မိသားစုလေးယောက်နဲ့ဖွဲ့စည်းထားတဲ့ အိမ်လေးမှာ မိစုကအငယ်ဆုံးဆိုတော့ အိမ်မှာဆိုးချင်တိုင်းဆိုးလို့ရတဲ့ အခွင့်အရေးရခဲ့တာပေါ့ ။ မိစုမှာ အကိုတစ်ယောက်ရှိတယ် ။ မိစုထက် ရှစ်နှစ်ကြီးတယ်ဆိုတော့ ကိုကိုက မိစုကို သိပ်ချစ်တယ်လေ ။ ဒါပေမဲ့ ကိုကိုက စနေသားဆိုတော့ စိတ်ကြီးတယ် ။ တစ်ခုခုဆို မိစုတော့ သိပ်ကြောက်တာ ပဲ။ ရိုက်ခံထိမှာစိုးလို့ပါ ။ ဒါပေမဲ့ မေမေကလေ “သားနော် ... ကြီးနိုင် ငယ်ညှဉ်းလုပ်တာ မေမေမကြိုက်ဘူး သားမကြိုက်တာရှိရင် မေမေ့ကိုပြော မေမေ ဆုံးမမယ် ကြားလား “ အဲလိုလေး ကိုကို့ကို သတိပေးထားတော့ ကိုကိုက မိစုကို မရိုက်ရဲပါဘူး ။ ပြောသာပြောတာ မိစုကသိပ်မဆိုးပါဘူး ။ ဖေဖေကဆို မိစုကိုသိပ်ချစ်တာပဲ ။


မိစုတို့အိမ်လေးမှာ ဖေဖေက ပန်းထိမ်လုပ်တယ် ။မေမေက ဈေးရောင်းတယ်လေ ။ စားနိုင်သောက်နိုင်ပေါ့ ။ မိစုတို့နေတာက တောမြို့လေးတစ်မြို့မှာပါ ။ သစ်သားအိမ် သေးသေးလေးနဲ့ နေ တယ်လေ။ သာမာန်မိသားစု တစ်စုပါပဲ ။ မိစုတို့က မချမ်းသာဘူးလေ ။ အခုဆို မိစုကိုးတန်းအောင်ပြီ ။ နွေရာသီ ကျောင်း ပိတ်ရက်ဖြစ်လို့ မိစုကာတွန်းစာအုပ်တစ်အုပ်နဲ့ ငြိမ့်နေတုန်း ဖေဖေက


“သမီး.....သမီးရေ............“
ဖေဖေ့ခေါ်သံကြောင့် ကာတွန်းစာအုပ်ကို ဘေးချကာ “ရှင် ဖေဖေ “ ဆိုပြီး ဖေဖေ့ဆီကို အပြေးသွားခဲ့တယ် ။

“ ကိုနိုင့်ကိုသမီးသိတယ်မလား “ လို့ဖေဖေကမေးတော့ “ ဟုတ် သိတယ်လေ ..ကားတွေနဲ့ စီးပွားဖြစ် နေတဲ့ ဦးကြီးမလား “


“အေး ဟုတ်တယ် ဟုတ်တယ် ။အဲဒါ သူဟိုနေ့က ကားတစ်စီးဝယ်ထားတာလေ ရန်ကုန်နဲ့ရွာကို ကားပြေးမ လို့တဲ့ အဲဒါ ခု နေ့ခင်းရန်ကုန်ကိုသွားမယ်တဲ့ လိုက်ချင်တဲ့သူ လိုက်ကြတဲ့ ဖေဖေတို့လိုက်သွားကြမလား။ ဟိုမှာ သမီးဦးလေးရှိတာပဲ အလည်သွားကြမလား “

“ဟယ် ရန်ကုန်ကိုလား ..လိုက်မယ်လိုက်မယ် မိစုငယ်ငယ်ကပဲ တစ်ခါရောက်ဖူးတာ မရောက်တာကြာပြီဆို တော့ သွားကြမယ်လေ “။

“ကဲ...ဒါဆိုလဲ အ၀တ်လေးဘာလေး ထည့်လေ ဖေဖေ့ဖို့ပါထည့်လိုက်နော်သမီး ဖေဖေအလုပ်ကိုသွားပြော လိုက်ဦးမယ်ကြားလား“

“ဟုတ်ဖေဖေ “

သိပ်မကြာပါဘူး မေမေနဲ့ကိုကို့ကို နှုတ်ဆက်ပြီး မိစုတို့သားအဖတွေ ရန်ကုန်ကို မမျှော်လင့်ပဲ ရောက်ခဲ့က်ြတယ် ။ ။ရန်ကုန်ရောက်တော့ လည်ကြပတ်ကြနဲ့ ပျော်စရာကြီး။ ရန်ကုန်ကဦးလေဆိုတာက ဖေဖေ့ညီပါ ။ သူက မိစုတို့ထက် ပိုက်ဆံချမ်းသာတယ်လေ ။ သူ့မှာလဲ မိန်းမနဲ့ကလေးနဲ့ဖြစ်နေပြီ ။ ဦးလေးက မိစုရဲ့ ပညာ ရေးကို စိုးရိမ်တယ်တဲ့ ။ တောမှာနေလို့ ၁၀ တန်းအောင်ပါ့မလားတဲ့ ။ရန်ကုန်မှာတက်ပါလားတဲ့။ ရန်ကုန်ဆို တာက အားလုံးဈေးတွေ ကြီးပါဘိသနဲ့။ ကျောင်းစရိတ်ဆိုလဲကြီးမှာပါပဲ။ ရန်ကုန်လိုနေရာမျိုးမှာ မိစုမိဘတွေ ဘယ်ထားနိုင်မှာလဲ အဲဒါမိစုသိတာပေါ့။


နောက်ဆုံးဦးလေးနဲ့ဖေဖေတိုင်ပင်ပြီး မိစုကို ရန်ကုန်မှာ ကျောင်းထားတော့မယ်တဲ့ ။ ကျောင်းစရိတ်ကို ဦးလေး ကထောက်ပံ့မှာပါ ။ ၀ိုင်းကျူရှင် လည်းတက်ရမယ်တဲ့ ။ မိစု ရွာပြန်လို့မရတော့ပါဘူး ။ ကျောင်းမဖွင့်ခင် ကျူရှင် တက်ရမှာဆိုတော့ မိစုဦးလေးအိမ်မှာ နေခဲ့ရတော့မှာပေါ့ ။ဝမ်းနည်းလိုက်တာ။ ဖေဖေနဲ့မေမေတို့နဲ့ခွဲရတော့ မယ်။ ကိုကိုနဲ့လည်းမနေရတော့ဘူး ။မိစုတစ်ယောက်တည်း ဒီအိမ်မှာကျန်ခဲ့ရမှာ စိတ်ညစ်လိုက်တာ ။ဦးလေး မိန်းမက မိစုကိုကြည်ဖြူပါ့မလား ။ ပြီးတော့ ဦးလေးသမီးတွေရဲ့အကြည့်တွေကို မိစုမကြိုက်ပါဘူး။ သူတို့ လောက်မချမ်းသာတော့ မိစုကိုနှိမ်တဲ့ အကြည့်တွေနဲ့ကြည့်ကြတယ် ။ မိစုသူတို့အိမ်မှာနေတာ ကြိုက်ပုံလဲမရ ဘူးလေ ။

