အိမ်ဆိုတာဘာလဲလို့ မေးရလောက်အောင် အိမ်မမြဲခဲ့တာ......မိသားစုနဲ့ အမြဲဝေးကွာစေတာက ၁၆ နှစ်က စ ခဲ့သ လို ခုထိလည်းဝေးနေသေးတာ....မိသားစု နဲ့အတူ အမိမြေကိုခွဲခွာလို့ အလုပ်ရတဲ့ဒေသမှာတောင် အိမ်မှာမနေရ ပဲ ခရီးတွေပဲ သွားနေရတတ်တာ...ခြေထောက်မှာ ဗွေ ပါလားလို့မေးယူရလောက်အောင် အိမ်ဆိုတာကို မကပ်နိုင်ခဲ့ တာဟာ ကံတရားကြောင့်လို့ဆိုရမလောက် အိမ်မမြဲသူတစ်ယောက်ရဲ့ နိစ္စဓူဝတွေကလည်း တစ်မျိုးတစ်ဖုံ.......


၂၄ နာရီသာရှိတဲ့ နေ့တစ်နေ့ရဲ့ အချိန်နာရီတိုင်းမှာ နေရောင်ခြည်နုနုလေး ဖြာဆင်းကျလာတဲ့ နံနက်ခင်းဟာ တစ်နေ့တစ်ခါသာ ရှိတတ်ပေမယ့် မတူညီရဲ့ နိုင်ငံရဲ့ အချိန်မညီမျှမှုတွေကြောင့် နေထွက်တာ ၂ခါမြင်ဖူးသလို နေ့ရက်တွေလည်း ပျောက်ဆုံးဖူးပါရဲ့....

အချိန်တွေ ပျောက်ဆုံးဖူး သလို ၂၄ နာရီထက်ပိုတဲ့ နေ့ရက်တွေမှာလည်း အသက်ရှင်နေဖူးတယ် ။ လက်ရှိနိုင်ငံ ရဲ့ ပစ္စုပ္ပန် ညတွေမှာ အိပ်ဖို့ကြိုးစားခဲ့ရတော့ အခြေချတဲ့ ကန္တာရ ကိုပြန်ရောက်ချိန်တွေမှာ နေနဲ့ည မှားလို့ ညအိပ်ချိန်တွေဟာလည်း နိစ္စဓူဝထဲက လွဲချော်မှုလေးတွေ......

ကာလာမျိုးစုံ ဘာသာမျိုးစုံ ကြားမှာ လှုပ်ရှားနေရတဲ့ နေ့တဓူဝ လှုပ်ရှားမှုတိုင်းဟာ အမြဲတမ်း လှပ မနေသလို...

နိုင်ငံတကာရဲ့ တင်းကြပ်လွန်းတဲ့ ဥပဒေဘောင်တွေကြားမှာ ၀င်ခွင့်တန်းစီစောင့်ရတဲ့ လေဆိပ်တိုင်းမှာလည်း မလှပခဲ့ပါဘူး ။ မြန်မာနိုင်ငံသား တစ်ယောက်ရဲ့ အနီရောင် စာအုပ်လေးကို ဟိုတပြန် ဒီတပြန် ဟို လှန်ဒီလှန် လုပ်ပြီးတာတောင် နိုင်ငံကုတ်မသိလို့ ကိုယ့်ကျမှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရမှုတွေဟာလည်း နိစ္စဓူဝထဲက အံချော်မှုလေးတွေ.............


နောက်ဆုတ်ဖို့ကြိုးစားရင်းရှေ့တိုးမိ ဆိုတဲ့သီချင်လေးလို မလုပ်သင့်ပဲလုပ်နေမိတဲ့ အမှားတွေအတွက်လည်း သိသိကြီးနဲ့ ချိုမြိန်စွာ ဆက်လက်စားသုံးနေမိသေးတယ် ။ ဖြတ်လို့မရတဲ့ နှောင်ကြိုးတွေအတွက် ဘယ်လိုရက် စက်မှုတွေကို မွေးမြူလို့ ဘယ်လိုများ အဆုံးသတ်ရပါ့မလဲ ဆိုတဲ့ ရှိုက်သံရောတဲ့ အတွေးလေးတွေကို ရင်နင့်စွာ ပဲ အဖြေရှာနေတယ် ဆိုတာများ သူသိရင် ဒဿလို မိန်းမ လို့များ ထင်နေမလား ဆိုတဲ့ မလိုလားအပ်တဲ့ အတွေးတွေ ကို ရင်မှာပိုက်ရင်း ကုန်ဆုံးနေတဲ့ ၀ိုးတ၀ါးနေ့ရက်တွေကလည်း ဒုနဲ့ဒေး.......


