“ ဟယ်...သမီးလေးကချစ်စရာလေးနော်.. ဆရာမဆီကို လာပါဦး သမီးရယ် “ ပြောပြောဆိုဆို မေမေ့လက်ထဲက အတင်းဆွဲခေါ်သွားပြီးတော့ “ဟင်...သမီးလေးက ငိုမဲ့မဲ့လေးပါလား...ဘာလို့လဲ သမီးရဲ့ ...ဆရာမကို စကားပြောပါဦး သမီးရယ် ချိုချဉ်စားမလား... ဒီမှာ တော်ဖီလုံးတွေလည်း ရှိတယ် သမီး ကြိုက်တာသာ ယူစား....နော်...သမီး “ ။
“ဟင့်အင်း....မစားချင်ဘူး...ဘာမှ မစားချင်ဘူး “
“ သြော်..သမီးက ဒါမျိုးတွေ မကြိုက်ဘူး ထင်တယ်...မုန့်ဟင်းခါးစားမလားသမီး “
“ဟင့်အင်း...မုန့်ဟင်းခါးလဲ စားချင်ဘူး“
“ဒါဆို သူငယ်ချင်းတွေနဲ့ ဆော့ရအောင်လေ ..နော် ။ ပျော်ဖို့ကောင်းတယ်သမီးရဲ့..လာနော် သမီး “
“ဟင့်အင်း...ဟင့်အင်း....ဆော့လဲမဆော့ချင်ပါဘူး ။ ဒီမှာ မနေချင်ပါဘူး“ လို့ပြောပြီးတာနဲ့ မေမေ့ဘက်လှည်ပြီး “မေမေ အိမ်ပြန်မယ် နော် ..မေမေ....နော်“
ဒေါ်ခင်တုတ် တစ်ယောက် သမီးဖြစ်သူရဲ့တောင်းဆိုမှုကိုလည်း လိုက်လျှောပေးချင် ..... လိုက်လျှော လို့ကလည်း မဖြစ်.... ပထမဆုံးသမီးလေးကို မူကြို စ အပ်တဲ့နေ့ဆိုတော့.. ဘာလုပ်လို့ လုပ်ရမှန်းမသိတဲ့အချိန်မှာ နောက်နားဆီက မူကြိုဆရာမကြီးရဲ့ “ မပူပါနဲ့ ဒေါ်တုတ်ရယ်..နောက်တော့လည်း သူဟာနဲ့သူ နေသားကျသွားမှာပါ ။ ခုမှ အစပိုင်းဆိုတော့လည်း သမီးလေးကဘယ်ပျော်ပါ့မလဲ ဒေါ်တုတ်ရဲ့ ဟုတ်ဘူးလား ။ ထားသာထားခဲ့ပါ ။ ဘာမှ စိတ်ပူစရာမရှိပါဘူး “ ဆိုတဲ့အသံကြားလိုက်တော့
“ ဟင့်အင်း..ဟင့်အင်း ....အိမ်ပြန်မယ် ... အိမ်ပြန်မယ် ...အိမ်ကိုပဲပြန်ချင်တယ် “ လို့ တအားအော်နေတာကြောင့် ဆရာမကြီးက
“ ဘာမှလည်းမစားချင်ဘူး ဟုတ်လား“
“ဟုတ် “
“ဆော့လည်း မဆော့ချင်ဘူး ဟုတ်လား “
“ဟုတ်“
အဲဒီတော့ “ ဗြန်း...ဗြန်း...ဗြန်း “ ဆိုပြီး ကြိမ်လုံးနဲ့ ခုံကိုရိုက်လိုက်တာ ဖုန်မှုံ့တွေတောင် ထခုန်မတတ်ပါဘဲ ။ မောင်မောင်ခေါ်တော့ “ဗျာ “ မထူးချင်ဘူး အောင်ကျော်ခေါ်မှ “ဗျာ“ ထူးချင် ဆိုသလို .....ချော့တုန်းက မပျော့တော့ ခြောက်လိုက်မှကြောက် ရပြီလေ ။ မုန့်ကြွေးတုန်းက စားလိုက်ရ အတော်သားနော်........
..........................................................................................................
