာ ။ အဲဒါပါ တစ်ခြားတော့ ဟုတ်ပါဝူး ။ အင်း စာရေးမယ် ။ အဲ စာရေးရမယ်ဆိုတော့ ကာ ...စဉ်းစားလိုက်မယ် ။ ဟုတ်ပြီ ပြောပြမယ်နော် ကိုယ်တွေ့ ကိုယ်တွေ့ ။ ငယ်ငယ်တုန်းက အဖြစ်အပျက်လေးပါ ။ သမီးပျို မိဘတွေက ကုန်သည်တွေပေါ့ ။ အင်း ကုန်သည်ဆိုတော့ ကုန်ကူးရတာပေါ့လေ ။ ဟိုကုန်ဒီကူးပေါ့ ။ အဲ သွားရတဲ့နေရာက ရခိုင်ရိုးမကို ဖြတ်ကျော်ပြီးမ ရောက်တဲ့ ရခိုင်ပြည်နယ်တ၀ိုက်ပေါ့ ။ အဲဒီတုန်းက ရခိုင်ရိုးမကိုကျော်တဲ့လမ်းတွေက မကောင်းဘူးရယ် ။ မြေသားကိုပဲ လမ်းဖောက်ထားတာကလား ။ လမ်းဆိုတာ ဆိုးမှဆိုးပဲ ။ သွားတဲ့ကားတွေကိုကြည့် ကုန်တင်ကားအကြီးကြီးတွေ သူတို့သွားပြီဆိုတာနဲ့ လမ်းတွေ ချိုင့်တော့တာပဲ ။ တစ်စီးမဟုတ် နှစ်စီးမဟုတ်လေ ။ ကြာလာတော့ ပြောစရာမလိုတော့ဘူး ။ သွားတာက ဖေဖေရယ် ကိုကိုရယ်ပါ ။ အလှည့်ကျပေါ့ ။ သမီးပျိုတော့ ကြောက်လို့ဘယ်လိုက်လိမ့်မလဲ ။အရင်တစ်ခါကတည်းက လန့်သွားတာ တောင်ပေါ်မှာကားပျက်တယ်လေ ။ အဲဖြစ်ချင်တော့ ရခိုင်ပြည်က ကုန်သည်တစ်ယောက် အိမ်ကို ကုန်လာချတယ် ဆိုပါတော့ ။ သူပြန်မယ့်နေ့ကျတော့ သူက သမီးပျိုကိုအိမ်လည်ခေါ်တယ် လိုက်ခဲ့ပါပေါ့ ။ သမီးပျိုက ခြောက်တန်းပဲ ရှိသေးတာ ငယ်သေးတယ်ပေါ့နော် ။ မလိုက်ဘူးအတင်းငြင်းပါတယ် ။နောက်ဆုံးတော့ ဖေဖေလဲ ပါမယ်ဆိုတော့ လိုက်သွားမိတယ် ။ လမ်းကြမ်းချက်ကတော့ ပြောပြောချင်ပါဘူး ။ တစ်ချို့ တောင်ကွေ့တွေမှာတွေ့တယ် ။ ၀ါးရုံ တောတွေလဲနေတာလေ ။ဝါးပင်တွေ အိပ်နေတာ ဟုတ်ဘူးနော် ။ ကားတွေ မှောက်ထားတာ ။ တောင်တွေက မြင့်မှမြင့်နဲ့ တောင်ပေါ်ကနေ တောင်အောက်ကို မြင်ရဘူး ။အဲဒါ မှောက်တဲ့ကားတော့ သွားတာပဲ ။ ကြည့်ရင်း နဲ့ အိပ်ငိုက်လာတာပေါ့ ကလေးဆိုတော့လေ ။ ဖေဖေကတော့ ပြောပါတယ် ။ ကားစီးရင် မငိုက်နဲ့ သမီးတဲ့ ။ ဘယ်ရမလဲ ။ ကားကလဲ စပယ်ရှယ်ကားလေ မောင်းရင်းမောင်းရင်းနဲ့ကိုပဲ ကားခေါင်းခန်းက အခိုးအငွေ့တွေတလူလူနဲ့ ။တောင်ယာထဲက ယာတဲကို အားကျလို့ထင်ပ ။ ကားဆရာက ရေလောင်းလိုက် မောင်းလိုက်နဲ့လေ ။ဟုတ်နေတာပဲ ။ ရေလောင်းလဲ ခဏပါပဲ ။အခြေအနေက ဆိုးလို့သာလာတယ်။ ကားဆရာကလဲ မရပ်ဘူးဗျ ဆက်မောင်းတာပဲ ။ အဲဒီမှာ စတယ်လေ။ တောင်အဆင်းမှာပေါ့ အရှိန်နဲ့ဆင်းလာတုန်း ဘရိတ်ပေါက်သွားတယ်ထင်တယ် ။ဘာမှလုပ်လို့ကို မရတော့ဘူးလေ ။ တောင်အမြင့်ကြီးပေါ်က အရှိန်နဲ့ ဆင်းလာတဲ့ကား ဘရိတ်ပေါက်တော့သေရုံပေါ့ ။ ကံကကောင်းချင်တော့ တောင်နံရံတွေမှာ သဲပုံ ကျောက်ပုံ တွေရှိတယ် ။ ကားတွေဘာတွေနစ်ရင် အသုံးပြုဖို့ပေါ့ ။ကားသမားက သဲပုံ ၀င်တိုက်ပြီးတော့ သူကိုယ်တိုင်ပဲ ကိုယ့်ကားကိုယ်မှောက်လိုက်ရတယ်ပေါ့ ။ အောက်ကျရင်မလွယ်ဘူးဆိုတာ သူကောင်းကောင်းသိတယ်။ ကိုယ့်ကားကိုယ်မှောက်တယ်ဆိုပေမယ့် ကားကအသေးစားမဟုတ်တော့ အတော်ခံရတယ်ဗျို့။ ကားနဲ့ကုန်ကအပြည့်မို့လား။ အမိုးပေါ်ကလူတွေတော့ သေပြီသာမှတ်ပေတော့ပဲ ။ ကားကညာဘက်ကိုမှောက်လိုက်ရတယ် အရှေ့မှာကချောက်ကြီးက ဟီးလို့လေ။ ဘေးကလဲ ချောက်ပါပဲ ။ အကွေ့မှာဆိုတော့ တော်တော်အီတယ်။ စမှောက်တော့ ၀ုန်းဒိုင်းကို ကြဲသွားတာပဲ။ကားပေါ်မှာက ကပ်စီးနှဲ ပေပါက ခြောက်ပေပါတောင် ။ ကျန်တဲ့ကုန်တွေလဲစုံလို့ပေါ့။ ဒါတောင်ရခိုင်ကို အသွားမိုလို့။အပြန်ဆို ပွဲခြင်းပြီး ပဲ။ အဲဒီမှာအော်သံနက်နက်ကြီးကြားလိုက်ရတယ် ။ အားးးး အမလေးးးး ကယ်ပါဦးးး ကယ်ကြပါဦးးး ညပ်နေပြီဗျို့။အားး အားး နဲ့နေတာပဲ။ စပယ်ယာလေ ခြေထောက်ကားအောက်ညပ်သွားတာ။ သူ့ဘယ်ကယ်နိုင်ပါ့မလဲ ။လူတိုင်းသူ့မပူနဲ့သူကိုး။နောက်ကြမှ သူ့ခြေထောက်ကို တူရွင်းနဲ့တူးထုတ်လိုက်ရတယ်။အော်သံတွေကတော့ ပွက်လောရိုက်နေတာပဲ။သိတယ်မလား ကားစီးလို့နဲနဲလေးယိမ်းရင်တောင်အော်တတ်ကြတာမလား။ တောက်ပေါ်မှာမှောက်တော့ တွက်သာကြည့်ပေ တော့။ အဲ ..