ကိုယ်ကကျူးရင် ကိုယ့်ဒူးတောင် မယုံရတဲ့ လူလောကကြီးမှာ စိတ္တဝေဒနာရှင်တစ်ယောက်လို အချစ်စစ်ကိုရှာဖွေ နေမိသလို ...အစွဲအလမ်းကြီးတဲ့ ကိုယ်ရဲ့ညဉ်ကြောင့်ပဲ အိမ်ထောင်ကျကံမကောင်းဘူးဆိုတဲ့ ဗေဒင်ဆရာတိုင်း ရဲ့ဟောချက်တွေက ရင်ထဲမှာ သံမှိုရိုက်ခတ်ထားလေတော့ သူ့ကိုများ ယူလိုက်မိရင် ငါကံမကောင်းတော့ မှာလား ဆိုပြီး စွန့်လွှတ်မယ် ကြံမိပြန်တိုင်းလည်း အဲလိုစွန့်လွှတ်ပြီးနောက်တစ်ယောက်ကို ကိုရွေးမိတာကြောင့် ကံမကောင်းမှုကိုဖန်တီးမိတာလားဆိုတဲ့ စိတ္တစ အတွေးတွေနဲ့ နှုတ်မရတဲ့ အစွဲအလမ်းကြီးမှုတွေကြောင့် တစ်ယောက် ယောက်ကို ရွေးချယ်မယ် ကြံတိုင်းလည်း စိတ္တတွေက ၀င်ရောက်နှောက်ယှက်လို့ တွေဝေခဲ့ရတဲ့ နိစ္စ ဓူဝတွေနေ့ရက်တွေကလည်း မဆုံးနိုင်အောင်ရှိနေပြန်သေးတယ် ။


မရှိမကောင်း ရှိမကောင်း ၊ မပေါင်းလည်းခက်ပေါင်းလည်းခက် ဆိုတဲ့ စကားပုံထဲကနဲ့ ခပ်ဆင်ဆင်ပါပဲ.... တို့များကျတော့.......မရှိမဖြစ်တဲ့ အဲဒီငွေကြေးဆိုတာတွေက လူတွေကိုခိုင်းစေတတ်တော့ မရှိမကောင်း ရှိမကောင်းဆိုသလို ..........သိပ်ရှိလွန်းတဲ့သူတွေက လည်း ထိန်းချုပ်မှုမရှိတဲ့ မှားယွင်းစွာ သုံးဖြုန်းမှုတွေကြောင့် ဘ၀ပျက်ကြရတဲ့ ဖြစ်စဉ်တွေကလည်း မြင်ကြားနေရတဲ့ မရိုးနိုင်တဲ့ နိစ္စဓူဝဆိုရင်လည်း မမှားပြန်ပါဘူး

မရှိလို့ မလှူ ၊ မလှူလို့ မရှိ ဆိုတဲ့ စကားတော့ ကြားဖူးမိပါရဲ့ ။ ဒီလိုပါပဲ အဓိက က အဓိကပါပဲဆိုသလိုမျိုး ငွေမရှိတော့ မျက်မှာငယ်ကြတယ်..မိသားစုတွေနဲ့ ခွဲခွာကြလို့ တရပ်တကျေးမှာ ငွေရှာနေကြရတယ်။ မရှိလို့မလှူ ဆိုတာထက် မိသားစု အဆင်ပြေဖို့ ကိုယ်ပိုင် ခံစားမှုတွေ အသာ ထား လို့ ဒီငွေကိုပဲရအောင် ကြိုးစားရှာနေကြရတဲ့ ဘ၀တူ မိတ်ဆွေတွေကိုလည်း ကိုယ်ချင်းစာမိပါရဲ့...

အမိမြေနဲ့ဝေးရလို့ ရေမြေကိုလွမ်း နိုင်ငံကိုလည်းလွမ်းတယ် ။ မြန်မာဆိုတဲ့ အသံကြားတာနဲ့ပျော်ရွှင်ခဲ့ရသလို ဘန်ကောက်ဆိုတဲ့ ဖလိုက်ရတိုင်းလည်းပျော်ရွှင်ခဲ့ရဖူးတယ် ။ အမိမြေကိုကျော်ဖြတ်လို့ အမိနိုင်ငံနဲ့ကပ်လျှက် နိုင်ငံဖြစ်နေတာကြောင့် နေတတ်ရင်ပျော်စရာကြီးပါဆိုသလို နီးနီးလေးမှာ ကိုယ့်ချစ်တဲ့ အမိမြေရှိနေတယ်ဆိုတဲ့ အတွေးလေးကလည်း ဘန်ကောက်ရဲ့နားရက်တွေကို အဓိပ္ပယ်ရှိရှိ ဖြတ်သန်းစေခဲ့တဲ့ နိစ္စဓူဝထဲက ပျော်စရာ အပိုင်းအစလေးတွေပေါ့