သမီးပျို မူကြိုစအပ် တဲ့နေ့လေးပါ ။ ကလေးဘ၀ရဲ့ပထမဆုံးကျောင်းစတက်တဲ့နေ့ဆိုတော့ခုထိ အမှတ်ရ နေ ဆဲပါပဲ ။ အဲဒီနေ့က မူကြိုဆရာမကြီးရဲ့ အမျိုးမျိုးချော့မော့ပြီး မုန့်တွေကျွေးခဲ့တာတွေ ချော့လို့မရတဲ့အဆုံး ကြိမ်လုံးနဲ့ ကြမ်းပြတော့မှ ကြောက်ပြီး မလှုပ်တော့တာတွေ ခုထိအမှတ်ရနေတုန်းပါပဲ ။မေမေလည်း သမီးပျို ကိုထားခဲ့ပြီး ပြန်သွားလေရဲ့ ။
သမီးပျိုလေ... ငယ်ငယ်လေးကတည်းက အခြားကလေးတွေရတဲ့ အခွင့်အရေးတွေ မရခဲ့တာပါ ။ ဥပမာ...ထမင်းစားကျောင်းဆင်းချိန်မှာ မိခင်က ထမင်းချိုင့်လိုက်ပို့ပြီး ဂရုတစိုက် ထမင်းခွံ့ကျွေးတာမျိုး ၊ ကျောင်းဆင်း ချိန်မှာ လိုက်ကြိုတာမျိုးတွေပေါ့ ။ သမီးပျိုနေခဲ့တာက အုတ်ကျင်းမှာပါ ။ ဖေဖေက ပန်းထိမ်လုပ်တယ် မေမေက ထမင်းဆိုင်ဖွင့်တယ်လေ ။ အလုပ်သမားရပ်ကွက်မှာ ဆိုတော့ အရမ်းရောင်းကောင်းတာပဲ။ ထမင်းဆိုင်ဆိုတာ မျိုးကလည်း သိတဲ့အတိုင်းပဲ မရောင်းခင်လည်း ပြင်ဆင်ရ ရောင်းနေပြန်တော့လည်း လက်မလည်ရ ရောင်းပြီး ပြန်တော့လည်း သိမ်းရဆည်းရနဲ့ အားကိုမအားဘူးလေ ။ အဲဒီအခြေအနေမျိုးမှာ မေမေ့ဆီက ဒီအခွင့်အရေး တွေရဖို့ဘယ်လိုဖြစ်နိုင်တော့မလဲ မဟုတ်ဘူးလား ။
ကျောင်းသွားတော့လည်း မူကြိုဖော်တွေနဲ့ ကျောင်းပြန်တော့လည်း ထိုနည်းလည်းကောင်းဆိုသလိုပေါ့ ။ ခြေရင်းအိမ်မှာ မူကြိုတက်ဖော် ငုဝါမောင် ၊အာကာမောင် နဲ့ဥကာမောင် တို့နေတယ်လေ ။ကျောင်းသွား ကျောင်းပြန် သူတို့နဲ့ပေါ့။ သူတို့မှာ ကျော်ကျော်နဲ့မင်းမင်း ဆိုတဲ့အကို နှစ်ယောက်ရှိတယ် ။ သမီးပျိုမှာက အကိုတစ်ယောက်ပေါ့ ။ မိဘတွေ အလုပ်ရှုပ်နေချိန်ဆို အိမ်ဘေးက ခုံလေးပေါ်မှာ အတူတူထိုင်နေကျ ၊ မဟုတ် ရင် အိမ်နားက မီးသတ်ရုံမှာ ကစားနေကျပါ ။ မှတ်မိသေးတယ် အဲဒီနေ့က................
“ဟဲ့.....ဟဲ့...လုပ်ကျပါဦး....ကယ်ကြပါဦး....မင်းမင်းရေ...ကျော်ကျော်ရေ ...လာကြပါဦးဟဲ့“ ဆိုတဲ့အသံနဲ့ အတူ လူသံတွေ ကြားလိုက်ပြီးနောက် ဘာမှ မကြားတော့ဘူးလေ ။ ဘာဖြစ်တာလဲ သိချင်ကြမှာပေါ့နော် ။ သူ ငယ်ချင်းနဲ့သစ်သားခုံလေးပေါ်မှာ အတူတူထိုင်ရင်း နှစ်ယောက်ပြိုင်တူ ခြေထောက်ကို ရှေ့နောက်လွှဲတာ အရှိန်လွန်ပြီး နှစ်ယောက်လုံး နောက်ပြန်လန်ပြီး ခုံနောက်က မြောင်းနက်ထဲ အုန်းကနဲကျသွားတာ ဘာမှကို လုပ်ချိန် မရလိုက်ဘူး ။ လေးနှစ်အရွယ် ကလေးနှစ်ယောက် မြောင်းထဲပက်လက်ကြီး ကျသွားတော့ အသက်ရှု တိုင်း ရွှံ့တွေဝင်ကုန်တာပေါ့ ။ ရန်ကုန်က မြောင်းတွေကသိတဲ့အတိုင်းပဲ အနံ့ကမကောင်း အရောင်တွေက မည်းညစ်ညစ်နဲ့ဆိုတော့ အတော်မစားသာဘူးဗျို့ ။ ကိုကျော်နဲ့ကိုမင်း တို့က ခါးတောင်းကိုမြောင်အောင် ကြိုက်ပြီး မြောင်းထဲဆင်းဆယ်တာလေ ပါလာတယ်တဲ့ မည်းမည်းလေး နှစ်ယောက် ....ဟီး ...စဉ်းစားသာကြည့်ပေတော့................