သို့ပေမယ့် လူတကာတွေအော်ကြတယ် အမျိုးကိုစုံနေကြပေမဲ့ သမီးပျိုတစ်ယောက်အော်တယ် မှတ်လို့လား။တိတ်ဆိတ်နေတာပဲ။ ဘာလို့မအော်လဲဆိုတော့ အော်လို့မ မရတာ။သမီးပျို အပေါ်မှာက ပွင့်လောက်နီးနီး အမျိုးသမီးတစ်ယောက်က ဖိထားသလို ပိနေလို့ပေါ့။ စက်ဖုံးနားမှာစီးရတော့ ကားအသုံးအဆောင် တန်ဆာပလာဗုံးကြီးက ပွင့်ပြီးအထဲက ၀က်အူတွေ မူလီတွေနဲ့ ဘာတွေမှန်းလဲသိပါဘူး တစ်ခုခြင်း ခေါင်းပေါ်ကိုကျတော့တာပဲ။တရုတ်ဘုန်းကြီး ရှိခိုးနေသလားမှတ်ရတယ်။ တတုန်တုန်နဲ့နေတာပဲ။ အောက်ကနေလှုပ်လို့ကလဲ မရတော့ငြိမ်နေရတာပေါ့။ အဲဒီအမကြီးလဲ တော်တော်နဲ့ မထနိုင်ဘူးထင်ပါတယ်။ သူများတွေအတင်းလူးလဲထကြ အဖော်တွေရှာကြပေါ့။ သူနဲ့သမီးပျိုကတော့ လှုပ်တောင်မလှုပ်ဘူး။ ဘယ်ဟုတ်မလဲသူက နံရိုးကျိုးသွားတာကိုးးး။ဒါကြောင့်မထနိုင်တာ။ အော်လိုက်တာလဲ ပြောပါနဲ့တော့။ ဒါနဲ့ သူများတွေထွက်သွားကြတဲ့ အပေါက်ကနေပဲ လိုက်ထွက်လိုက်တယ်။ ခေါင်းခန်းက မှန်ကိုခွဲထွက်ကြရတာ လွယ်မှတ်လို့။ အပြင်ရောက်တော့ဖေဖေ့ကိုတွေတယ် သူလဲတော်တော်ကိုထိတယ် သွေးတွေကြီးပဲ ခြေထောက်မှာ။ သမီးဘာဖြစ်သွားသေးလဲတဲ့။ ဘာမှဖြစ်ဘူးလို့ပြောအပြီး ငုံ့ကြည့်လိုက်တော့ ဒူးတွေကဖောင်းကားလို့။တစ်ခုခုနဲ့ကြိတ်မိတာလား ဟိုအမဖိတာလားတော့ပြောတတ်ဘူး။ ဟိုဦးလေးရောလို့မေးတော့ တောင်အောက်ကြသွားတယ်ထင်တယ်တဲ့။သူက ကားအမိုးပေါ်ကစီးတာကိုး။ ဒဏ်ရာတွေကို ရှိတဲ့ဆေးတွေနဲ့ပေါ့ဝေမျှထည့်ကျတယ်။ တစ်ချို့တွေက ဦးစိုင်းတို့ဘာတို့ပါတတ်တာကိုး။ အသေအပျောက်တော့မရှိပါဘူး။ အဲ မကြာပါဘူးဟိုဦးလေးပေါ့ တောင်အောက်က ကုတ်ဖဲ့တက်လာတယ်။ သေပြီမှတ်တာ မသေဘူးဟ။ အတော်ကံကောင်းတဲ့လူ။ တက်လာတဲ့ ပုံကလဲ တကြော်ကြော်အော်လို့စုဝေရေ စုဝေ နေတာပဲ။ ဘာလို့အော်နေတာတုန်းဆိုတော့ သူခေါ်လာတော့ သမီးပျိုသေရင် သူမကောင်းဘူးတဲ့လေ။ ကိုယ့်ကိုကိုယ် ပြန်ကြည့်မိတော့ ဖိနပ်လဲရှိတော့ဘူး။ ဖေဖေ့ကို ကြည့်တော့မျက်မှန်လဲရှိဘူး။အဟီး ကပ်စီးနဲတွေကလဲ တကိုယ်လုံးရွှဲလို့။ကားဆရာကို ကြည့်လိုက်တော့လဲ ကိုယ်တခြမ်းက ကပ်စီးနဲ နောက်တခြမ်းက ဖုန်တွေနဲ့ တော်တော်ရီဖို့ကောင်းတယ်။ သူများကိုရယ်ပြီး ကိုယ်လဲထူးပါဘူး။ အဲဒါတွေ အသာထားလို့ မျက်မှန်နဲ့ ဖိနပ်ရှာပုံတော်ဖွင့်တယ်ပေါ့။ ဖိနပ်က တွေ့ပါဘူး။ အဲ မျက်မှန် ..သူ့ကိုတော့တွေ့ပ။ ကောက်ယူကြည့်လိုက်တော့ ငနဲက မှန်ရှိတဲ့ဘက်က ကိုင်းမရှိ ကိုင်းရှိတဲ့ဘက်ကမှန်မရှိဖြစ်နေပါပေါ့လား။ လောလောဆည်ဖေဖေကြည့်လို့ရအောင် မှန်ရှာသွားမယ်ပေါ့ နဲနဲပါးပါးပြင်ဆင်ပြီး လတ်တလော တပ်လို့ရလဲနဲလားပေါ့။ ရှာလို့တော့တွေ့ပါတယ် ပေါက်သွားတဲ့ ကပ်စီးနဲ ပုံးမှာကပ်လို့။ သီချင်းတောင်ဆိုနေလိုက်သေး သူက ..ကိုယ်ကြေကွဲနေပြီ..