မိစုဘာလုပ်ရမလဲ ။ ဖေဖေကိုအပူကပ်ကြည့်တော့ ဖေဖေက “ ဖေဖေပြန်လာခဲ့မယ်နော် သမီး ။ သမီးထင်ထား သလို မဟုတ်ပါဘူး ။ ဖေဖေနဲ့သမီးရဲ့ဦးနဲ့အားလုံး တိုင်ပင်ပြီးသား ။ ဖေဖေတို့ တစ်မိသားစုလုံး ရန်ကုန်ကို ပြောင်းလာခဲ့တဲ့ ။ သူကူညီမယ်တဲ့ ။ ဖေဖေ့ကို ကိုယ်ပိုင် ပန်းထိမ်ဆိုင်ဖွင့်ဖို့တောင် လိုအပ်တာတွေ စီစဉ်ပြီးပြီ ။ သမီးမေမေကတော့ ဈေးလေးဘာလေးရောင်းမှာပေါ့ ။ အခုဖေဖေ သူတို့ကိုသွားခေါ်ပြီးပြန်လာခဲ့မှာ ။ ဟုတ်ပြီ လား သမီး လိမ္မာတယ်နော်“။
“ ဟုတ် ဖေဖေ ဟုတ်“
“ဖေဖေ မြန်မြန် ပြန်လာခဲ့နော် ။သမီးတစ်ယောက်ထဲ အားငယ်တယ်“။
“အေးပါ သမီးရယ်....အေးပါ“ ။ “ ဖေဖေ အမြန်ဆုံးပြန်လာခဲ့မယ်နော် သိလား ။လိမ်လိမ်မာမာနေနော် သမီး“။
“ဟုတ်ကဲ့ပါ ဖေဖေ“ ။

ဖေဖေရဲ့ ကျောပြင်ကိုကြည့်ရင်း မိစုကျန်ခဲ့ရတယ် ။ အိမ်မှာ စိုးချင်တိုင်းစိုးလို့ရတဲ့ မိစု အခုတော့လည်း မျက်နှာ ငယ်လေးနဲ့ပါလား ။ ဘယ်တတ်နိုင်မလဲလေ။ ပညာရေးအတွက်ဆိုတော့လည်း မိစုလုပ်ရတော့မှာပေါ့ ။ ဦးလေး ရဲ့သမီးနှစ်ယောက်ကို တည့်အောင်ပေါင်းမယ် ။ ဦးလေးမိန်းမကို အိမ်အလုပ်တွေ ၀ိုင်းကူလုပ်ရင် မိစု အဆင် ပြေမှာပါ ။ ဒီလိုနဲ့ မိစုအဆင်ပြေအောင် နေနိုင်ခဲ့ပါတယ် ။ တစ်ခါတစ်ခါ ဦးလေးနောက်ကွယ်မှာ သူ့သမီးတွေ က နှိမ်တဲ့စကားတွေ ၊ ခနဲ့တဲ့ စကားတွေကို မချိပြုံး ပြုံးရင်းနဲ့ပေါ့ ။

ကြာလာတော့မိစု ၀မ်းနည်းလာတယ် ။အားငယ်လာတယ် ။ မိသားစုကို သတိရလိုက်တာ ။ မိစုအားကိုးတကြီး နဲ့ ဦးလေးကို မေးကြည့်တယ်။
“ဦးလေး...ဖေဖေတို့ဘယ်တော့ ပြန်လာမှာလဲ ဟင် “
“ပြန်လာတော့မှာပါ သမီးရဲ့ ။ ဟိုမှာအလုပ်တွေ လက်စသတ်စရာရှိတာတွေ ပြီးရင်လာမှာပေါ့“။
“သမီး ဖေဖေတို့ မရှိတော့ သိပ်အားငယ်တာပဲ ဦးရယ် မိစုငိုချင်လိုက်တာ“ လို့ပြောတော့ ဦးလေးက
“ဘာမှ အားငယ်စရာမရှိဘူး မိစုရယ် ။ ဦးတစ်ယောက်လုံးရှိတယ် ။ ဟုတ်ပြီလား “ တဲ့။

အိမ်တွင်းရေးကို မသိတဲ့ ဦးလေးက မိစုကို အားပေးရှာပါတယ် ။ တစ်နေကုန် ဦးလေးက အလုပ်မှာ ဆိုတော့ အိမ်အကြောင်းတွေ ဘယ်သိပ်သိမလဲလေ ။ ဦးလေး တစ်ယောက်ကလွဲရင် မိစုအပေါ်ဆက်ဆံရေးတွေက မ ပြေပြစ်တာ ဦးလေးမှ မသိဘဲ ။ အေးလေ စရိတ်ကြီးတဲ့ ရန်ကုန်လို နေရာမျိုးမှာ မိစုကို တင်ကြွေးထားရတော့ မ ကြည်ဖြူတာ သိပ်တော့လည်း မဆန်းပါဘူးလေ ။ ကျောင်းပါထားပေးရတော့ ပိုဆိုးတော့မပေါ့ ။ နားလည်ပါ တယ်လေ ။

မနက်ဖြန်ဆို မိစုတို့ကျောင်းတွေဖွင့်ပြီ ။မိစု ကျောင်းတက်ရတော့မယ် ။ ရွာက သူငယ်ချင်းတွေလည်း မရှိဘူး ။ တက်ရမယ့် ကျောင်းကလည်း ဘယ်နေရာမှာပါလိမ့် ။မိစုတစ်ခါမှမရောက်ဖူးဘူး ။ မနက်ဖြန် ၀ိုင်းကျူရှင် ကသူ ငယ်ချင်းအိမ်ကို အရင်သွားပြီးမှ သူနဲ့အတူသွားမယ် လို့ မိစုစိတ်ကူးနေတုန်း

“မိစုရေ...မိစု သမီးဖေဖေတို့ပြန်လာပြီဟေ့ “ ဆိုတဲ့ဦးလေးရဲ့ အော်သံကြောင့် မိစုအပြေးအလွှား အိမ်ရှေ့ ဘက်ပြေးထွက်လာခဲ့တယ် ။
“ ဟယ်...ဖေဖေ...မေမေ..ကိုကို အားလုံးလိုက်လာကြတာကိုး ။ ဟေး...ပျော်လိုက်တာ“