သမီးပျိုငယ်ငယ်က ဆံပင်လေးက နီကြောင်ကြောင်နဲ့လိမ်လိမ်လေးတဲ့ ။ မျက်လုံးလေးက ၀ိုင်းပြီး ပါးလေးက ဖောင်းဖောင်းလေးဆိုပဲ နှုတ်ခမ်းလေးက စုစုလေးနဲ့အရပ်လေးကပုပုလေးဆိုတော့ ချစ်ခင်သူပေါဆိုပဲ ။ အဲဒါကြောင့်ထင်တယ် ။ ဖေဖေ့အမျိုး ဦးဖိုးသာအောင်ဆိုတာလေ အရပ်ရှည်ရှည် အသားမဲမဲ မျက်လုံးပြူးပြူးနဲ့ အိမ်လာရင် မိစု ...မိစု ဆိုပြီး လိုက်လိုက်ဖမ်းတာ ကြောက်လို့ ပြေးရ ၊ပုန်းရ နဲ့ မလွတ်လို့မိပြီဟေ့ဆိုလို့က တော့ သူ့နှုတ်ခမ်းမွှေးတွေနဲ့ တရှုးရှုးနဲ့နမ်းတာ နာကနာ ကြောက်ကကြောက်နဲ့ သူလာရင်ငိုရတာ အမောပဲ။
သမီးပျိုရဲ့ ကိုကိုက အဲဒီတုန်းက လေးတန်းပေါ့ ။ ကျောင်းကပြန်လာရင် သမိုင်းကိုသွားရတယ် ။ မေမေ လိုအပ် မယ့် အမဲသား ၊ ၀က်သား၊ အသား နဲ့ငါး သွားဝယ်ပေးရတဲ့ တာဝန်က ကိုကို့တာဝန်လေ ။ ညနေပိုင်းဆို ကိုကို ကသမိုင်းဈေးသွားနေကျ တစ်နေ့တော့......................................................................
“ဒိုင်း.....ဒိုင်း..........ဒိုင်း.............ဒိုင်း...................ဒိုင်း.....................ဖောက်.....ဖောက်.....ဖောက်......ဖောက်......ဖောက်.....“ သေနတ်သံတွေ ဆူညံနေတာပဲ ။ လူတွေလည်း ရုတ်ရုတ်သဲသဲ ပြေးသူပြေး အော်သူ အော် လမ်းမပေါ်မှာ ကလေး လူကြီး သက်ကြီး သက်ငယ် ...အို.....စုံနေတာပါပဲ ။ အဲဒီအသံတွေလည်းကြား ရော သမီးပျို တစ်ယောက် လွယ်အိတ်ကောက်လို့ အိမ်ဆီပြေးတာ တန်းနေတာပဲ ဆရာမတောင် တားချိန်မရ လိုက်ဘူး ။ အိမ်လည်းရောက်ရော မေမေတို့ကိုတွေ့တာပဲ ။ ကိုကိုပြန်မလာလို့စိတ်ပူနေကြတာလေ ။ သမီးပျိုကတော့ လောက်လေးတစ်လက်ကိုင်ပြီး ကုတင်ခေါင်းရင်းမှာကုတ်ကုတ်လေးထိုင်နေတာ လှုပ်တောင် မလှုပ်ပေါင်။ ကြောက်တာကိုး ။ အပြင်ထွက်ရဲဘူး ရယ် သူတို့က ချိန်ပြီးပစ်တာ မှတ်လို့ ရမ်းပြီး တွေ့ရာလူကို ပစ်တာ ။ ပြေးတဲ့လူ သေပဲ ။ မေမေ တို့ စိတ်ပူပြီးလိုက်သွားမယ် လုပ်တော့ ကိုကိုတစ်ယောက် လက်ဆွဲခြင်းဝိုင်းဝိုင်းလေးကို ခေါင်းဆောင်းပြီး ပြေးလာတာ တန်းနေတာပဲ။ လမ်းမှာ ပြောင်းဖူးသည်တစ်ယောက်ရယ် ကလေး တစ်ယောက်ရယ် သွေးအိုင်ထဲမှာ မြင်ခဲ့ရတယ်တဲ့ ။