တဲ့။ လွှတ်ပစ်လိုက်တယ်အားလုံး အေးရော။ နောက်တော့ ကားကြုံစောင့်ရတာပေါ့ ခရီးက ရောက်မ မရောက်သေးတာ။ ကားသမားပျောက်လို့ လိုက်ရှာတော့ သူကအကြံနဲ့ကိုးးး။ ကားနံပါတ်ကို ဖုန်ကိုရေဖျော်ပြီး ဖုံးနေတာ။ သူကဖုံးလိုက် ရခိုင်ကြီးနှစ်ယောက်က သွားဖျက်လိုက်နဲ့ဟုတ်နေတာပဲ။ ဖုန်းကြီးတွေရော ကလေးတွေရော အစုံပဲ ကားပေါ်ပါလာတာကလဲ။ ကားကြုံစောင့်ရင်း အော်တဲ့သူကအော် ညည်းတဲ့သူကညည်းနဲ့လေ။ လာပါပြီ ကားတစ်စီး ဟွန်းသံပေးလို့တောင်ပေါ်တက်မယ်အလုပ် တို့အုပ်ကိုတွေ့တော့တာပဲ။ တွေ့ရာကားကို ဖမ်းဆွဲရ တာပေါ့။ လူကောင်းတွေအောက်ကိုဆင်းနောက်ကားစောင့်ရင်းခရီးဆက်ပေါ့။ ဒီကားတော့ နီးရာဆေးရုံဂိုးပေါ့။ ကားပေါ် စုပြုံတက်ကြပြီး ရခိုင်ပြည်နယ် ဂွမြို့ကအနီးဆုံးဆေးရုံကို ဂိုးကြတာပေါ့။ ကားသမားကစိုးရိမ်လို့ မြန်မြန်မောင်းရင် ဖြေးဖြေးမောင်းပါ နာလွန်းလို့ပါ။ နှေးနှေးမောင်းတော့ နောက်လူတစ်စုက မြန်မြန်မောင်းမှ မြန်မြန်ရောက်မှာပေါ့။ အဲဒါနဲ့ မြန်မြန်မောင်းနဲ့ ဖြေးဖြေးမောင်း နှစ်ဖွဲ့ကွဲပြီးရန်ဖြစ်ကြတော့တာပဲ။ ဘုန်းကြီးက တရားဝင်ဟောလိုက်မ နဲနဲငြိမ်သွားကြတာ။ ဆေးရုံရောက်ကြတော့ ကုသမှုခံယူကြတယ်ပေါ့လေ။ သမီးပျိုအဖေ သူရဲကောင်းက အရက်ပျံ ထည့်ရမှာတောင်ကြောက်လို့ဆေးရုံကနေ တိတ်တိတ်လေး ခိုးပြန်လာခဲ့တာ။ ဟီး...။ သားအဖနှစ်ယောက်ခရီးက မပေါက်သေးဝူးလေ။ တည်းနေကြအိမ်ကို မှမရောက်သေးတာ။ သွားရမှာက ဂွမြို့ကပဲ အလယ်ချိုင်ဆိုတဲ့ရွာကိုသွားရမှာလေ။ ညကတော်တော်လေး ညည့်နက်နေပြီ။ အားလုံးနီးပါး အိပ်နေချိန်ပေါ့နော်။ သမီးပျိုတို့ကတော့ ရောက်အောင်ချီတက်ရဦးမယ်။ ဖေဖေအသိအိမ်က အလယ်ချိုင်ရွာက ပင်လယ်ကမ်းခြေနားမှာတဲ့။ ကမ်းခြေရောက်ဖို့က အုန်းတောကိုဖြတ်ရဦးမယ်။ လကတော့သာပါ့ ။ အုန်းတောကိုဖြတ်ရတဲ့ တောလမ်းဘေးက တံတားလေးက သရဲခြောက်ဆိုပဲ။ လမ်းကလဲဒီ တစ်လမ်းပဲရှိတော့ ကြောက်ကြောက်နဲ့လျှောက်ရတော့တာပေါ့။ အုန်းတောကိုကြည့်တော့ ဟိုနေရာမဲမဲ ဒီနေရာမဲမဲနဲ့ မထိတ်သာ မလန့်သာရှိလိုက်တာ ပြောပါနဲ့။ ဟိုးရှေ့မှာမြင်နေရပြီ။ မီးတွေကလည်း ထိန်လို့လင်းလို့။ကြောက်တော့ဘူး။ အနားလဲရောက်ရော ဘယ်ဟုတ်မလဲ အလောင်းစင်ကြီးကိုးးးး။ ပင်လယ်ထဲ ငါးဖမ်းထွက်တာတဲ့ စက်ညပ်ပြီးသေတာတဲ့လေ။ သူက ပုဆိုးကိုလယ်မှာသိုင်းလို့စက်လှေမောင်းတဲ့နေရာကတဲ့ ကမ်းခြေကိုမျက်နှာ မူထားတဲ့ အနေအထားမှာ စက်လှေကိုရုတ်တရက်လှိုင်းအရိုက် လည်ပင်းကပုဆိုးက စက်ရဲ့မော်တာကြိုးထဲကို ညပ်မိပြီးမော်တာကြိုးက လည်နေတော့ လူပါ ပါသွားရင်းသေတာဆိုပဲ အရှင်လတ်လတ်သေ သွားရ တာတဲ့ လေ။ ခြေကုန်သုတ်ပြီး အိမ်ဆီအရောက်ပဲ ပြေးရတော့တယ်ဗျို့ ။ကားမှောက်လို့ပါဆိုမှ အသုဘနဲ့တိုးတော့ နေစရာကိုနေရာမရှိတော့ဘူး ။ရေမြန်မြန်ချိုးပြီး ကိုယ်ကကပ်စီးနဲတွေခွာလို့ပြီးတာနဲ့ အိပ်ယာပေါ်ကို တန်းဒိုးတော့တာပဲ ။ မနက်အိပ်ယာထလို့ ဟိုလူ့ကိုသတ်တဲ့စက်ကို သွားကြည့်တော့ စက်မှာ နားရွက်စလေးတွေ အသားစလေးတွေတွေ့တာနဲ့ လန့်ဖြတ်ပြီး သမီးပျိုကိုအလည်ခေါ်တဲ့ ရွာကိုပဲနောက်တစ်နေ့မနက်ပြောင်းတည်းလိုက်ရတယ်ဗျို့။ အဲဒီအခေါက်က ရခိုင်ပြည်နယ် ကမ်းသာယာကမ်း ခြေရဲ့ဟိုဘက်ရွာကင်းပုံဆိုတဲ့ရွာရဲ့ဟိုဘက်ရွာမှာ(နာမည်မေ့သွားတယ်ဗျို့) တစ်လကျော်နေလိုက်ရတယ် ။ ဖေဖေလမ်းလျှောက်နိုင်တဲ့အထိဆိုပါတော့ ။ ဆက်သွယ်ရေးတွေက အရင်ကမကောင်းတော့ဖုန်းဆက်လို့ကလဲ မရတော့ အိမ်ကိုအကြောင်းမကြားနိုင်ခဲ့ဘူးလေ။ မေမေပြောပြချက်အရကတော့ သမီးပျိုတို့ကားမှောက်တဲ့ည က သားအဖနှစ်ယောက်လုံးပြန်လာသံ ကြားလို့မေမေတံခါးထဖွင့်ပေးသေးတယ်တဲ့။ နောက်တော့ ဘာမှမတွေ့လို့ပြန်အိပ်လိုက်ရတာတဲ့။ သမီးပျိုတို့လဲ တကယ်ပြန်လာရော ဖေဖေကဂျိုင်းထောက်နဲ့လေ။ ဘာဖြစ်တာလဲဘာလဲညာလဲပေါ့။ ကိုကိုက မနက်ဖြန်ဆို ရဟန်းခံရှိတယ်တဲ့။ မှီရုံလေးပဲ ။ဖေဖေ့ခဗျာ ဘုန်းကြီးကို တောင်ရှိမခိုးနိုင်ဘူး ။ဒူးကပျောက်သေးဘူးကိုးအေ့။ အဲလိုအဲလို သမီးပျိုတို့ဖြစ်လိုက်ရင်........အဖြစ်မှန်ဗျို့...