မိစုဝမ်းသာလွန်းလို့ မျက်ရည်တောင် လည်မိတယ်။ မိစုအားလုံးကို သိမ်းကျုံးဖက်ထားလိုက်တယ် ။ မိစု အား ငယ်ဝမ်းနည်းခဲ့ရတဲ့ရက်တွေက များခဲ့ပြီကိုး ။အခုတော့ ဒီဒုက္ခတွေက ကင်းလွတ်ခွင့်ရတော့မယ် ။မိစုသိပ်ပျော် တာပဲ ။ မနက်ဖြန် ဆိုမိစုက ကျောင်းစတက်ပြီ ။ ဖေဖေတို့ကတော့ အိမ်စပြောင်းပြီပေါ့ ။ မိစုတို့ ဘ၀ကို အစ ကပြန်စရပြီပေါ့ ။ မနက်ဖြန်ဆို မိစုတို့ငှားထားတဲ့ အိမ်မှာ နေရတော့မယ် ။ ငှားထားတဲ့အိမ်က ဈေးနဲ့နဲနဲတော့ အဝေးသား ။ ပြီးတော့ တစ်ခန်းတည်း ။ကျပ်တည်းလိုက်တာနော် ။ အင်း ရန်ကုန်ကိုး ။ အပေါ်ထပ်မှာက အိမ် ရှင်တွေနေတယ် ။ အောက်ထပ်မှာ မိစုတို့ကတစ်ခန်း ၊ဟိုဘက်မှာက တစ်ခန်း ။ တစ်ခန်းကို တစ်အိမ်လုပ်ပြီး နေရမှာပဲ ။ ဘာပဲဖြစ်ဖြစ်ပါ ကိုယ့်မိသားစု နဲ့နေရမှာပဲ မိစုပျော်ပါတယ် ။

မိစု ရေမိုးချိုး ကျောင်းစိမ်း တွေလဲပြီး ကျောင်းသွားဖို့ ပြင်ဆင်နေခဲ့တယ် ။ မေမေပြင်ပေးတဲ့ နံနက်စာကို စားရင်း မိစု ပထမဆုံးကျောင်းတက်ရမယ်ရက်ကို ရင်ခုန်နေမိတယ်။ နံနက်စာ စားအပြီး မေမေ့ကိုနှုတ်ဆက် ကာ မိစုသူငယ်ချင်းအိမ်ကို ဦးတည်လာခဲ့တယ် ။ မိစု ထွက်လာတော့ ဖေဖေက ရေအိမ်ဝင်နေလို့ နှုတ်မဆက် ခဲ့ရဘူး ။ကိုကိုကတော့ အိပ်တုန်း ။

နံနက်ခင်းရဲ့ သန့်ရှင်းလတ်ဆတ်တဲ့ လေပြေလေညှင်းလေးတွေကို ရှုရှိက်ရင်း တက်ကြွနေတဲ့ မိစု သူငယ်ချင်း အိမ်သို့ တန်းမတ်စွာ ချီတက်လာခဲ့တယ် ။ သူ့အိမ်ရောက်တော့

“ဟဲ့...သင်းသင်း မပြီးသေးဘူးလား “
“အေး ..ပြီးပြီ ..ပြီးပြီ ။မိစု လာလေ ခဏထိုင်ဦး ။မေမေ့ဆီ မုန့်ဖိုးတောင်းပြီးရင် ပြီးပါပြီ “။
“အေး...အေး ငါတို့နဲနဲတောင် နောက်ကျနေပြီဟာ မြန်မြန်လုပ်ပါဟဲ့ “ “ကျောင်းအသစ်ကို တက်ရတော့ နဲနဲ တော့ ရင်ခုန်နေတာဟဲ့ သိပြီလား “
“အေးပါဟယ် ..လာ..လာ သွားကြစို့ “
“မေမေရေ..သမီးတို့ လစ်ပြီဗျို့ “ လို့ မိသင်းက သူအမေကိုနှုတ်ဆက် အပြီး မိစုတို့ စကားတပြောပြောနဲ့ လမ်းလျှောက်လာလိုက်တာ ကျောင်းဘက်သွားမယ့် လမ်းကျိုးအရောက်

“ဟဲ့ မိသင်း ဟိုမှာ လူတွေအများကြီး ဘာလုပ်နေကြလဲ မသိဘူးသွားကြည့်ရအောင်လေ“ လို့ ပြောတော့

“ဟာ..နောက်ကျနေတာကို သိရဲ့သားနဲ့ စပ်စုချင်စိတ်ကလဲရှိသေး လာစမ်းပါ ကျောင်းရောက်အောင်သာ အမြန်လျှောက်စမ်းပါ စပ်စုစိန်ရယ် “

“အေးပါ ဟဲ့ နင်ကလည်းဒေါကြီးပဲ “

မိစုတို့ ကျောင်းရောက်တော့ နေရာတွေ ဦးကျတယ် ။တစ်ချို့တွေကတော့ သူငယ်ချင်းဟောင်းတွေ တွေ့လို့ နှုတ်ဆက်ကြ ပျော်ရွှင်ကြ ပေါ့ ။မိစုကတော့ ယောင်တောင်တောင် ။ မိစုမမှုပါဘူး။ နောက်တော့ နေသားတကျ သူငယ်ချင်းတွေ ရလာမှာပေါ့ ။ မုန့်စားကျောင်းဆင်းတော့ အခန်းထဲက အလျှိုလျှိုထွက်ကုန်ကျတယ် ။ အခန်း ထဲမှာ မိစု တစ်ယောက်တည်း ကျန်ခဲ့တာ ။ ကိုယ့်အကြောင်းနဲ့ကိုယ်လေ ။ ပထမ ဆုံးနေ့မို့ စာသိပ်မသင်ဖြစ် ပါဘူး ။ နေ့လယ် ၁၂ ကျော်ရင်ဆင်းတယ်လေ ။ နေ့လယ်ပိုင်းက မူလတန်းနဲ့ အလယ်တန်း တက်ရတယ်တဲ့။ မိစုတို့ ရွာမှာတော့ ညနေမှ အပြီးကျောင်းဆင်းတာ။ ဒီမှာက နေ့တစ်ဝက်တည်းတက်ရတယ်။

ကျောင်းဆင်းတော့ မိသင်းအမေလာကြိုနေတာတွေ့တယ် ။မိစုတွေးလိုက်မိတယ် ။၁၀ တန်းကျောင်းသူတစ် ယောက် ကိုလာကြိုနေတယ် ။ ရန်ကုန်ကလူတွေ တော်တော်ပိုကြပါလားလို့မိစုတွေးလိုက်မိတယ် ။ ဟိုဟိုဒီဒီ ဝေ့၀ဲကြည့်မိတော့ လူကြီးတွေ သိပ်တော့ မရှိကြပါဘူး ။ မိသင်းကံကောင်းတာပဲ သူ့အမေက သူ့ကိုအတော် ဂရုစိုက်ပုံရတယ် လို့တွေးနေတုန်း

“ သမီးကျောင်းတက်ရတာ အဆင်ပြေရဲ့လားကွယ့် “ မိသင်းအမေက မိစုကိုလည်းဂရုစိုက်သားပဲ။

“ဟုတ် အန်တီ အဆင်ပြေပါတယ် ။ ပထမဆုံးနေ့မို့ သူငယ်ချင်းသိပ်မရှိသေးတာပဲ ရှိပါတယ်“ ။

“အေးပါကွယ် နောက်တော့လည်း ရလာမှာပေါ့ ဟုတ်ဘူးလား“ မိသင်းအမေရဲ့ဂရုစိုက်မှုကြောင့် မိစုပျော်ခဲ့ရ ပါတယ် ။အခုလို မေမေအိမ်ပြောင်းရင်း အလှုပ်ရှုပ်နေချိန်မှာ မိစုကိုလည်း အားပေးရှာသားပဲ ။