သမီးပျိုကိုမွေးခဲ့တာက ၁၉၈၄ လေ ။ နောက်လေးနှစ်ရောက်လို့မူကြိုတက်တော့ ၁၉၈၈ ။ သူများတွေလို“၀ါဆို ၀ါခေါင် ရေတွေကြီးလို့သပြေသီးမှည့် ကောက်စို့လေ “ ဆိုတာမျိုးတွေ ဆိုနေဖို့အချိန်မရပါဘူး ။ ဆူဆူညံညံ သေနတ်သံတွေ ကြားထဲမှာ ဟိုပြေးဒီပြေးနဲ့ ကြီးပြင်းလာခဲ့တာ ။ဟိုကျောင်းသားက သပိတ်မှောက် ဒီကျောင်း သားက ဆူဆူပူပူနဲ့ဆိုတော့ တစ်မြို့လုံး ဆူပွတ်နေတော့တာပဲ ။ သပိတ်ကို အခွင့်ကောင်းယူပြီး အလုပ်သမားတွေက စက်ရုံတွေကို ဖျက်ဆီးပြီး လိုချင်တာတွေယူကြ ၊ အပေါ်ကလူက သွပ်ကိုတက်ခွာချချိန်မှာ လက်ချော်ပြီး အောက်ကိုပြုတ်အကျ အောက်ကတစ်ယောက်ပေါ်ပြုတ်ကျလို့ ဒဏ်ရာတွေရကြနဲ့ ရုပ်ရှင်ထဲမှာ ရွာထဲကို ဂျပန်တွေဝင်သလိုပေါ့ ။
ဒီလိုနဲ့ သမီးပျိုတို့ ရန်ကုန်မှာ ဆက်မနေရဲတော့ဘူးပေါ့ ။ ဆက်နေရင်တော့ သေရင်သေ မသေရင် သေနတ် မှန်ပြီး ကားမှာသေချာတယ် ။ အမြန်ဆုံးနည်းနဲ့ ပုဂံလုံးစီးပြီး ဘူတာကိုတစ်မိသားစုလုံး ပြေးတော့တာပဲ ။ ရ ထားကလည်း ခါချဉ်အုံ တုတ်နဲ့ထိုးလိုက်သလိုပဲ ကြပ်ညပ်နေတာလေ အသက်ရှုလို့တောင်မ၀ပါဘူး ။ တဖြည်း ဖြည်းနဲ့ မိုးလင်းလာတော့ တစခန်းထတော့တာပါပဲ။ သေနတ်တွေ တကိုင်ကိုင်နဲ့ ရထားတွေကို အပြင်က ထု ကြတော့တာပဲ ။ ရန်ကုန်နဲ့ သာရဝေါ ပြေးတဲ့ရထားတွေက လုံးဝကိုမကောင်းတာ သံကြေးတွေ အထပ်ထပ်နဲ့ ဆိုတော့ သူတို့ထုလိုက်တိုင်း သံကြေးမှုန့်တွေက ဖွာကနဲပဲ ။ အဲဒါကို ကိုယ်မှ မသိတာ။ ဘယ်လူတွေပါလိမ့်လို့ ချောင်းကြည့်လိုက်တာ ပြတင်းပေါက်ကို သေနတ်နဲ့လှမ်းအထုနဲ့တိုးတော့ မျက်လုံးထဲဝင်တာပေါ့နော့် ။
ဒီလိုနဲ့ ရထားတတန် လှေတတန် နဲ့ အဖိုးအဖွားတွေ ရှိတဲ့ရွာကိုရောက်တာပေါ့ ။ အဲဒီမှာ နေရင်းထိုင်ရင်းနဲ့ ရန်ကုန်ကိုပြန်မလာဖြစ်တော့တာပါ ။ အဲဒီမှာပဲ ကျောင်းနေဖြစ်တယ် ။ ကိုးတန်းအထိပဲဆိုပါတော့ ။
( နှင်းရေ မနက်ဖြန် လန်ဒန်ကိုသွားရမှာမို့ အမြန်ရေးလိုက်ရတာဟ ။ ကလေးဘ၀ကို သေချာတောင်ပြန်မတွေး ဖြစ်ဘူး ကျန်တာတော့ ကျန်သေးတယ်ဟ ။ နောက်တစ်ခါ တက်ခ်မှ အေးဆေးရေးပေးမယ်နော် ။ မကျေနပ် ရင် နောက်တစ်ခါတက်ခ် ဟာ နော် ။ ချစ်ဖို့ကောင်းပါတယ် နော်....နော်...)