အနာဂတ်အတွက်.....
ဘ၀အတွက်.....
မိဘအတွက်.....
ညီအကို မောင်နှမတွေအတွက်.....
မိသားစုအတွက်.....
ကိုယ့်အတွက်.....
'' အတွက် '' ပေါင်းများစွာကြောင့်
ရေမြေရပ်ခြား တိုင်းတပါးမှာ
စီးပွားရှာနေ ကြရတယ်နော်...။

အလုပ်သစ်မှာ အားငယ်နေချိန်.....
အမိမြေကို လွမ်းနေချိန်.....
မိသားစုကို တမ်းတနေချိန်.....
စိတ်ဖိစီးမှုတွေနဲ့ မွန်းကြပ်နေချိန်.....
တစ်ယောက်ထဲ စိတ်အားငယ်နေချိန်....
အဲဒီ အချိန်တွေ တိုင်းမှာ
ကူညီစောင့်ရှောက် အကြင်နာတွေ တောက်ခဲ့တဲ့
မင်းလေးရဲ့ အမူအရာ စေတနာတွေကြောင့်
ရင်ဘတ်ချင်းနီး အချစ်လှေ စီးခဲ့ကြတယ်ပေါ့ ။

ကောင်လေးရေ...
အချစ်ကို နှလုံးသားနဲ့သာ ခံစားပြီး
တွေးစရာတွေ ဘေးသွား
စိတ်ရွှင်ရာကိုသာ အရေးထားလို့
တို့များပျော်ခဲ့ ကြတယ်နော် ။

အချိန်ရထား ရွှေ့လျှားမှုအောက်
နှစ် နှစ်မြောက်လာတော့...
အပျော်အပါး ဘေးမှာထားလို့
အနာဂတ်အရေး တွေးကြရသေးတယ်ပေါ့ ။

ချစ်ပင်ချစ်ငြား မစွန့်ခွာချင်အားသော်လည်း
ရေခြားမြေခြား လူမျိုးခြားမို့
ဖြစ်ချင်တာကို အသာထား
ဖြစ်သင့်တာကို အလေးထားလို့
ခက်ဆွေးဆွေးလေး ဝေးကြစို့နော် ။

အချစ်တွေ ဘ၀တွေ အသာမေ့လို့
ရင်ခုန်ချိုချို အဖိုတွေ့တိုင်း
သိပ်လွမ်းနေမယ်
ပါးချိုင့်လေးနဲ့ ကောင်လေးရယ်.....

ကြမ္မာမုန်တိုင်း အုံ့ဆိုင်းမှုကြောင့်
နုံချာစုတ်ပြဲ အိမ်အရွဲနှင့်
ဝမ်းစာမဖူ သူတို့အူမှာ
ဆင်းရဲကြပ်တည်း ရတက်မီး... ။

စည်းစိမ်ခံစား သူဋ္ဌေးများကား
ကြီးမားဝင့်ထယ် တိုက်များလယ်တွင်
ကြံစည်ခဏ တတိုင်းရ၏
ဆင်းရဲနတ္ထိ မြူမရှိ ။

အမောင်လူသား သူဆင်းရဲကား
တောင်းစားသော်ငြား စိတ်မပါးပဲ
သူ၏မယား သမီးသားအား
ဝမ်းစာပြည့်ငြား သူကြိုးစား....။

ဗိုက်ဖောင်းကိုယ်ထွား သူဋ္ဌေးများကား
ညွှန်ရာရေဖြစ် စည်းစိမ်သစ်နှင့်
တောင်းတကင်းစွာ ရွှင်ကြပါသည်
အပြုံးမျက်နှာ အမြဲသာ ။

ကိစ္ဓများမြောင် ဤလူ့ဘောင်ဝယ်
သူဟာလူသား သူတောင်းစားနှင့်
စည်းစိမ်ခံစား ရတက်များအား
နှိုင်းယှဉ်ဖို့ကား ရတက်ပွား...။

လူဖြစ်ခဲ့ရာ ဤလူ့ရွာဝယ်
လူဟာလူချင်း အချင်းချင်းမို့
လူခြင်းစာနာ လူ့ကမ္ဘာဝယ်
လူကိုလူခြင်း လူစိတ်ရင်းနှင့်
လူသားဆန်ကြ လူ့ဘ၀မှာ
လူခြင်းကူညီ အချိုးညီစို့ ။

ချစ်သူရေ....