“ဒါဆို အန်တီ သမီးအိမ်ပြန်တော့မယ်နော် ။ ကျူရှင်က တစ်နာရီမှ ဆိုတော့ မိစုထမင်းပြန်စားလိုက်ဦးမယ် ။“
ဝိုင်းကျူရှင်က မိသင်းတို့အိမ်မှာ သင်ဖြစ်တာပါ ။ အပေါ်ထပ် တစ်ထပ်လုံး အားနေတော့ အဆင်ပြေတယ် လေ။ မိစုတို့ ကျုရှင်က ၁၀ ယောက်ပဲရှိတယ်။ အားလုံးရန်ကုန်ကလူတွေချည်းပါပဲ ။ စာတော်ကြတယ် ။

“မိစုရယ် ဒီနေ့အိမ်မှာစားပါလား ။ပြီးတော့ တစ်ခါတည်း စာဆက်သင်လိုက်ပေါ့ ဟုတ်လား။ နေကလည်း ပူက ပူနဲ့ တစ်ခါတည်း အိမ်လိုက်ခဲ့နော် မိစု“ မိသင်းမေမေက မိစုကို အရမ်းဂရုစိုက်နေသလိုပဲ ။

“ရပါတယ် အန်တီရဲ့ မိစုလေ..ဒီနေ့ မိသားစုနဲ့ အတူတူ လက်ဆုံစားရမှာ ။မစားရတာ ကြာပြီအန်တီရဲ့“ ။

“အေး..အေး ဒါဆိုလဲ အန်တီလိုက်ခဲ့ပေးမယ်။ လာသမီး သင်းသင်း မေမေတို့ မိစုတို့အိမ်ကိုလိုက်သွားရ အောင် “ သင်းသင်းလဲ မယောင်မလည်နဲ့ မိစုတို့အိမ်ကိုလိုက်လာတယ် ။ အိမ်ရောက်တော့ ကိုကိုက အိမ်ရှေ့ မှာထိုင်လို့ ။“ ညီမလေးထမင်းစားပြီး ကျူရှင်သွားတော့ “ တဲ့ ။ ဖေဖေတို့ရောလို့မေးတော့ အပြင်သွားတယ် တဲ့ ။ မိစုလည်း ထမင်းစားပြီး အန်တီတို့နဲ့ ပြန်လိုက်သွားတယ် ။ မိစုစိတ်ထဲမှာ တစ်မျိုးကြီးပဲ ။ မိစုအတွေးလွန် တာနေမှာပါ ။ ထမင်းအတူမစားရလို့လျှောက်တွေးတာနေမှာ ။ မိစု စာသင်တဲ့ဆီကိုပဲ စိတ်နှစ်ထားလိုက်တယ်။ ညနေစာသင်ချိန်ပြီးလို့ မိစုအိမ်တန်းပြန်ခဲ့တယ်။

“ဟော မိစုပြန်လာပြီ “။ အိမ်ဝကဆီးကြိုနှုတ်ဆက်သူက ဖေဖေ့အစ်ကို ရဲ့အမျိုးသမီးပါ ။ “မိစု ပင်ပန်းလာတယ် ရေချိုးလိုက်ဦး ပြီးရင်အန်တီနဲ့ အပြင်လိုက်ခဲ့ ဟုတ်ပြီလား “ ။ “ဟုတ် အန်တီ “ ပဲပြောပြီး ရေချိုးပြီး အန်တီနဲ့ အ ပြင်လိုက်သွားပါတယ် ။ဘယ်သွားနေလဲ ဘာလုပ်ဖို့လဲ တွေမမေးတော့ပါဘူး ။ အကြောင်းရှိလို့ နေမှာပေါ့ ဆိုပြီး နောက်ကနေပဲလိုက်ခဲ့တာ ။ ကိုယ့်အတွေးနဲ့ကိုယ် ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ဘူး ။ သတိထားမိ တော့ ဒီလမ်းကို မိစုသိသလိုပဲ ။ဒါဆေးရုံသွားတဲ့လမ်း မဟုတ်လား ။

“အန်တီ..အန်တီ...အန်တီ “ အန်တီက မထူးပါဘူး ။မကြားတာလား မကြားချင်ဟန်ဆောင်တာလားတော့ မသိ ပါဘူး ။ အန်တီနောက်က အပြေးလိုက်ပြီး

“အန်တီ အခုဘယ်သွားနေတာလဲ ။ဘာလုပ်မလို့လဲ ။ မိစုကို နဲနဲတော့ ပြောဦးလေ “ လို့မေးတော့ အန်တီက မိစုကို တစ်ချက်ကြည့်တယ် ။ ပြီးတော့ မဖြေပါဘူး ။ ဘာလဲ မိစုကို ဘာလို့ အဲလို ကြည့်ရတာလဲ ။ အန်တီ့ အကြည့်က ဘယ်လို အကြည့်ကြီးလဲ ။မိစု နားမလည်နိုင်တော့ပါလား ။ဘာတွေ ဖြစ်ကုန်ပြီလဲ ။ ဘာမှစဉ်စားလို့ မရတော့ပါလား ။ ဘယ်လိုတွေဖြစ်ကုန်ကြတာလဲ ။ မိစုကိုခေါ်လာတော့ မိစုနဲ့ပတ်သတ်မှုတော့ရှိရမယ် ။ အို... ဘုရား ဘုရား နေ့လယ်ကတည်းက ဖေဖေနဲ့မေမေလည်း ရှိမနေကြဘူး ။သူတို့များ တစ်ခုခုဖြစ်နေကြသလား။ မဖြစ်နိုင်ပါဘူးလေ သူတို့လည်း နေကောင်းကြပါတယ် ။ တည့်တည့်လျှောက်နေရင်းက ဘယ်ဘက်ကိုရုတ်တ ရက်ချိုးကွေ့လိုက်လို့ မိစုလဲလိုက်အ၀င် အခန်းထဲမှာ

“ဟင်..ဖေဖေ“ ။ “ ဖေဖေဘာဖြစ်တာလဲ ။ဖေဖေဘယ်လိုဖြစ်တာလဲ ။ တစ်ကိုယ်လုံးလည်း ပတ်တီးတွေဖွေးလို့ ပါလား ။မျက်နှာတွေမှာလည်းသွေးတွေနဲ့ ဖေဖေ..ဖေဖေ စကားရောပြောနိုင်သေးရဲ့လား ဖေဖေရယ်“ ။

“မေမေ ...ဖေဖေဘာဖြစ်တာလဲ မိစုကိုပြောပါဦး ။ တစ်ကိုယ်လုံးလည်းသွေးတွေနဲ့ ပတ်တီးတွေနဲ့ မြင်လို့ကို မကောင်းတော့ဘူး ။ ဘာဖြစ်တာလဲ ဟင်မေမေ “ လို့မိစုက ရှိုက်ကြီးတငင်မေးတော့