Subscribe to:
Post Comments (Atom)
မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။
7 comments:
ချိုချဉ်စား..သမီးလေး...
ဟေ...မကြိုက်ဖူးလား..
ဒါဆို..သီငယ်ချင်းတွေနဲ့ ဆော့ သမီး...
ဟေ..ဆော့ချင်ဖူးလား....
မောင်မောင်ခေါ်တုန်း ဗျာမထူးတော့ ..ကဲ..လာရော့..
ဒိုင်း...ဒိုင်း..ဒိုင်း..ဖောက်..ဖောက်...
အင်း..ငယ်ဘ၀က တော်တော်စုံတာပဲနော်..
ပျော်ပါစေခင်ဗျာ....
ပျိုပျိုရေ.... စုံလင်လှတဲ့ငယ်ဘ၀လေးကို ပြန်ခံစားရင်း သူငယ်ပြန်လာတယ်....... အဲ ဟုတ်ပါဘူး။ ပျော်လာတယ်။ အဟီးးးးးးးးးး
လာမချော့နဲ့နော်...
လန်ဒန်ကပြန်လာရင် မြေပဲယို ဝယ်လာခဲ့
လန်ဒန်မြေပဲယို စားမယ်....
ပြန်လာရင် အပိုင်း ၂ ဆက်ရေးပါ....
သူအပျင်းထူနေလို့ အလိုက်သိစွာနဲ့အိမ်စာပေးထားတာနော်...
နှင်း
အားပါးပါး ရေးသွားလိုက်တာ အစုံပဲ.။
ရွာထဲက ဝင်တဲ့ဂျပန်ခေတ်သစ်ရဲ့ ကျောင်းသူဘဝ၊ မြောင်းထဲကျတဲ့ မဲတူတူလေး၊ အမေကျွေးတဲ့မုန့် စားလိုက်တာမဟုတ်ဘူး အခုတော့ ဆော်ပလော်တီးခံခဲ့ရပြီ။ငယ်ဘဝ အထိုထိုနဲ့ သူငယ်မလေးဘဝ ပျော်စရာတော့ ကောင်းသားပဲ။ မနှင်းအတွက် လန်ဒန်မြေပဲယိုတဲ့ ဒါလဲမမေ့နဲ့အရေးကြီးတယ်။ ဆက်ရေးဦးနော့်။မျော်တလင့်လင့် ဖြင့် မနှင်းနဲ့ အတူစောင့်စားပါဦးမည်။
ဟောဗျ... လန်ဒန်ကို သွားပြန်ပြီလား... ကြာဦးမှာလား...
သာရဝေါမှာ ဆိုင်ကယ်စီးရင်း ခွေးလိုလိုက်ဆွဲသေးတယ်ဆို... အဲ ခွေးလိုက်ဆွဲတာ ခံရသေးတယ်ဆို...
အခုတော့ သမိုင်း အုတ်ကျင်းနဲ့ အဝေးးးးးးးးးးးးးးးးးးကြီးကို သွားတော့မယ်ပေါ့...
အဲဒီမှာ သေနတ်မရှိဘူး... ဒီမိုကရေစီရှိတယ်
အဲဒီမှာ အချင်းချင်းလူမသတ်ဘူး... လွတ်လပ်မှုရှိတယ်
အဲဒီမှာ ထွက်ပြေးစရာမလိုဘူး... လူ့အခွင့်အရေးရှိတယ်...
အောင်မြင်ပါစေ...
ကျနော့်အတွက် မွေးနေ့လက်ဆောင် ပါလားဗျ။ ဆစ်ဒနီကနေ။ ခု လန်ဒန်ကလဲ ၀ယ်ခဲ့ဦး။
မပါလို့ကတော့ တမီးဗျိုနော်။ အဲ့ ဆရာမကြီး ကြိမ်လုံးတွေ့လား။ ပြီးတော့ ဒိုင်းဒိုင်းဖောက်ဖောက်ကို တွေ့လား။ နောက်ပြီး သေနတ်ဒင်ကို တွေ့လား။ အဲ့ဒါတွေ တစ်ခုမှ ကျနော့်မှာ မရှိဘူးလို့။ ခိခိ။ ဟီး။ =P
စပ်စုတတ်တာကို ဒီတော့ မျက်လုံးကိုထိတာနဲသေးတယ် ဟိုက သံချေးတွေ ခွာပေးနေတာကို သွားချောင်းရတယ်လို့ဗျာ...။
Post a Comment