မင်းက ရေပြင်မှာနေ
ရေဆန်ကိုကူး
ဆုန်ဆန် မြူးတဲ့
'' crew ''

ငါက ကောင်းကင်မှာနေ
လေဆန်ကိုကူး
ဆုန်ဆန် မြူးတဲ့
'' crew ''

ကောင်းကင် နဲ့ မြေကြီးက
အဝေးကြီး ကွဲ့

မိုးနဲ့ မြေက ကွာဝေးသလို
ရေထဲက မင်းနဲ့
ကောင်းကင်က တို့
လား လားမှ မနီးစပ်ခဲ့တော့
ဝေးကြပြီပေါ့...။

မင်းလဲ ရေဆန်ကူးရင်း
ခရီးဆက်ဦးနော်
ငါလဲ လေဟုန်စီးရင်း
မျောလွင့် လိုက်ဦးမယ်
ဝေးကြဦးစို့...။


အမှတ်တမဲ့ ဆုံတွေ့ ခဲ့ကြပေမဲ့ အမှတ်တရတွေ ဖြစ်ခဲ့ကြတယ်နော် ။ ငယ့်ကိုသိပ်ချစ်လွန်းတဲ့မောင်...သိပ်နားလည်တတ်လွန်းတဲ့ ချစ်သူ...အရာရာကို ပေးဆပ်နိုင်စွမ်းတဲ့ နှလုံးသားပိုင်ရှင်မောင်က အရှုံးတွေကို ရယူဖို့လား ...။ငယ်ကိုသိပ်ချစ်လို့ စွန့်လွှတ်ခဲ့တာလား...။ အချစ်ဆိုတာ မောင့်အတွက် ပေးဆပ်ခြင်းလား...။ ငယ့်ကို တွေ့ဖို့တစ်ခုသာ တောင်းဆိုခဲ့တဲ့ မောင့်အတွက် ငယ်မောင့်အပေါ်တရားလို့လား...။ချစ်ကြစို့လို့ ပြောထွက်ခဲ့ပေမယ့် ခွဲကြဖို့တော့ မပြောရက် ခဲ့ပါဘူး ။ ရင်ဘတ်တစ်ခုလုံးနဲ့ ရင်းခဲ့ပြီးမှ နောက်ဆုံးရလဒ်က စွန့်လွှတ်ခြင်းတဲ့လားကွာ ။ မောင့်အချစ်တွေ အားလုံးချစ်ကို ပေးခဲ့မယ် ဆိုတဲ့ စကားတစ်ခွန်း ဟာ ငယ့်နှလုံးသား တွေကို တစ်စစီကြေမွ စေပါတယ် မောင်ရယ်...။ အဲလောက် ငယ့်ကို ချစ်ရလားကွာ ။ မောင့် ကို ထားခဲ့ဖို့ ငယ့်မှာ အင်အားမရှိပါဘူး ။ ချစ်လေ...ဘ၀အတွက် အချစ်ကို စွန့်လွှတ်လိုက်ရတော့ မှာလား...။ အသွင်မတူတဲ့ အိမ်ထောင်ရေးတစ်ခုကို ချစ်တည်ဆောက်လိုက်ရ တော့မှာလား...။ ငယ့်အချစ်နဲ့ ဘ၀ကြား မောင်ကမြေစာပင် ဖြစ်ခဲ့ရတာလား...။ ငယ့်ရဲ့တွေဝေမှုတွေကြောင့် မောင်နဲ့တစ်ဘ၀လုံး ဝေးကြတော့မှာ လား...။ ငယ်ပေးခဲ့တဲ့ အချစ်တွေ မောင့်နှလုံးသားထဲ စီးဆင်းခဲ့ပြီးမှ အခုတော့ ချော်ရည်ပူအဖြစ် ပြောင်းလဲ သွားပြီးလား...။ တစ်သက်လုံးဝေးဖို့ ချစ်ခဲ့ကြတာမဟုတ်ကြပေမဲ့ ငယ်တွေဝေနေခဲ့တယ် ။ လုပ်ချင်တာနဲ့ လုပ်သင့်တာ ဘယ်ဟာကို ရွေးရမလဲ ။ တကယ်လို့များ ဆုံမှတ်မရှိတဲ့ မျဉ်းပြိုင်နှစ်ခုပေါ် လျှောက်ဖြစ်ခဲ့ကြရင် တောင် ခေါ်ကြ ပြောကြ နှုတ်ဆက်ကြမယ်နော် ။ အချစ်တွေရင်ထဲ သိမ်းလို့ သိက္ခာရှိစွာ နေကြရအောင်ပါ။ ပြုံးပြရုံနဲ့ကျေနပ်ကြရမယ့် အနာဂတ်ကို တွေးမိတိုင်း မျက်ရည်ရင်ဆို့ ငိုခဲ့ရပါတယ် ။ ငယ့်ဘ၀ထဲမှာ မောင် ရှိခဲ့ ဖူးတာပဲ ။ အမှတ်တရတွေ ရင်ထဲမှာ သိမ်းထားလိုက်တော့မယ်နော် ။ ဒါပေမဲ့ ချစ်ရင်ထဲက အသံတွေကြားနေရတယ် ငိုသံတွေလား...ရှိုက်သံတွေလား...မသိဘူး ။ နှမြောလိုက်တာ မောင်ရယ်...တဲ့လေ။