“စိတ်အေးအေးထားပါ သမီးရယ် ။ ဖြစ်ချိန်တန်လို့ဖြစ်လာတာတွေ ပဲမဟုတ်လား ။အခု မေမေတို့လုပ်ရမှာက သမီးဖေဖေ့ကို ဂရုစိုက်ပြုစုရမယ် ။ပြီးတော့ မေမေတို့ရှေ့ဆက်ဘယ်လိုတွေ ဘ၀ခရီးကို လျှောက်လှမ်းကြမလဲ ဆိုတာတွေကို စဉ်းစားရမယ် သမီးရယ် ။ သမီးဖေဖေ ခုလိုဖြစ်သွားပြီဆိုတော့ မေမေတို့ပဲလှုပ်ရှားရတော့မယ်။ ပြီးတော့ ဆေးဖိုးစရိတ်တွေကလည်းရှိသေးတယ် မဟုတ်လား ။ ၀မ်းနည်းနေတာထက် မေမေတို့ ရင်ဆိုင်ဖို့ အားမွေးရမယ်နော် သမီး ။“

“ဟုတ်...မေမေ “ ။ ဖေဖေ့ကို ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ပတ်တီးတွေ ၀န်းရံလို့ နာကျင်ခြင်း ဝေဒနာကို အလူးအလဲ ခံစားနေရရှာတယ်။ ဖြစ်ရလေ ဖေဖေရယ် မိစုကိုသိပ်ချစ်တဲ့ ဖေဖေ တစ်ယောက် မုန့်ဖိုးပါမသွားတဲ့ မိစုကို လိုက်ပေးရင်းနဲ့မနက်စောစော စပယ်ယာတစ်ယောက်ရဲ့ မမောင်းတတ်ပါဘဲ ရမ်းကားစွာ မောင်းနှင် လိုက်တဲ့ကားတစ်စီးရဲ့အရှိန်ကြောင့် ဖေဖေလေ တစ်ကိုယ်လုံးလဲ ဒဏ်ရာတွေနဲ့ နံရိုးတွေလဲ ကျိုးလို့။ ဖေဖေ စီးလာတဲ့ စက်ဘီးကတော့ အရှိန်နဲ့အတိုက်ခံရအပြီး သစ်ပင်နဲ့ ၀င်ဆောင့်လို့ ရစရာမရှိအောင် ကိုပျက်ဆီး သွားခဲ့ပြီလေ ။ ဒီလောက်ဆို ဖေဖေ့ အတိုက်ခံလိုက်ရတဲ့ အရှိန်ကို သမီး ခန့်မှန်းလို့ရပါတယ် ။

ဒါကြောင့်ထင်တယ် မနက်က မိစုတို့ ကျောင်းသွားတဲ့လမ်းမှာ လူတွေဝိုင်းအုံကြည့်နေကြတာကိုး ။ သမီးက တော့ သူငယ်ချင်းနဲ့အတူ ပြုံးပျော်စွာ ကျောင်းသွားနေတဲ့အချိန်မှာ ဖေဖေကတော့ သွေးအိုင်ကြားမှာ အသက် လုနေရတာ သမီးမှမသိခဲ့တာ ။သမီးသိခဲ့ရင် ဖေဖေ့ကို ဘယ်ဒီလို ထားခဲ့မလဲ ။ မိစုကိုခွင့်လွှတ်ပါ ဖေဖေရယ် ။ သမီးကြောင့် ဖေဖေခုလို ဖြစ်ရတာပါ ။ မိစုမုန့်မစားရလို့ ဘာမှမဖြစ်ပါဘူး ။အခုတော့ အီး...ဟီး..ဟီး...။

မိစု ငိုနေတဲ့ အခန်းထောင့်လေးကို မေမေ ရောက်လာတယ် ။ “သမီး..အိမ်ပြန်တော့နော် ။စာကျက်ရဦးမယ် မ လား ။အန်တီ သမီးကို စောင့်ပေးလိမ့်မယ် ။သမီးကိုကိုလဲရှိတာပဲ ။အားမငယ်နဲ့နော် သမီး “ ။

“ကဲ..ကဲ ...သွားကြတော့ “ ။

“ဟုတ် မေမေ “ လို့ပြောပြီး အန်တီရယ် မိစုရယ် ကိုကိုရယ် အိမ်ပြန်ခဲ့ကြတယ် ။ အန်တီကတော့ အားပေးပါ တယ် ။ဒါပေမဲ့လေ မိစုတို့အိမ်ရဲ့အဓိကဖြစ်တဲ့ ဖေဖေခုလိုဖြစ်သွားတော့ မိစုတို့ဘာပဲပြောပြော အားငယ် တာပေါ့ ။ နောက်ဆက်တွဲ ပြသနာက စီးပွားရေးလေ ။ ဖေဖေခုလိုဖြစ်သွားတော့ ပန်းထိမ်ဆိုင်လည်း မဖွင့်တော့ ဘူး ။ ဦးလေးကလည်း မိစုရဲ့ ကျောင်းစရိတ်ပဲ ပေးမှာမဟုတ်လား ။အဲဒါတောင် သူ့မိန်းမကြည်ဖြူတာ မ ဟုတ်ဆိုတော့ တစ်ခုခုလုပ်ဖို့လိုအပ်နေပြီ ။ဖေဖေကဆေးရုံမှာ ဆေးဖိုးစရိတ်ကတော့ ရှိတာလေးတွေ ရောင်းချ ထားတာပဲ ။လောက်မှာပါ ။ ဖေဖေ ဆေးရုံက ဆင်းလာရင်လည်း ဘာမှလုပ်နိင်တော့မှာ မဟုတ်ဘူးဆိုတော့ ကိုကိုအလုပ်ရှာရပြီပေါ့ ။

လတ်တလော ပြသနာတွေကြောင့် ရရာအလုပ်ကို လုပ်ရတော့မှာပဲ ။ တစ်ခါမှ သူများလက်အောက်မှာမလုပ်ဖူး တဲ့ကိုကို ...လုပ်ငန်းမကျွမ်းကျင်မှုကြောင့် ဆိုင်ရှင်ရဲ့ ကြမ်းကြမ်းတမ်းတမ်းပြောဆို မှုကိုခံခဲ့ရတယ် ။ အလုပ်အတွေ့အကြုံမရှိတဲ့ကိုကိုက အောက်ခြေအဆင့်ဆိုတော့ လူတကာရဲ့ ခိုင်းဖတ်အဖြစ်နဲ့ ဘ၀ကိုအံကြိတ် ခံရင်း အိမ်ကိုလည်း ခံစားချက်တွေကို အသိမပေးခဲ့ဘူး ။ မိစုတို့ရွာမှာ ဈေးရောင်း စားတာအေးဆေးပါပဲ ။စား နိုင်သောက်နိုင်ပါတယ်။ ဖေဖေ ပန်းထိမ်လုပ်တဲ့ လခ တွေလည်းရတယ်လေ။ ကိုကိုက ဖေဖေ့ဆီက ပညာအ မွေကို ယူနေဆဲ မိစုပညာရေးကြောင့် ပြီးတော့ တစ်ရွာပြောင်းလို့ သူကောင်းများ ဖြစ်မလားဆိုပြီး ပြောင်းလာ လိုက်တာ မိစုတို့ ကံမကောင်းခဲ့ပါဘူး ။ဖြစ်သမျှအကြောင်းအကောင်းကြီးပဲ မဟုတ်ပေမဲ့ ရင်ဆိုင်ရုံမှ တစ်ပါး ဘာများလုပ် နိုင်မှာမို့လဲ။