၂၅ ထပ်မြောက်ကနေ ကြည့်ရတဲ့ ကနေဒါရဲ့ ညအလှက သိပ်ကိုလှပခဲ့တာပါ ။ မိုးထိမြင့်တဲ့ အပြိုင်အဆိုင် အဆောက်အဦးတွေကြားမှာ ထိန်ထိန်ငြီးနေတဲ့ မီးလုံးတွေကလည်း ကနေဒါရဲ့အလှကို ပိုမိုလို့ဝင့်ကြွားခဲ့တယ် ပေါ့ ။ ညရှုခင်းတွေကြားထဲက ရေလှိုင်းတွေရဲ့ ရိုက်ခတ်သံကို မကြားပါပဲ ခံစားနေရတယ် မကြည့်ပါပဲ မြင်နေရ သလို မနီးမဝေးလေးမှာ မှုံပျပျနဲ့လှနေလေရဲ့လေ ။ အဲဒီအချိန်မှာပဲ ရုတ်တရက်ဖြတ်သန်းသွားတဲ့ အစိမ်းရောင် ရထားလေးတစ်စီးကြောင့် ညရဲ့အလှဟာ လှုပ်လှုပ်ရွရွနဲ့ အသက်ဝင်နေခဲ့သေးတယ် ။ ပြတင်းနဘေးမှာ ကျော မှီထိုင်လို့ ဟိုးအဝေးကို ငေးရင်းတွေးနေတဲ့ ကျွန်မရဲ့ အတွေးတွေက ဘယ်လိုမှ ယှဉ်မရတဲ့ ရန်ကုန်ညကို ပဲ လွမ်းဆွတ်နေပါတယ်ပြောရင် ယုံနိုင်ကြပါ့မလား ။ အဲဒီလို အတွေးထဲက နိစ္စဓူဝတွေက ရေတွက်လို့မကုန်ရှိခဲ့ ပြန်သေးတယ် ။


အိမ်ပြန်ရောက်လို့ နှုတ်ဆက်မယ်ကြံတိုင်း တွေ့ရတတ်တဲ့ မျက်နှာတွေက မြန်မာမလေးတွေ မဟုတ်သလို အနားယူတော့မယ်ဆိုပြီး နားထောင်လိုက်တဲ့ မြန်မာသီချင်းတွေဟာလည်း အင်္ဂလိပ်ကော်ပီ သံစဉ်တွေကြောင့် တိုင်းတပါးသားတွေရဲ့ မူရင်းသီချင်းတွေကို လိုက်ဆိုနေမှုတွေဟာလည်း အောင့်သက်သက်နဲ့ အနေရ ခက်နေတဲ့ ကတ်သီးကတ်သတ် နိစ္စဓူဝနေ့ရက်တွေကို စိတ်ပျက်စွာ ဖြတ်သန်းခဲ့ရတာလည်း အကြိမ်ကြိမ်.......


နားရက်များလို့ ဘာလုပ်ရမှန်းမသိတဲ့ ကျွန်မကို လမ်းပြပေးတဲ့ နှင်းနဲ့မာယာ ဆိုတဲ့ ချစ်စရာ သူငယ်ချင်းမလေး ကြောင့် ဘလော့ခ် လောကထဲကို ပျော်ရွှင်စွာ ၀င်ရောက်မိခဲ့ပေမယ့် ပါရမီ မရှိတဲ့ စာအရေးအသားတွေကြောင့် ကိုယ့်ကိုယ်ကို အားမရလို့ စိတ်ပျက်ခဲ့ရသလို ...သူများတွေ ဘလော့ခ်လို သွားလည်တိုင်း ဖတ်လိုက်ရတဲ့ အရေး အသားကောင်းတဲ့ စာမူလေးတွေကြောင့်လည်း အားငယ်ခဲ့ဘူးပါတယ် ။ “ငါက စာပေဘက်မှာ ပါရမီ မပါလို့ပါ
လူတိုင်းစာရေးတတ်နေရင် အားလုံး ကမ္ဘာကျော် စာရေးဆရာတွေဖြစ်ကုန်တော့မှာပေါ့နော်“ လို့ကိုယ့်ကိုယ်ကို ကြံဖန်ပြီး အားပေးခဲ့ရတဲ့ နေ့ရက်တွေကလည်း နိစ္စဓူဝတွေထဲက ဟိုတစ ဒီတစ...............