ရောက်ခဲ့ပြန်ပြီ sydney တဲ့ ။ သိပ်ကိုအေးချမ်းတဲ့ မြို့လေးပါ ။ ဒူဘိုင်းလို သဲကန္တာရ မှာနေရတဲ့ သမီးပျို အတွက် ဒီမြို့လေးဟာ အမိမြေကို သတိရစေပါတယ် ။ စိမ်းလန်းလှတဲ့ သစ်ပင်တွေက သမီးပျို ရင်ကို အေးမြစေခဲ့တယ်လေ ။ မိသားစုနဲ့ တစ်မျိုး သူငယ်ချင်း တစ်သိုက်ကအသွယ်သွယ် ချစ်သူနဲ့ ကအဖုံဖုံ အပြုံးကိုယ်စီနဲ့ ဟိုဟိုဒီဒီ သွားလာနေကြလေရဲ့ ။ သမီးပျို ကတော့ ဒီလိုအချိန်မှာ တစ်ကိုယ်တည်းလေ ။ မိသားစုကို လွမ်းတယ် ။ သမီးပျို ရဲ့ မြို့လေးကိုလွမ်းတယ် ။ မေမေ့ကိုလွမ်းတယ် ။ သူ့ကိုရောပဲ ။ လွမ်းပေမဲ့ ရောက်တုန်းရောက်ခိုက် လျှောက်လည်ခဲ့ပါတယ် ။ အလုပ်က သူငယ်ချင်းနဲ့အတူပေါ့ ။ ဆစ်ဒနီကို မရောက်စဖူး အရောက်ထူးတော့ ပျော်တော့ပျော်တာပေါ့နော် ။ ကျော်ကြားလှတဲ့ Opera House ကိုရောက်ခဲ့တယ် ။ ကပ်လျှက်က Royal Botanic Gardens ။ ရှုခင်းတွေ ငေးမောရုံပါ ။ ဓါတ်ပုံတွေရိုက်ဖြစ်ခဲ့တယ် ။ စိတ်မကောင်းတာ တစ်ခုက ဒီအချိန်မှာ သမီးပျို နဲ့အတူမျှဝေခံစားဖို့ ဘေးမှာ မိသားစု မရှိဘူး ။ သူငယ်ချင်းတွေ လဲမပါဘူး ။ ချစ်သူလား သူလဲ အဝေးမှာ ။ Harbour Bridge ကိုမြင်တော့ ဗိုလ်မြတ်ထွန်း တံတား ကို သတိရမိသေးတယ် ။ သမီးပျို ရန်ကုန်လာရင်ဖြတ်နေကြလေ ။ Opera House ကလဲ အချွန်အတက် တွေနဲ့ လှပတဲ့ အဆောက်အဦး တစ်ခုကလွဲရင် ဒါထက် မပိုပါဘူး ။ ကပ်လျှက်က Botanic Gardens လေ ။ ကန်ရေပြင်ဘေးက ဥယျာဉ်လေးဆိုတော့ ရှုခင်းကလှမှလှ ။ကန်တော်ကြီးလို အတွဲတွေမရှိတာ တစ်ခုပဲကွာတယ် ။ နှင်းဆီမျိုးပေါင်း ၁၇၀၀ လောက်ရှိတဲ့ နှင်းဆီပင်လယ်ထဲ ရောက်တော့ များပြားလှတဲ့ နှင်းဆီရောင်စုံတွေပေါ့ လူကိုမြှူဆွယ်တယ်လေ ။ သမီးပျိုကို ဒါမျိုးလာစမ်းလို့ ရရိုးလား ။ ဒါနဲ့ ဘာရမလဲ အကြီးဆုံး ပန်းပွင့်ကို လှမ်းအနမ်း ခြေချော်ပြီး ဆူးကိုနမ်းမိမလို့ ကံကောင်းလို့မျက်စိမကန်းတယ် ။ ဘေးမှာလူတွေမရှိလို့ပေါ့ မဟုတ်လို့ကတော့ နှင်းဆီအနမ်း မျက်စိကန်း ဆိုပြီး internet မှာပါလာမှဖြင့် သမီးပျိုတို့ နာမည်ကြီး ရချည်သေးရဲ့ ။ သစ်ပင်ထူထူ တောအုပ်ကိုဖြတ်တော့ အမှတ်မထင် ၀ါးရုံတောကို တွေ့တယ် ။ သမီးပျိုက ၀ါးပင်ဆို သိပ်ချစ်တာလေ ။ ရောက်ချင်ဇောနဲ့လမ်းရိုးရိုးက မသွားဘူး ။ နီးရာ ကုန်းကရအောင် ဖက်တက်တယ် ။ မြက်ခင်းတွေက အရှည်ကြီးဆိုတော့ ဖြတ်ရတာလွယ်တော့ ဘယ်လွယ်ပါ့ မလဲ ။ မြွေလား...မကိုက်ပါဘူး ။ သမီးပျိုက ရှေ့ကိုကြည့်ပြီးတက်တယ်လေ ။ ခြေမျက်စိက အောက်ကိုကြည့်လိမ့်မယ် ။ မြွေတွေ့ရင်တော့ သူရှောင်မှာပါ ။ နောက်ဆုံး အောင်မြင်စွာနဲ့ဝါးရုံတော မှာ မောဒယ်လ်ရှုံးအောင် ကင်မရာရှေ့မှာ ပို့စ်အမျိုးမျိုးပေးတာလေ ။ တိရစ္ဆာန် ရုံမဟုတ်လို့ပေါ့ ။ ဟုတ်လို့ကတော့ မျက်စိနောက်လို့ဆိုပြီး မျောက်လိုက်မှာတောင်ကြောက်ရတယ်။ ဟီးဟီး ။ သမီးပျို ကအဲလောက် ဓါတ်ပုံရူးတာ။ အင်းအဲဒီနေ့က ပင်ပန်းတာနဲ့ ဟိုတယ်ပြန်ခဲ့တာ ။ တစ်နေ့လုံးလိမ့်ထားတော့ ဗိုက်ထဲက အော်သံတွေလေ နားတောင်ပင်းမတတ်ပဲ ။ ရေအမြန်ချိုးပြီး အိုပါးဆီကို ပြေးရတာပေါ့ ။သိတယ်နော် အိုပါးကို ။ ကိုရီးယား ကားထဲက လိုလေ အိုပါးခေါ်ချင်တာနဲ့ ကိုရီးယားဆိုင်မှာပဲ စားတယ် ။ နောက်တစ်နေ့ ဟိုတယ်စောင့်နတ်က ကြည့်မရဘူးထင်တယ် ။ သမီးပျိုတို့ New zeland ကိုခရီးဆက်ခိုင်းတယ် ။ ဘယ်ငြင်းရဲမလဲ တာဝန်ကိုး ဟဲဟဲ ။ sydney နဲ့ new zeland ကမဝေးပါဘူး ။ သုံးနာရီလောက်ဆို ရောက်တယ် ။ မိကျောင်းသမီးလျှာရှည်လိုက်ပုံ က airport ကို landing လုပ်ခါနီးကိုယ်ခုံမှာမထိုင်ချင်တာနဲ့ captain ကိုကိုပိန် ကိုခွင့်တောင်းပြီး သူ့ဘေးမှာသွားထိုင်လိုက်တယ် ။သမီးပျိုတို့ကင်မရာ တကားကားနဲ့မှတ်တမ်းအတင်ကောင်းတာ လေယဉ်က မြေပြင် အကျ လူကခါးပတ်ပတ်ထားလို့ဘာမှမဖြစ်ပေမဲ့ ကင်မရာခဗျာ အလူးအလဲ ကြမ်းပြင်မှာ ဖိုးချစ်ကိုအားကျ လို့ထင်တယ် ခုန်ပေါက်နေတာပဲ ။ စိတ်နာနာနဲ့ ညတောင်မအိပ်ပဲ ခဏနားပြီး sydney ပဲပြန်ခဲ့တာ ။ သမီးပျိုတို့ချမ်းသာပုံက သူများကင်မရာကို ငှားလာတာလေ ။ ပြောမနာဆိုမနာရဲ့ ကင်မရာ မို့လို့တော်သေးတာပေါ့ ။ ရိုက်လို့ရသေးတော့ဆက်ရိုက်ရအုံးမယ် ။ လမ်းကြောင်းကိုစဉ်းစားတယ် မနက်ဖြန်သွားမယ်ပေါ့ ။ အလုပ်ဖော် သူငယ်ချင်းက beach သွားကြရအောင်တဲ့ ။ သွားပေါ့ ။ Bondi Beach ပါ ရောက်ပါတယ် ။ ရှုခင်းက အမိုက်စားလေ ။ လှိုင်းစီးတဲ့ သူတွေ ရေကူးတဲ့သူတွေ တွေ့ပါ့ ။ sexy girls တွေက ပေါမှပေါ ။ သမီးပျို ဘာလုပ်ရမလဲစဉ်းစားတယ် ။ ရေက မကူးတတ်ဘူး လှိုင်းစီးဖို့လား ဝေလားဝေးပဲ ။ အကြံကုန်တော့ ကျောက်ဆောင်တွေကြား ဓါတ်ပုံရိုက်ပဲပြန်ခဲ့တာ ။ ကောက်စရာခရုက မရှိဘူးလေ ။ လုပ်စရာကလဲ မရှိတော့ သူငယ်ချင်းက Luna Park သွားရင်မကောင်းလားတဲ့ ။ အခုမှရောက်ဖူးတော့ အားလုံးကောင်းတာပေါ့ ။ ဟိုဘက်ကမ်းမှာဆိုတော့ ဘုတ်စီးရမယ် ။ ရေမကူးတတ်တော့ စီးရမှာခပ်ကြောက်ကြောက်ရယ် ။ သေမှာတော့ကြောက်တယ် ။ ဟိုနားနဲ့ဒီနားမို့လားမသိပါဘူး အပျော်သား ။Luna Park ကိုရောက်တော့ ကစားကွင်းကြီးဖြစ်နေတာကိုး ။သမီးပျို ကပန်းခြံမှတ်တာ ။ ၀င်ခွင့်အလကား ဆိုတော့ ၀င်လိုက်တာပေါ့ ။ ဟိုနားယောင်ပေပေ ဒီနားပေကပ်ကပ်နဲ့ ဓါတ်ပုံရိုက်ပြန်ခဲ့တာပေါ့ ။ မပျော်ပါဘူး ။ ပြန်ကြရအောင်ဆိုတော့ အေးဟယ်တဲ့ ။ ဒါနဲ့ ကမ်းစပ်ကိုပြန်ပြီး boat ထိုင်စောင့်တယ် ။ အချိန်က နေ၀င် ချိန်လေ နေလုံးကလဲ ၀င်တော့မယ်ပြူတစ်တစ် ။ သမီးပျို လွမ်းသွားတယ် ။ ဘာလွမ်းတာလဲဆိုတော့ ဘာလွမ်းမှန်းလဲသိဘူး လွမ်းတာတော့တကယ်ကိုလွမ်းတာ ။ အပြေးအလွှား စဉ်းစားလိုက်တော့ ....သတိရပြီ။ ရည်းစားဦးနဲ့ ကျိုက်ထီးရိုးမှာ နေ၀င်တာကြည့်ခဲ့ဘူးတာကိုး ။ဒါကြောင့်ဖြစ်မယ် ထင်တယ် ။ အတွေးတောင်ပုံရာပုံ ကိုထိုးခွင်းလိုက်တာက တဘုတ်ဘုတ် နဲ့စက်သံ ။ boat တောင်လာပြီ ဟိုတယ်ပြန်ရတော့မယ် ။ မနက်ဖြန်ဆို ဋ္ဌာနေပြန်ရမယ်လေ ။ သမီးပျို ဘယ်မှာနေ လဲသိတယ်နော် ။ ကုလားအုပ်တွေနေ တဲ့ နေရာလေ ။ဒူဘိုင်းပေါ့ ။ သမီးပျို ကို ဆစ်ဒနီမှာ သိပ်ပျော်ခဲ့တယ် မထင်နဲ့နော် ။ ကမ်းစပ်မှာ လွမ်းလို့ဆို ထိုင်ငို တာ opera house ကြီးမျှောသွားလို့ မနဲ လိုက်ဆည်လိုက်ရသေးတယ် ။ အိမ်ရောက်ရင်လဲ အိမ်စောင့်နတ် က သမီးပျို ကို သိပ်ကြည်တာ မဟုတ်ဘူး ။ အိပ်ယာထရင် ခုန်ဆွခုန်ဆွ နဲ့ လေ့ကျင့်ခန်း ထထလုပ် တာ ကြည့်မရလို့နဲ့တူ တယ်။ အိမ်နှင်ဒဏ်ပေးတယ် ။ နောက်သုံးရက်ကြာရင် အနောက် ယွန်းယွန်းကို ခရီးသွားစေတဲ့ ...။ ကောင်းရော....