နောက်တစ်လ လောက်ကြာတော့ ဖေဖေဆေးရုံက ဆင်းရတယ် ။နံရိုးကျိုးထားတော့ အလေးအပင်လဲ မ.လို့မ ရဘူးလေ ။ ဒဏ်ရာတွေကတော့ ကောင်းစပြုလာပါပြီ ။ ဖေဖေလဲ မိသားစုအတွက် အတော်လေး စိတ်မကောင်း ဖြစ်နေတယ်။ ပြောင်းလဲသွားတဲ့ ကံကြမ္မာကြောင့် ခံစားနေရတဲ့ ခါးသီးမှုတွေကို ဖေဖေမြင်နေရတာကိုး ။ ပါလာ သမျှတွေလဲ ဆေးဖိုးရှင်းလိုက်ရလို့ကုန်ပြီလေ ။ မေမေဈေးရောင်းဖို့အရင်းအနှီးတောင် မရှိတော့ပါဘူး ။ ကိုကို့ လုပ်အားခ ကလည်း မိသားစုစားဝတ်နေရေးအတွက် မနည်းခြိုးခြံစားတာတောင် သိပ်မလောက်ချင်ပါဘူး ။

နောက်ဆုံး ဖေဖေ့အစ်ကို့ဆီက ပိုက်ဆံနည်းနည်းချေးပြီး လမ်းထိပ်မှာ မေမေမုန့်ဟင်းခါးရောင်းဖို့စီစဉ်ရတယ် အိုးခွက် ပန်းကန်တွေက အစ ၀ယ်ရတော့ ချေးသမျှပိုက်ဆံကုန်လုနီးပါးပေါ့ ။ဒီလိုနဲ့ မေမေက လမ်းထိပ် က မုန့်ဟင်းခါးသည်ဖြစ်သွားတယ်။ ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ တတ်တယ်ဆိုတာ မိစုယုံသွားတယ် ။ တစ်နေ့တစ်နေ့ စားစရိတ်တွေ အိမ်လခ တွေ အလျှင်မီအောင် ပေးနိုင်ဖို့မေမေရောင်းတဲ့ မုန့်ဟင်းခါး အမြတ် ကမလုံလောက်ခဲ့ပါဘူး ။ နာမည်ရပြီးသား မုန့်ဟင်းခါးသည်တွေ ကြားမှာ မေမေ့ မုန့်ဟင်းခါးကို အားပေးမယ့် သူ နည်းပါတယ်။

မေမေချက်တဲ့ မုန့်ဟင်းခါးက ရန်ကုန်သူတွေချက်တဲ့ မုန့်ဟင်းခါးနဲ့မတူပါဘူး ။ ဟင်္သာတ မုန့်ဟင်းခါး ပါ ။ တကယ် အရသာရှိပါတယ် ။ မေမေဟာ သဘောကောင်းတယ် ။ စေတနာပါတယ် ။ ဖော်ရွေတယ် ။ ဒါပေမယ့် ကံမကောင်း အကြောင်းမလှတော့ မုန့်ဟင်းခါးသည် အဖြစ်က စွန့်လွှတ်ခဲ့ရတယ် ။ အကြောင်းကတော့ လုံး ပါးပါးရင်း အရှုံးတွေကြားမှာ ကြာရှည်မရပ်နိုင်တော့တာပါ ။ မေမေလေ မိစုတို့ကွယ်ရာမှာ ပုန်းပုန်းပြီးငိုနေတာ မိစုတွေ့တယ် ။ ကိုကိုလဲစိတ်ညစ်တာ မိစုသိတာပေါ့ ။ လကုန်ခါနီးဆိုရင်လေ အိမ်လခ ပေးဖို့မရှိလို့ မိစုဆီက လက်စွပ်လေး တောင်းသွားသေးတယ် ။ ရောင်းလိုက်ရမှာပေါ့ ။မိစု သိပါတယ် ။ မိစုရေအိမ်ထဲမှာ တိတ်တိတ်လေးကြိတ်ငိုခဲ့တာ မေမေသိပေမယ့် မသိချင်ယောင်ဆောင်နေရတဲ့ အခြေအနေမျိုးဖြစ်ခဲ့တာ။

ဆယ်တန်းကျောင်းသားတစ်ယောက် ဆိုတာ အထက်တန်းမှာ အရေးအကြီးဆုံး မဟုတ်လား။ အင်နဲ့အား နဲ့ကြိုးစားနိုင်မှ တစ်နေ့စာကို တစ်နေ့ မှန်မှန်ကျက်မှတ်နိုင်မှ တော်ကာကျတာမလား။ အဲဒီအချိန်မျိုးမှာ မိစု ခံစားနေရတဲ့ အားငယ်မှုတွေ ကျပ်တည်းနေတဲ့ မိစုတို့အိမ်ရဲ့စီးပွားရေးအခြေအနေတွေ သိပ်ကိုခါးသီးလွန်းပါ တယ် ။ ဒီအချိန်မှာ မိစုဘာမှ အကူညီနိုင်ခဲ့ဘူး ။ ကိုယ်အဆင်မပြေတိုင်း သူများကို အပူကပ်ရတာလည်း မျက် နှာပူလှပါပြီ ။လကုန်တိုင်း ဦးလေးဆီက ကျောင်းလခကို မျက်နှာငယ်စွာ တောင်းရင်း ဦးလေးမိန်းမနဲ့ သူ့သမီး တွေရဲ့ အမြင်မကြည်မှုကိုလည်း မိစု မခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် မိစုငုံ့ခံရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူး ။ အ ခြေအနေက ဖန်လာခဲ့ပြီကိုး ။

တစ်နေ့တော့ မေမေ ကန်စွန်းရွက်တွေ ၀ယ်လာတာတွေ့တယ် ။ပြီးတော့ မုန်လာဥ လေးတွေ ။ စနွမ်းတက် တွေရော စုံလို့ပါပဲ ။ “ ဒီလောက်အများကြီး မေမေ ဘာလုပ်ဖို့လဲ“ လို့မိစုမေးတော့ မေမေက ဖြေတယ်

“သမီး... မေမေလေ သမီးတို့ကိုချဉ်ပတ်ထည့်ပြီး ရောင်းကြွေးမယ်တဲ့“ လေ ။ဖြစ်မှဖြစ်ရလေ မေမေရယ် ။ အရင်းမရှိတဲ့ မေမေ အရင်းအနှီးနည်းတဲ့ အရွက်တွေဝယ်ရင်း ချည်ပတ်ရောင်းကြွေးဦးမလို့တဲ့လား ။ “သူများတွေကိုလည်း ဒုက္ခမပေးချင်တော့ပါဘူး သမီးရယ် “တဲ့ ။