ပျော်ရာမှာ မနေရ တော်ရာမှာနေရဆိုတဲ့ စကားဟာ ကျွန်မအတွက်များလားလို့ တွေးနေမိတတ်တဲ့ ယောင်ချာ ချာ နေ့ရက်တွေမှာလည်း မေမေနဲ့ဖေဖေ့ကိုလွမ်းနေရတဲ့ အလွမ်းနေ့ လ တွေကသိပ်ကိုရှည်လွန်းနေတော့ ဘယ်ဘ၀က ကံကြောင့်ပါလိမ့်လို့ ရိုးမယ်ဖွဲ့မိမတတ်ကို ရူးသွပ်စွာ အမေနဲ့ရွာကိုလွမ်းနေတာက နိစ္စဓူဝတွေထဲ က အဆိုးရွားဆုံး အပိုင်းအစတွေပေါ့ ။

နိစ္စဓူဝထဲမှာ ဆုတစ်ခုတောင်းပါ ဆိုရင်တော့ ကိုယ်ချစ်တဲ့မိသားစုနဲ့အတူ ဘ၀ ကိုပျော်ရွှင်စွာ ဖြတ်သန်းရပါလို ၏ လို့ ယောင်ယမ်းလို့ တမ်းတလိုက်ချင်ပါရဲ့.............

.........................................................................................................

နှင်းရေ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ ။ ခုမှ ကြွေးဆပ်ရလို့ ဆောရီးပါနော် ။ နိစ္စဓူဝထဲ က အပိုင်းအစ တစ်ချို့ကို အဆင်ပြေသလိုပဲ ရေးပေးလိုက်တယ်နော် ။ ပျော်ရွှင်ပါစေ သူငယ်ချင်းရေ.......

..........................................................................................................

10 comments:

pyae said...

သမီးပျိုရေ....
နိစ္စဓူဝထဲမှာ ပျော်ရွင်နိုင်ပါစေ။

လင်းကြယ်ဖြူ said...

နေ့တဒူဝ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..
ပျော်ပါစေသူငယ်ချင်း

နှင်းနဲ့မာယာ said...

သူငယ်ချင်းရေ
နင့်ရဲ့ ပျားရည်ဆမ်းထားတဲ့ ဒုက္ခလေးတွေ
လာကြည့်သွားတယ်...
မိသားစုနဲ့ဝေးနေပေမယ့် ပျော်စေချင်ပါတယ်...
ငါကတော့ အိမ်ကို လွမ်းချိန်မရှိအောင်
အလုပ်တွေ ရှုပ်နေတာ ဟဲဟဲ...
အချိန်ရတိုင်းတော့ စာရေးနော်...

ချစ်သူငယ်ချင်းလေး
နှင်း

ထင်လင်းအောင် said...

post လေးကို ဖတ်ရတာ..လွမ်းစရာလေးပဲ..
ကျနော်တော့ အမိမြေမှာပဲရှိနေဆဲဆိုတော့...သမီးပျိုလို
တော့..ခံစားချက်တွေမရှိသေးဘူးဗျ...

အိမ် said...

ဒီလိုပါပဲဗျာ... မဆင်မပြေမှုတွေကတော့ အသက်ရှင်နေသမျှ ကြုံနေရဦးမှာပါ။

ဖိုးစိန် said...

ယောင်ရမ်း တမ်းတမှုတွေ လက်တွေ့မှာ ဖြစ်လာပါစေဗျာ...

ကျနော်လဲမိသားစုနဲ့ တူတူနေချင်ပါတယ်...


ခုတော့လဲ

ခုတော့လဲ...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ဖတ်ရတာ လွမ်းဆွေးသွားတယ်.. ပိုစ့်လေးကောင်းတယ်

Vigor said...

Hi, reading your post, love it.

အမရာ said...

အဆင်ပြေပါစေနော်....

စိတ်စမ်းရေ said...

ကော်ပီသံစဉ်များကြောင့် ကျွန်တော်လဲ အောင့်သက်သက်ခံစားဖူးပါရဲ့.....း).

မြစ်ကျိုးအင်း said...

ပျော်ရာမနေရ တော်ရာနေဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာတော့ လူတိုင်းလိုလို အတွက်ဖြစ်လာ ပါပြီဗျာ

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။