ဒီနေ့ ရာသီဥတု သာယာပါ့...။ ဒီလို လှပတဲ့ နံနက်ခင်းမှာ ခရီးသွားရတာ သက်တောင့်သက်သာတော့ အရှိသား...။လေယဉ်စီးရမှာတော့ ခပ်လန့်လန့်။ အဖော်မပါ တစ်ကိုယ်တည်းလေ ။ ခရီးသည်တွေထဲ ကိုယ်လဲ အထာ ခပ်များများပေါ့။ ပထမဆုံးမို့ ရင်တုန်မိတာ အပစ်လား...။ ထိုင်ခုံက ပြတင်းပေါက်နဲ့ ကပ်ရက် ။ မကြာပါဘူး လေယဉ်တံခါးပိတ်သံ ကြားလိုက်ရတယ် ။ ဂျိမ်းခနဲ ပါပဲ ။ မိုးခြိမ်းသံလား...ဟိန်းသံလားပေါ့ ။ ဟင်း...ထူးပါဘူးလေ ဘုရားစာပဲ ရွတ်နေတော့မယ်ဆိုပြီး စိတ်အကူး.....ချောင်းဟန့်သံတစ်ချက် ကြားလိုက်ရတယ် ။ ဘယ်ကလဲလို့လိုက်အရှာ ...လားလာ...လေလှိုင်းကြားက နှုတ်ခွန်းဆက်သံကိုး...။ ဒါနဲ့ပဲ ယောင်ပေပေနဲ့ နားထောင်လိုက်မိတယ် ။ သူကဘာပြောလဲသိလား ။ ကျွန်တော်တို့ လေယဉ်မှာလိုက်ပါလာကြတဲ့ ခရီးသည်အပေါင်း မင်္ဂလာပါ တဲ့ ။ သူနာမည်ကတော့ ပထမ captain ကိုကိုပိန် ဆိုပဲ ။ လေယဉ်မထွက်ခင် ဆောင်ရန် ရှောင် ရန်လေးတွေကို ကြိုတင်အသိပေး ပါရစေ တဲ့ ။ ဒီနေ့ flight no... က .....airport ကိုဦးတည်ပျံသန်းမှာ ဖြစ်ပေမဲ့ ဘယ်နေရာမှာ ဆင်းသက်မယ် လို့တော့ အတိအကျ အာမ မခံပါဘူးတဲ့ ။ဒါပေမဲ့ airport နဲ့အနီးဆုံးနေရာမှာတော့ ဆင်းသက်ပေးမှာပါ တဲ့။ အဆင်ပြေမယ်ဆိုရင်တော့ ခရီးသည်တွေရဲ့ အနီးဆုံး မြို့ ရွာတွေမှာတောင် ဆင်းသက်ပေးဦးမှာပါ တဲ့ ။ ခရီးသည်တွေ ရဲ့ လုံခြုံရေးကိုတော့ အကြွင်းမဲ့ အာမခံပါတယ် တဲ့ ။ ဒီလေယဉ်ရဲ့ အထူးလုံခြုံရေးစနစ်ကြောင့် အကြမ်းဖက် သမားတွေတောင် မစီးရဲကြပါဘူး တဲ့ ။ ဒီနှစ် ရဲ့စစ်တမ်းအရတော့ ခရီးသည်ခြောက်ဆယ် ရာခိုင်နှုန်း လောက်ကို မြေပြင်အရောက် အန္တရယ်ကင်းစွာ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်တဲ့ ။ အင်ဂျင်သံက ဆူညံနေမယ် ဆိုရင် ခရီးသည်အတွက် သက်တောင့်သက်သာဖြစ်စေဖို့ အင်ဂျင်ကိုတောင် ပိတ်ပေးဦးမှာပါတဲ့ ။ ဒီနေ့တောင်းပန်ချင်တာ တစ်ခုက လေယဉ်မထွက်ခင် ရုပ်မြင်သံကြားက ဗွီဒီယိုဇတ်လမ်းတွေကို ခိုးကူးခဲ့ဖို့မေ့သွားလို့ ပါတဲ့ ။ ဒါပေမယ့် ခရီးသည်တွေ အတွက် ကံကောင်းတာ တစ်ခုက .........airline က ကျွန်တော် တို့လေယဉ်နဲ့ ဘေးချင်ယှဉ်ပျံသန်းမှာ ဖြစ်တဲ့အတွက် လေယဉ်ပြတင်းပေါက်ကနေ တဆင့်လှမ်းကြည့်ရင် ကောင်းကောင်းမြင်နိုင်ပါတယ် တဲ့ ။ ဆေးလိပ်သောက်ခြင်းကိုတော့ တင်းကြပ်စွာ တားမြစ်ရ မှာပါတဲ့ ။ လေယဉ်မှာ တပ်ဆင်ထားတဲ့ စနစ်သစ် အရ ဆေးလိပ်ငွေ့ဟာ အင်ဂျင်ကို ရပ်တန့်စေမှာဖြစ်ပါတယ် တဲ့ ။ မိမိတို့ရဲ့ လုံခြုံရေးအတွက် ထိုင်ခုံနဲ့ အတူတွဲထားတဲ့ ခါးပတ်တွေကိုလဲ မမေ့မလျော့ ပတ်ထားကြပါတဲ့ ။ ခါးပတ်ရှာမရ ဖြစ်နေတဲ့ ထိုင်ခုံအတွက်ကတော့မဆိုးရိမ်ကြပါနဲ့တဲ့ ကိုယ်ပိုင်ခါးပတ် ပတ်ထားရင်လဲ အဆင်ပြေပါတယ်တဲ့ ။ နောက်ဆုံးအနေနဲ့ ပြောချင်တာ ကတော့ ကျွန်တော်တို့လေကြောင်းကို သတ္တိ ရှိစွာရွေးချယ်ခဲ့ တဲ့အတွက် ကျေးဇူးအထူး တင်ရှိပါတယ် ဆိုတာပါပဲ ။ ကိုကိုပိန် ကြော်ငြာလို့အပြီး ရင်ထဲမှာ ဟာတာတာနဲ့။ ထူးပါဝူးလေ ကိုကိုပိန်က သဘောတော့ကောင်းပါတယ်။ အရမ်းကြောက်လာရင်တော့ တွေ့ရာမြို့မှာပဲ ရပ်ခိုင်းလိုက်တော့မယ် ။ ကံပေါ့လေ ။