“မေမေသမီးတို့ကို မငတ်အောင်တော့ ကြွေးသွားနိုင်ပါတယ်“တဲ့လေ ။ မိစုတို့ရဲ့ ထမင်းဝိုင်းက ဟင်းဟာ နေ့တိုင်းတူညီနေတတ်ပါတယ် ။ ခရမ်းချဉ် သီးကို ငါးပိနဲ့ရောရင်း ငြုတ်သီးနဲ့ရောမွှေထားတဲ့ ဟင်းကို မိစုတို့ သရက်သီးစိမ်းလေး အတို့လုပ်လို့ မိစုမေ မေ ရောင်းတဲ့ ချဉ်ပတ်ကို အဖော်လုပ်ပြီး စားခဲ့ရတယ် ။

တစ်ခါတစ်လေများ ချဉ်ပတ်ရောင်းကောင်းတဲ့ နေ့များ ဆိုရင်လေ မေမေက ခရမ်းသီးတွေပ်ါလာတတ်တယ် ။ခရမ်းသီးနှပ် ချက်တဲ့နေ့ဟာ မိစုတို့အိမ်မှာ ဟင်း ကောင်းချက်တဲ့နေ့ပါ ။ အဲဒီနေ့ဆို မိစုသိပ်ပျော်တာပဲ ။ ဟင်းပြောင်းပြီး စားရလို့ပါ ။ မိစုတို့အိမ်က ငါးပိဖုတ် ပြီဆိုရင် ဘေးအခန်းက အိမ်ငှားတွေက လည်း သိပ်ပြောတာပဲ ။အနံ့ထွက်တယ်တဲ့ ။အဲဒါကြောင့် မိစုမေမေ က ခရမ်းချဉ်သီးနဲ့ ငါးပိနဲ့ရောမွှေထားတဲ့ဟင်းကို တစ်ခါချက်ရင် အများကြီး ချက်ထားလေ့ ရှိတယ်လေ။

တူညီတဲ့ဟင်းတစ်မျိုးတည်းကို ရက်ပေါင်းများစွာ စားရင်း ၊ ငွေမရှိလို့မျက်နှာငယ်ရတဲ့ မိစုတို့ဘ၀ ဘာများ ဆက်ဖြစ်ဦးမှာလဲ ။ ဒုက္ခတွေကို ခံစားရလွန်းတဲ့မေမေလဲ အသက်ကြီးပါပြီ ။ မိစုဆယ်တန်းအောင် ရင်လေ မေမေ့ကို ချဉ်ပတ်ရောင်းတဲ့ဘ၀ကလွတ်အောင် မိစုကြိုးစားမယ် ။ မေမေ့လို မိခင်ကောင်းတစ်ယောက်ရဲ့ ဘ၀ကို ကြံ့ကြံ့ခံနိုင်တဲ့စိတ်ဓါတ်မျိုး မိစု မွေးမယ် ။ ပြီးတော့ နေမကောင်းလို့အလုပ်လုပ်မလုပ်နိုင်တဲ့ဖေဖေ့ကို အား မငယ်အောင် မိစုအလုပ်လုပ်ရင်း အားပေးသွားမယ် ။ကိုကိုလည်း ကြာလာရင် အလုပ်အတွေ့အကြုံတွေ ရှိပြီးဖြစ်လို့ အလုပ်တစ်နေရာ ကောင်းကောင်းတော့ ရဦးမှာပါ ။

အဲဒီအတွေးစိတ်ကူးတွေ နဲ့မိစု စာကျက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ ။ဖေဖေကတော့ ကုလားထိုင်ပေါ်မှာ ခပ်ငေး ငေးလေး ။ မေမေ့ကို ကြည့်လိုက်တော့ မီးပျက်ညမှာ ဖယောင်းတိုင်လေး ထွန်းရင်း ကန်စွန်းညွန့်လေးတွေ တ ကုပ်ကုပ်နဲ့ထွင်လို့ ချဉ်ပတ်ထည့်ဖို့ ပြင်ဆင်နေလေရဲ့ ။ကိုကိုတစ်ယောက်တော့ တစ်နေကုန် ပင်ပန်းလွန်းလို့ အိပ်ပျော်နေပြီ။

မိစုတစ်ယောက်ကတော့ အတွေးကမ္ဘာထဲမှာ စီးမျောရင်း စာတွေက ပေါ်လာလိုက် ပျောက်သွားလိုက်..........

15 comments:

ချမ်းလင်းနေ said...

လူအမျိုးမျိုးဘဝအဖုံဖုံပါလေ။အတော်ကောင်းတဲ့အရေးအသားပဲဗျို့။အရေးအသားရှင်းတယ်။ ဇာတ်အိမ်တည်တာလေးသဘောကျတယ်။ ကြိုးစားညီမရေ။ပထမဆုံးရေးတာလို့ဆိုပေမယ့်
စာဖတ်ဝါရင့်နေတာတွေ့ရတယ်။

နှင်းနဲ့မာယာ said...

သနားစရာ စိတ်မကောင်းစရာလေး...
ဆက်ရေးလေ နော်...
ဆက်ရန်ရှိသေးလားဟင်...

ဇော်ထက် said...

ဖတ်ရတာစိတ်မကောင်းစရာပါပဲဗျာ။ စာအရေးအသားတ
ကယ်ကောင်းပါတယ်။ စာရေးဆရာမလုပ်စာပါလား။
အဟဲနောက်တာနော်။ ဆက်ရေးပါဦးမျှော်နေပါမယ်။

ဇော် said...

တမီးဗျိုရဲ့ ရေးခဲ့သမျှတွေထဲမှာ ဒီပိုစ့်ကတော့
အတော်ကို ရင်ထဲကို ထိစေပါတယ်။
သမီးပျိုရဲ့ ကိုယ်တွေ့ ဟုတ်မဟုတ် မသေချာပေမယ့် ရေးထားတာ သိပ်ညက်လွန်းလို့ အလုပ်နောက်ကျသွားတယ်ဗျ။ ဟွန်း။ =(

kyalkalay said...

ဒါမျိုးတွေ ဖတ်ရင် ရင်ဘတ် နဲ့ဖတ်တာ
မျက်လုံး က မျက်ရည်တွေ ဝဲလို့

တဘဝလုံး မျက်ရည် က အဖော်လေ

သမီးပျို said...

ဖြစ်ပျက်ခဲ့သမျှတွေဟာ သိပ်ကိုခါးသီးခဲ့တာပါ ကျခဲ့ရတဲ့မျက်ရည်တစ်ပေါက် ချင်းဟာ ရင်ထဲက ထိရှစွာ ထွက်ပေါ်လာတဲ့ သွေးစက်တွေလိုပါပဲ တကယ်တန်း ခံစားခဲ့ရတဲ့နေ့ရက်တွေတိုင်းဟာ တကယ့်ငရဲတွေပါပဲ ၁၆ နှစ်သမီးတစ်ယောက် ရဲ့ခံစားချက်ဟာ သိပ်ကိုနာကျင်ခဲ့ရတာပါ တစ်နေ့ထက်တစ်နေ့ဆိုးလို့သာ လာတဲ့ အခြေအနေတွေကြောင့် ဘယ်လိုအခက်အခဲတွေများ တွေ့ဦးမှာပါလိမ့် ဆိုတဲ့ ကြောက်ရွံ့ခြင်း မနက်ဖြန်တွေကို မရဲတရဲ ရင်ဆိုင်ခဲ့ရတာပါ မိစုနဲ့ထပ် တူခံစားပေးလို့အားလုံးကို ကျေးဇူးတင်ကြောင်းပြောပါရစေ

လင်းကြယ်ဖြူ said...

လောကဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်တတ်တဲ့ မိသားစုလေးအကြောင်းကို ဖတ်ရတာ ခံစားမှုတစ်ခုကို
မြင်တ္ဂေ့လိုက်ရပါတယ်...
စာရေးကောင်းတယ်နော်...

ဂျပန်ကောင်လေး said...

လေယာဉ်မယ်တစ်ယောက်ဖြစ်တဲ့ သမီးပျိုလေးရဲ့ ဖြစ်ရပ်မှန်လို့တော့ မထင်မိဘူး.. ဖြစ်ရပ်မှန်ပဲဖြစ်ဖြစ် ခံစားချက်နဲ့ရေးဖွဲ့တဲ့စာပဲဖြစ်ဖြစ် အရမ်းကိုဖတ်လို့ ကောင်းတဲ့စာတစ်ပုဒ်ပါ... ဒီလိုမျိုး လောကဓံကို ခါးစည်းခံရတဲ့ လူတွေ ဘယ်လောက်တောင်ရှိမလဲ ဆိုတာမသိရပေမယ့် အဲဒီလို လူတန်းစားဘ၀ကို အရမ်းစိတ်ဝင်စားမိတယ်.. အရမ်းလည်း အားပေးချင်မိတယ်.. သမီးပျိုရေ..နောင်လည်းဒီလို ရသလေးတွေကို ဆက်ရေးစေချင်ပါတယ်.. နော်...း)

ကိုလူထွေး said...

တော်သေးတာပေါ့ ကံသီလို့ မသေကောင်းမပျောက်ကောင်း... အခုရော သမီးပြိုရဲ့ ဖေဖေ ဘယ်လိုနေသေးလဲ...

စကားမစပ် သမီးပျိုဆိုတာ ဆိုင်ကယ်ဆီးပြီး ခွေးလိုက်ဆွဲတဲ့ တယောက်မဟုတ်လား.. ပျောက်သွားတာကြာတော့ မေ့တွားဘီ...း)

နာမည်ပြောင်းမယ်ဆိုရင်တော့...
ယပင့်ကမကောင်းဘူး... သူများကို ပင့်ရမရဖားရတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါက်တယ်၊
ရရစ်နဲ့ ဆိုရင်တော့ ကိုယ်ကတောင် သူများကို ရစ်ခွင့်ရှိတဲ့သူ ဖြစ်သွားရော.. ဒါကြောင့် ဒီနေ့ကစပြီး ရရစ်နဲ့ ပြိုတဲ့...

"သမီးပြို" လို့နာမည်ပေးလိုက်ပြီ...

ပုံ
ဝေဒသူဌေး ကိုလူထွေး

မငုံ said...

ဘွားပျိုလေး အရောက်နောက်ကျလို့ sorry နော်။ အချိန်ပေးပြီးရေးထားတဲ့ ဒီဝတ္ဘုလေးကို သေချာဖတ်သွားတယ်။ ကောင်းတယ်။ ဆက်ပြီး ရေးပါဦးလို့နော့။ ဒီတခါ အလွမ်းမရေးနဲ့။ပျော်စရာရေးပေးပါနော်။

ဖိုးစိန် said...

ပျိုပျိုရေးးးးး


နက်မကောင်းတော့ ဖတ်ပေးမယ် မန့် လို့မရဘူးလေးးး


မနက်က ပျိုပျိုခေါ်နေတာ ပြန်ဖြေပေမယ့် နက်ကမတက်ဘူးဖြစ်နေတာ


ကဲပိုစ့်နဲ့ဆိုင်တာကိုမန့် မယ်



ဖတ်တယ် စိတ်ဝင်တစားနဲ့ကိုဖတ်တယ်

စာကဆွဲခေါ်သွားတယ်...

ရင်ထဲမှာ နင့်နေတာပဲ

လွမ်းတတ်တဲ့သူတစ်ယောက်အတွက် လွမ်းရတာမျက်ရည်ပါတယ်...


ပြချင်တဲ့ လူတန်းစားဘဝတစ်ခုကို ချပြထားတာမြင်သာတယ်... စိတ်မကောင်းဖြစ်အောင်ရေးနိုင်တယ်...


ဖတ်ရတာသဘောကျတယ်းးး ပျိုပျိုရေးးးး


ရန်ကုန်မှာကုန်ကြမ်းရှာခဲ့တယ်နဲ့တူတယ်....


အရေးအသားတွေထိတယ်


ချစ်ခင်စွာဖြင့်

အထောင်

သီဟသစ် said...

ပျိုပျိုရေ

လက်တွေတက်လာလိုက်တာ
မနားတမ်းဒေါက်လျှောက်ကို ဆွဲခေါ်သွားတာပဲ

မိစုလေးဘ၀ အဆင်ပြေသွားပါစေလို့

ခင်မင်စွာဖြင့်
သီဟသစ်

မေလေး said...

တမီးပျို
တော်လိုက်တာ။မိစုကိုဖတ်လိုက်တာ နာ့လုပ်ရမဲ့ အလုပ်တွေနောက်ကျကုန်ပြီ။ ဆက်ရန်ရှိတယ်ဟုတ်။ မြန်မြန်ဆက်ပါအေ့။

Angel Shaper said...

မပျိုရေ... ဖတ်လို့ ကောင်းလိုက်တာ။ စိတ်ဝင်စားနေပါတယ်ဆို ငဇော်က လိုက်နှောင့်ယှက်နေလေရဲ့။ ပထမဆုံး လက်သံလေးပြောင်ပါ့။ နောက်ထပ်ဆက်ရန်လေးတွေမျှော်နေတယ်နော်။ ပျော်ရွှင်ပါစေ မမပျို.......

မြစ်ကျိုးအင်း said...

ဘ၀ရဲ့ရိုက်ချက်ပြင်းပြင်းတွေ ခံစားခဲ့ရတာကိုး
ရုန်းကန်ပြီးအောင်မြင်တဲ့ဘ၀တွေက ပိုတန်ဖိုးရှိပါတယ်လေ...။
ကားတိုက်ခံရတဲ့ အခန်းရောက်တော့ သေသွားမှာလား
စိုးရိမ်ခဲ့မိသေးတယ်....မိသားစုရဲ့ တန်းဖိုးအကြီးဆုံး အရာလေး မပျောက်သွားလို့ သက်မ ချလိုက်မိပါတယ်
စာအရေးအသား ကောင်းပါတယ် ကြိုးစာပါနော်..။

ဆက်ရန်များရှိသေးလားတွေးမိသေးတယ် ...။

မှလာရောက်လည်ပတ်သောသူငယ်ချင်းကို သမီးပျို မှ လှိုက်လှဲစွာကြိုဆိုပါတယ်ရှင် ။ နောက်တစ်ခေါက် ပြန်လည်လာရောက်လည်ပတ် ဖို့  ဖိတ်ခေါ်ပါတယ် ရှင် ။