အင်း...သင်္ကြန်နားနီးလာပြီဆိုတော့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားမိတယ်။ သူငယ်ချင်းတွေကလဲ သင်္ကြန်သီချင်းတွေ လက်ဆောင်ပို့လာတယ်လေ ။ ဒါနဲ့ သီချင်းလေး ဖွင့်ရင်း မြူးနေတာပေါ့ ။ အမိမြေ နဲ့ ဝေး နေတဲ့ သမီးပျို သင်္ကြန်မကျရတာ ကြာပြီမဟုတ်လား။ တူးပို့သံက လဲ ရင်ထဲမှာ ခုန်ပေါက်နေတာနဲ့ မထူးပါဘူး ဆိုပြီး ရေချိုးခန်းထဲ ၀င် shower ကိုအသာဖွင့်လို့ နွေမနဲ့ သင်္ကြန်ကျလိုက်တယ်...ဖျားရော။ ဟီ ဟိ..။




ဒီနေ့ တိမ်တွေညို့မှိုင်းနေတယ်
မိုးရွာတော့မယ် ထင်တယ်
ကောင်းကင်ကို မော့ကြည့် မိတော့
ငှက်ကလေးတွေ...
အိမ်ပြန်ကုန်ကြတာလား
ပြေးလွှားနေကြတာလားကွယ်

လေပြင်းကျရင် သစ်ပင်တွေယိမ်းနွဲ့တတ်ကြတယ်
သစ်ပင်နတ္ထိ လှိုင်းအအိမှာတော့
လေပြင်းကျလို့ သင်္ဘောလေး ယိမ်းနွဲ့နေမလား
မိုးသက်လေပြင်းကြား သူလေးများ အလုပ်လုပ်နေရမလား

စိုးရိမ်မှု သောကတွေနဲ့ ငေးမောနေဆဲ
ဟော...မိုးစက်လေးတွေ တဖွဲဖွဲ
လေပြင်းကြောင့်
သဲဖုန်တွေတောင် ထနေလေရဲ့

ကုန်းနဲ့ဝေးတဲ့ ရေပြင်ကြား
လှိုင်းများထနေမလား

အညိုးတကြီတော့ မရွာသွန်းလိုက်ပါနဲ့ မိုးမင်းရယ်
ကျွန်မရဲ့ ချစ်သူလေး
မိုးရေထဲမှာ အေးနေမှာ စိုးလို့ပါ။



December ရဲ့ နေ့တစ်နေ့အောက်
U.S ကို ရောက်ခဲ့တယ်။

ဆောင်းနေ့အောက်ရဲ့ နယူးယောက်မှာ
နှင်းတွေတစ်ပေါက်ပေါက် ကျနေလေရဲ့

နှင်းမကျတဲ့ အမိမြေအပါး
အမေ သမီးကိုမျှော်နေမလား

'' အိမ်ကိုမျှော်မှန်း
အမေ့ကို လွမ်းသည်
မျက်ရည် ရင်ကျ
များလှပြီ အမေ ''
မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။